ဘုရားသခင်၏ကတိတော်များ
Dr. Rob Linsted ရဲ့ God's Promises! Bible Truth in Prophecy ဒေသနာတရားကို မူရင်းအဓိပ္ပာယ်မပျက်စေဘဲ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။
ယနေ့ ကျွန်တော်နှင့်အတူ ပါဝင်သည့်အတွက် ကျေးဇူးတင်ပါတယ်။
ဘုရားသခင်ရဲ့ ကတိတော်တွေက နေ့ရက်အတိအကျနဲ့ ချိတ်ဆက်ထားတာကြောင့် ဒီသင်ခန်းစာအတွက် ကျွန်တော် စိတ်လှုပ်ရှားနေသလို ခင်ဗျားတို့လည်း စိတ်လှုပ်ရှားကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီခေါင်းစဉ်ကို "ဘုရားသခင်၏ ပရောဖက်ပြုချက်များ"၊ "ဘုရားသခင်၏ နှုတ်ကပတ်တော်" သို့မဟုတ် "ဘုရားသခင်၏ စီမံကိန်း" လို့ နာမည်ပေးလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်နဲ့ ကတိတော်တွေကို အလွန်ထူးခြားတဲ့နည်းလမ်းနဲ့ ပြည့်စုံစေလို့ပါ။ ကျွန်တော်တို့လူသားတွေက ကတိတွေအများကြီး ပေးကြပေမယ့် တခါတလေကျရင် ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကြောင့် အဲဒီကတိတွေကို မတည်နိုင်ကြပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကတော့ အရာအားလုံးကို ထိန်းချုပ်ထားပြီး ကတိတော်တွေကို ပြည့်စုံစေနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ကတိတော်တွေက နေ့ရက်အတိအကျထိ မှန်ကန်တယ်လို့ ပြောတဲ့အခါ၊ ဒါက သူ့ရဲ့ တန်ခိုးတော်၊ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ သူဘယ်လောက် တိကျသေချာသလဲ ဆိုတာကို ပြသနေပါတယ်။
ဆာလံကျမ်း ၁၉:၁ ကို ကျွန်တော် သွားသတိရမိတယ်။ "ကောင်းကင်အာကာသသည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍" လို့ ဆိုထားပါတယ်။ ဘုရားသခင်မှာ ဘယ်လောက်တောင် ထိန်းချုပ်နိုင်စွမ်း ရှိသလဲဆိုရင် ကျွန်တော်တို့ရဲ့ ဂလက်ဆီငယ်လေးနဲ့ စကြဝဠာထဲမှာရှိတဲ့ ဂြိုဟ်တွေ၊ ကြယ်တွေရဲ့ လည်ပတ်ပုံလမ်းကြောင်းတွေကိုတောင် ယူဆောင်အသုံးပြုနိုင်ပါတယ်။ ဒီဂြိုဟ်တွေ၊ ဂလက်ဆီတွေအားလုံးရဲ့ လည်ပတ်ပုံဆိုင်ရာ သင်္ချာနဲ့ သိပ္ပံသဘောတရားတွေကို လိုက်တွက်ကြည့်ဖို့ စဉ်းစားကြည့်စမ်းပါ။ ဒါဟာ အလွန်အံ့ဩစရာကောင်းတဲ့ ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ပါတယ်။
