ထာ၀ရအတွက် ဆုံးဖြတ်ချက်အရေးကြီး။
ယနေ့ ကမ္ဘာကြီးသည် မကြုံစဖူး ထူးခြားသော ပျက်စီးခြင်းနှင့် ရှုပ်ထွေးမှုများကြားတွင် ရောက်ရှိနေပါသည်။ ၂၀၂၆ ခုနှစ်သို့ ရောက်ရှိလာသော်လည်း ဆူဒန်၊ ဂါဇာ၊ ယူကရိန်းနှင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာသည် ငတ်မွတ်ခေါင်းပါးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနှင့် အကြမ်းဖက်မှုဘေးဒဏ်များကို ရင်
ဆိုင်နေရပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသော ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပြင်းထန်သော ငလျင်ဘေးများသည် လူသားတို့၏ လုံခြုံမှုကို ခြိမ်းခြောက်နေသကဲ့သို့၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စီးပွားရေး မတည်ငြိမ်မှုများကလည်း နိုင်ငံတိုင်းကို ရိုက်ခတ်နေပါသည်။ ဤအခြေအနေများသည် တတိယကမ္ဘာစစ်၏ အရိပ်အယောင်များ ဖြစ်နေပြီး၊ မထိန်းသိမ်းနိုင်ပါက ကမ္ဘာပျက်ကပ်သို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ရှိနေပါသည်။ ဤအရာအားလုံးသည် သမ္မာကျမ်းစာတွင် ကြိုတင်ဗျာဒိတ်ပေးထားသော "နောက်ဆုံးသောကာလ" ၏ နိမိတ်လက္ခဏာများနှင့် တထပ်တည်းကျနေပါသည်။
၁။ ကျမ်းစာလာ နိမိတ်လက္ခဏာများနှင့် လက်ရှိအခြေအနေ
သခင်ယေရှုခရစ်တော်သည် နောက်ဆုံးသောကာလနှင့် ပတ်သက်၍ မဿဲခရစ်ဝင် ၂၄:၆-၈ တွင် ဤသို့ သတိပေးခဲ့ပါသည်။
"သင်တို့သည် စစ်တိုက်ခြင်းအသံကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်... လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ နာအဖျားထူပြောခြင်း၊ မြေငလျင်လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဆင်းရဲခြင်း၏ အစအဦးဖြစ်သတ္တည်း။"
ယနေ့ကျွန်ုပ်တို့ မြင်တွေ့နေရသည့် ကူးစက်ရောဂါအသစ်အဆန်းများ၊ ဆူဒန်နှင့် ချဒ်နိုင်ငံတို့တွင် ဖြစ်ပွားနေသော ကပ်ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များသည် ဤကျမ်းစကားများ ပြည့်စုံနေခြင်းပင် ဖြစ်သည်။ လုကာခရစ်ဝင် ၂၁:၁၁ တွင်လည်း ကြောက်မက်ဖွယ်ရာ နိမိတ်လက္ခဏာများ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ပေါ်လာမည်ဟု ဆိုထားပါသည်။
၂။ လူ့အကျင့်စရိုက် ပျက်ပြားလာခြင်း
ဘေးဒဏ်များထက် ပို၍ကြောက်စရာကောင်းသည်မှာ လူတို့၏ စိတ်နှလုံး ပျက်စီးလာခြင်းပင် ဖြစ်သည်။ တမန်တော်ပေါလုက ၂ တိမောသေ ၃:၁-၄ တွင် ဤသို့ ရေးသားခဲ့သည်-
"နောင်ဆုံးသောနေ့ရက်တို့၌ ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊... ကျေးဇူးမသိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊... ကိုယ်ကိုကိုယ်မချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊... ဘုရားသခင်ကိုချစ်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍ချစ်သောသူ ဖြစ်ကြလိမ့်မည်။"
ယနေ့ခေတ် စစ်ပွဲများတွင် အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လူတို့၏ ကြမ်းကြုတ်ရက်စက်မှုကို သက်သေပြနေပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၆ ပါ တံဆိပ်ခွေများ ပွင့်လာချိန်တွင် ဖြစ်ပေါ်မည့် စစ်ပွဲ၊ ငတ်မွတ်ခြင်းနှင့် သေခြင်းတရားများသည် ကျွန်ုပ်တို့အနီးအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၃။ ယခုပင် နောင်တရရန် ဆုံးဖြတ်ချက်ချပါ
ဤနိမိတ်လက္ခဏာများသည် ကျွန်ုပ်တို့ကို ထိတ်လန့်စေရန် မဟုတ်ဘဲ၊ ဝိညာဉ်ရေးရာ နိုးကြားစေရန် ဘုရားသခင် ပေးထားသော သတိပေးချက်များ ဖြစ်ပါသည်။
- နောင်တရစရာရှိလျှင် ယခုပင် နောင်တရပါ။
- ခရစ်တော်ယေရှုကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံရန် အချိန်သည် ယခုပင် ဖြစ်ပါသည်။
ရောမဩဝါဒစာ ၁၀:၉ တွင် ကယ်တင်ခြင်းတံခါးကို ဤသို့ ဖွင့်ပြထားပါသည်-
"သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။"
လောကကြီးသည် မရေရာသော်လည်း ဘုရားသခင်၏ ကတိတော်သည်သာ တည်မြဲပါသည်။ နောက်ကျမှ နောင်တရခြင်းသည် အကျိုးမရှိနိုင်ပါ။
ထို့ကြောင့် အချိန်ရှိခိုက် ခရစ်တော်ယေရှုကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး မိမိ၏ အသက်တာကို ခရစ်တော်ထံ အပ်နှံလျှက် ကိုယ်တော်၏ ဂရုဏာတော်အောက်တွင် ခိုလှုံကြပါရန် တိုက်တွန်းလိုက်ရပါသည်။
God bless you!!!
မေတ္တာဖြင့်...
Comments
Post a Comment