ဒီလည်ပတ်ပုံ လမ်းကြောင်းတွေ ပြီးပြည့်စုံနေဖို့၊ ဒီရေ အတက်အကျ၊ နေထွက်ချိန် နေဝင်ချိန်တွေ တိကျနေဖို့ဆိုတာ နေ့ရက်တိုင်းမှာ ဘယ်လောက်တောင် တိကျသေချာရမလဲ စဉ်းစားကြည့်ပါ။ သူက တိကျရုံသာမကပါဘူး၊ သူက ကောင်းမြတ်ပါတယ်။ သူဘာလို့ ကောင်းမြတ်တာလဲဆိုတော့ သူက ဘုရားသခင် ဖြစ်နေလို့ပါ။ သူက ပြီးပြည့်စုံပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နေ့ရက်အတိအကျ ပြည့်စုံခဲ့တဲ့ ကတိတော်တချို့ကို လေ့လာကြည့်ကြမှာပါ။ ဒီအစီအစဉ် ပြီးတဲ့အခါမှာတော့ ခရစ်ယာန်တွေအနေနဲ့ ဘုရားသခင်ရဲ့ ကတိတော်တွေအပေါ် ဘာလို့ စိတ်လှုပ်ရှားသင့်သလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့လာပါလိမ့်မယ်။
ဒီအချက်ကို ပြသနေတဲ့ ကျမ်းချက်တစ်ချက်ကတော့ ၂ ပေတရု ၁:၁၉ ဖြစ်ပါတယ်။ "ငါတို့၌ ပို၍မြဲမြံသော ပရောဖက်စကားလည်းရှိသေး၏။ နေ့အချိန်ရောက်၍ ကြယ်နီသည် သင်တို့စိတ်နှလုံးထဲ၌ ပေါ်ထွန်းသည်တိုင်အောင်၊ မှောင်မိုက်သောအရပ်၌ ထွန်းလင်းသော မီးခွက်ကဲ့သို့ ထိုစကားကို အမှီပြု၍ နေသင့်ကြ၏" လို့ ဆိုထားပါတယ်။ လူတွေရဲ့ ဟောကိန်းထုတ်မှုတွေက သိပ်မကောင်းလှပါဘူး။ Jeane Dixon (ဂျင်းဒစ်ဆင်) ဆိုရင် အသက်မွေးဝမ်းကျောင်းအနေနဲ့ ဟောကိန်းတွေ ထုတ်ခဲ့ပေမယ့် ၅% လောက်ပဲ မှန်ကန်ခဲ့ပါတယ်။ သမ္မာကျမ်းစာထဲမှာတော့ အနာဂတ်ကို ဟောပြောတဲ့ ပရောဖက်တစ်ယောက်က တစ်ကြိမ်လောက် မှားရင်တောင် ကျောက်ခဲနဲ့ ပေါက်သတ်ခြင်း ခံရပါတယ်။ ဒါကြောင့် ကျွန်တော် ပရောဖက် မလုပ်ချင်ပါဘူး။ ကျွန်တော်က ပရောဖက်ပြုချက်တွေကို လေ့လာသူသာ ဖြစ်ပါတယ်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ မှာ "ငါယေရှုသည် အသင်းတော်တို့အဖို့အလိုငှာ ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှာ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည် ဒါဝိဒ်၏ အမြစ်ဖြစ်၏။ ဒါဝိဒ်၏ အမျိုးအနွယ်လည်းဖြစ်၏။ ထွန်းလင်းသော ကြယ်နီလည်းဖြစ်၏" လို့ ဆိုထားပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ ကတိတော်ပေါင်း ၈,၀၀၀ ကျော် ပါရှိပြီး ဘုရားသခင်က အဲဒါတွေကို နေ့ရက်အတိအကျ စောင့်ထိန်းပါတယ်။ ကိုယ်တော် ပထမအကြိမ် ကြွလာခြင်းနဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက် ၁၀၀ ရှိပြီး တစ်ခုချင်းစီတိုင်းက ဘုရားသခင် ဟောပြောခဲ့သည့်အတိုင်း တိတိကျကျ ပြည့်စုံခဲ့ပါတယ်။ ဒုတိယအကြိမ် ကြွလာခြင်းအတွက်တော့ ပရောဖက်ပြုချက်က နှစ်ဆကျော် ရှိပါတယ်။ ဘုရားသခင်က ဒုတိယအကြိမ် ကြွလာခြင်းဆိုင်ရာ ကတိတော်တွေကို မပြည့်စုံစေဘူးဆိုရင် ဘုရားသခင်က မုသာသုံးသူ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ချပါ၊ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး ကတိတော်တွေကို တည်သောသူ ဖြစ်ပါတယ်။
အာဗြဟံကို ပေးခဲ့တဲ့ ကတိတော်တွေကနေ စကြည့်ရအောင်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁၂ မှာ ဘုရားသခင်က အာဗြဟံကို ခေါ်ပြီး "သင်၏ပြည်၊ သင်၏ အမျိုးသားချင်း၊ သင်၏ အဘအိမ်မှ ထွက်သွား၍ ငါပြလတ္တံ့သော ပြည်သို့သွားလော့။ ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကိုကြီးစေမည်... သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်" လို့ ကတိ ၃ ခု ပေးခဲ့ပါတယ်။
၁။ မြေတစ်နေရာ ပေးမယ်လို့ ပြောခဲ့တယ် (ပေးခဲ့ပါတယ်)။
၂။ လူမျိုးတစ်မျိုး ဖြစ်စေမယ်လို့ ပြောခဲ့တယ် (အစ္စရေးလူမျိုးကို ဖြစ်စေခဲ့ပါတယ်)။
၃။ လူမျိုးအပေါင်းအတွက် ကောင်းကြီးဖြစ်စေမယ်လို့ ပြောခဲ့တယ် (အခုချိန်မှာ ကမ္ဘာကြီးက အစ္စရေးကို မုန်းတီးနေပေမယ့် ဘုရားသခင်က သူ့အစီအစဉ်အတိုင်း ဆက်လုပ်ဆောင်နေပါတယ်)။
အခု အစ္စရေးလူမျိုးတွေ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ (Captivities) ဖြစ်ရပ်ကြီး ၃ ခုအကြောင်း ကြည့်ကြရအောင်။ ပထမဆုံးတစ်ခုက ကမ္ဘာဦးကျမ်း အခန်းကြီး ၁၅ မှာ တွေ့ရပါတယ်။ အာဗြဟံက ခရီးထွက်လာတာ နှစ် ၃၀ ရှိပြီ၊ သားတစ်ယောက်မှ မရသေးဘူး။ ဒါနဲ့ ဘုရားသခင်က အာဗြဟံကို "သွေးဖြင့်ပြုသော ပဋိညာဉ်" (Blood Covenant) ကို ပြုလုပ်စေပါတယ်။ တိရစ္ဆာန်တွေကို ခွဲပြီး မြောင်းရဲ့ ဘေးတစ်ဖက်စီမှာ ထားတယ်၊ သွေးတွေက မြောင်းထဲစီးဝင်တယ်။ ရှေးခေတ်က ကတိပြုရင် ဒီသွေးမြောင်းကြားထဲ လျှောက်ပြီး "ငါကတိမတည်ရင် ဒီတိရစ္ဆာန်တွေလို ငါ့သွေးမြေကျပါစေ" လို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီနေရာမှာ အာဗြဟံ အိပ်ပျော်သွားပြီး ဘုရားသခင် တစ်ပါးတည်းသာ ဒီသွေးမြောင်းထဲ လျှောက်သွားခဲ့တယ်။ ဆိုလိုတာက ဒီကတိတော်က အာဗြဟံရဲ့ သစ္စာရှိမှုအပေါ် မမူတည်ဘဲ ဘုရားသခင်ရဲ့ သစ္စာရှိမှုအပေါ်မှာပဲ မူတည်နေပါတယ်။
အခန်းကြီး ၁၅:၁၃ မှာ "သင်၏ အမျိုးအနွယ်သည် သူတစ်ပါးပိုင်သော ပြည်၌ ဧည့်သည်ဖြစ်၍ သူတစ်ပါးအမှုကို ဆောင်ရွက်ရကြလိမ့်မည်။ ထိုသူတို့သည် နှစ်လေးရာပတ်လုံး နှိပ်စက်ကြလိမ့်မည်" လို့ ပြောပါတယ်။ အာဗြဟံ ခရီးသွားတာ နှစ် ၃၀၊ ခါနန်ပြည်မှာ ၁၈၅ နှစ်၊ အီဂျစ်ပြည်မှာ ၂၁၅ နှစ် ပေါင်းလိုက်ရင် ၄၃၀ နှစ် ဖြစ်ပါတယ်။ ထွက်မြောက်ရာကျမ်း ၁၂:၄၀-၄၁ မှာ "အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်၌ နေသောကာလကား နှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။ ထိုလေးရာသုံးဆယ်ကုန်သောနေ့၊ ထိုနေ့အထူး၌ပင် ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည် အီဂျစ်ပြည်မှ ထွက်သွားကြ၏" လို့ ဆိုထားပါတယ်။ "ထိုနေ့အထူး၌ပင်" (Even the very same day) ဆိုတာကို သတိပြုပါ။ ၄၃၀ နှစ် အတိအကျမှာ ဘုရားသခင် သူတို့ကို ခေါ်ထုတ်ခဲ့ပါတယ်။ ဒါက ပထမအကြိမ် ဖမ်းဆီးကျွန်ပြုခံရခြင်းပါ။
ဒုတိယအကြိမ်ကတော့ ဗာဗုလုန် (Babylon) ကို ပါသွားခြင်းဖြစ်ပြီး ၇၀ နှစ် ကြာပါတယ်။ ယေရမိ ၂၅ မှာ "ဤပြည်သည် လူဆိတ်ညံရာ ဖြစ်လိမ့်မည်။ ဤလူမျိုးသည်လည်း ဗာဗုလုန်ရှင်ဘုရင်၌ အနှစ် ခုနစ်ဆယ် အမှုထမ်းရလိမ့်မည်" လို့ ဆိုထားပါတယ်။ ဒံယေလ အခန်းကြီး ၅ ရောက်တဲ့အခါ ဗေလရှာဇာမင်းက ဘုရားသခင်ရဲ့ ဗိမာန်တော်ဖလားတွေကို သုံးပြီး စားပွဲသောက်ပွဲ လုပ်တဲ့ညမှာ နံရံပေါ်မှာ လက်ရေးပေါ်လာပါတယ်။ ဒံယေလက "မင်းကြီးရဲ့ နိုင်ငံကို ချိန်ခွင်ဖြင့် ချိန်စက်သောအခါ လျော့ကြောင်း တွေ့ရပြီ။ မင်းကြီးရဲ့ နိုင်ငံကို မေဒိနဲ့ ပေရသိ (Medes and Persians) တို့ လက်ထဲ အပ်လိုက်ပြီ" လို့ အနက်ပြန်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ဒံယေလ ဒီလိုငြင်းပယ်ပြီး အနက်ပြန်နေတဲ့ အချိန်မှာပဲ မေဒိနဲ့ ပေရသိ တပ်တွေက မြစ်ရေလမ်းကြောင်းလွှဲပြီး မြို့ထဲဝင်လာကာ ဗာဗုလုန်ကို သိမ်းပိုက်လိုက်ပါတယ်။ အဲဒီညမှာပဲ ဗေလရှာဇာ အသတ်ခံရပြီး ဒံယေလ ၅:၃၀ မှာ "ထိုညဉ့်တွင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာသည် အသတ်ကို ခံရ၏" လို့ ဆိုထားပါတယ်။ ဘုရားသခင်ရဲ့ ကတိတော်ဟာ နေ့ရက်အတိအကျ မှန်ကန်ပါတယ်။
တတိယအကြိမ် ဖမ်းဆီးခံရခြင်းကတော့ ကမ္ဘာအနှံ့ ဖြစ်ပါတယ်။ ယေဇကျေလ ၃၆ မှာ ဘုရားသခင်က "ငါသည် သင်တို့ကို လူမျိုးတကာတို့ထဲက နှုတ်ယူမည်။ တိုင်းနိုင်ငံအရပ်ရပ်တို့မှ စုဝေးစေ၍၊ သင်တို့နေရင်း ပြည်သို့ ဆောင်ခဲ့ဦးမည်" လို့ ကတိပေးပါတယ်။ ယေဇကျေလ အခန်းကြီး ၄ မှာ ဘုရားသခင်က ပရောဖက်ကို ထူးဆန်းတဲ့ အပြုအမူတစ်ခု လုပ်ခိုင်းပါတယ်။ ဘယ်ဘက်နံစောင်းကို စောင်းပြီး ရက်ပေါင်း ၃၉၀ အိပ်ရမယ်။ ပြီးရင် ညာဘက်နံစောင်းကို စောင်းပြီး ရက်ပေါင်း ၄၀ အိပ်ရမယ်။ စုစုပေါင်း ၄၃၀ ရက် ဖြစ်ပါတယ်။ ကျမ်းစာက "ရက်အရေအတွက်နှင့်အညီ နှစ်အရေအတွက်ကို ငါခန့်ထား၏" လို့ ဆိုတဲ့အတွက် ဒါဟာ နှစ်ပေါင်း ၄၃၀ ကို ကိုယ်စားပြုပါတယ်။
ဗာဗုလုန်မှာ ၇၀ နှစ် နေခဲ့ရပြီးပြီမို့ ၄၃၀ ထဲက ၇၀ နှုတ်လိုက်ရင် ၃၆၀ နှစ် ကျန်ပါသေးတယ်။ ဘီစီ ၅၃၆ မှာ ဗာဗုလုန်က ပြန်လာပေမယ့် ဂျူး ၉၅% က မပြန်လာကြပါဘူး။ ပြန်လာတဲ့သူတွေကလည်း ယုံကြည်ခြင်း အားနည်းကြတယ်။ ဝတ်ပြုရာကျမ်း ၂၆ မှာ "ငါ့စကားကို နားမထောင်ဘဲနေလျှင်၊ သင်တို့ အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါခတ်ဦးမည်" (Punish seven times more) ဆိုတဲ့ "ခုနစ်ဆ ဥပဒေသ" ရှိပါတယ်။
ဒါကြောင့် ကျန်နေတဲ့ ၃၆၀ နှစ်ကို ၇ နဲ့ မြှောက်လိုက်ရင် ၂,၅၂၀ နှစ် (Prophetic years) ရပါတယ်။ ကျမ်းစာလာ ပရောဖက်ပြုချက်ဆိုင်ရာ နှစ်တစ်နှစ်မှာ ၃၆၀ ရက် ရှိပါတယ်။
တွက်ချက်မှု -
ဒီရက်ပေါင်းကို ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ နေနှစ် (Solar year - 365.24 days) နဲ့ စားလိုက်ရင် -
ဘေဘီလုံ ဖမ်းဆီးမှု ပြီးဆုံးချိန်ကနေ ဒီနှစ်အရေအတွက်ကို ပေါင်းထည့်လိုက်ရင် ၁၉၄၈ ခုနှစ် မေလကို ရောက်ရှိပါတယ်။
၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အစ္စရေးနိုင်ငံ ပြန်လည် ထူထောင်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ကွဲလွင့်နေတဲ့ ဂျူးတွေကို ဘုရားသခင် ပြန်လည် စုစည်းပေးခဲ့ပါတယ်။ အီဂျစ်ပြည်မှာ ၄၃၀ နှစ်၊ ဗာဗုလုန်မှာ ၇၀ နှစ်၊ ကမ္ဘာအနှံ့ ဖမ်းဆီးခေါ်ဆောင်ခံရမှုကနေ ပြန်လည်စုစည်းခြင်း.. အားလုံးဟာ နေ့ရက်အတိအကျ ပြည့်စုံခဲ့ပါတယ်။
ဒီလို နေ့ရက်အတိအကျ ကတိတည်တဲ့ ဘုရားသခင်မျိုး ခင်ဗျားမှာ ရှိပါသလား။ အာဒံရဲ့ သွေးပါလာတဲ့ ကျွန်တော်တို့ဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဘယ်တော့မှ ပေးဆပ်နိုင်မှာ မဟုတ်ပါဘူး။ အပြစ်တရား၏ အခကား သေခြင်းဖြစ်၏။ ဒါပေမဲ့ နောက်ဆုံးသော အာဒံ ဖြစ်တဲ့ ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဆေးကြောပေးခဲ့ပါတယ်။ ကောင်းကင်နိုင်ငံကို ရောက်ဖို့ဆိုတာ လက်မှတ်တစ်စောင် ရသလိုမျိုး ယေရှုခရစ်တော်ကို ရရှိဖို့ လိုပါတယ်။ "သားတော်ကို ရသောသူသည် အသက်ကိုရ၏" (၁ ယောဟန် ၅:၁၂)။
ဒီနေ့ ခင်ဗျားကို မေးချင်တာက ယေရှုခရစ်တော်နဲ့ ဆက်ဆံရေး ရှိပါသလား။ ဘုရားသခင်က အစ္စရေးအပေါ်ထားတဲ့ ကတိတော်တွေကို နေ့ရက်အတိအကျ ပြည့်စုံစေခဲ့သလို၊ သားတော်ကို ယုံကြည်လက်ခံသူတိုင်း ထာဝရအသက်ရမယ်ဆိုတဲ့ ကတိတော်ကိုလည်း ပြည့်စုံစေမှာ ဖြစ်ပါတယ်။ ဒီကတိတော်ကို လက်ခံချင်ပါသလား။ ယေရှုကို ကယ်တင်ရှင်အဖြစ် ဒီနေ့ပဲ လက်ခံလိုက်ပါ။
JK
Comments
Post a Comment