မိခင်များနေ့

  မိခင်များနေ့သည် ကျွန်ုပ်တို့၏ ဘဝတွင် မိခင်များ၏ အဓိကဖြစ်နေမှုကို ဂုဏ်ပြုသောနေ့ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ယောဟန် ၁၉:၂၇ တွင် ဤသို့ဖော်ပြထားသည်- "တပည့်တော်အား… သင်၏ အမိကို ကြည့်ပါဟူ၍.. မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည်၊ မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။" ဤကျမ်းချက်သည် မိခင်တစ်ဦး၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို ယေရှုကိုယ်တိုင် အလေးထားသည့် သက်သေတစ်ခုဖြစ်

သည်။

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ဆုံးရှုံးရန် နာရီပိုင်းသာ လိုတော့သည့် အချိန်၌ပင် မိခင်မာရိ၏ အနာဂတ်ကို စဉ်းစားခဲ့သည်။ သူသည် မိမိ၏ ချစ်သောတပည့်ဖြစ်သူ ယောဟန်အား မာရိကို ဂရုစိုက်ရန် အပ်နှင်းခဲ့သည်။ ဤအဖြစ်အပျက်သည် သားသမီးများ၏ အသက်တာတွင် မိခင်သည် မည်မျှအရေးပါကြောင်းနှင့် သားသမီးများအတွက် မိခင်၏ တန်ဖိုးကို မည်မျှကြီးမားကြောင်း ထင်ရှားစေပါသည်။ မိခင်များသည် ကိုယ်ကျိုးမဖက်ဘဲ သားသမီးများအတွက် အမြဲစဉ်းစားပေးတတ်သူများဖြစ်သည်။ မာရိကဲ့သို့ပင် သူတို့သည် ဘဝ၏ အခက်ခဲဆုံးအချိန်များတွင်ပင် သားသမီးများအတွက် အမြဲတမ်းစွန့်လွှတ်အနစ်နာခံကြသည်။
ယေရှု၏ ဤစကားသည် မိခင်နှင့် သားသမီးအကြား ပြတ်တောက်၍မရသော ဆက်နွှယ်မှုကို ဖော်ပြသည်။ "ဤသူသည် သင်၏သားဖြစ်၏"၊ "ဤသူသည် သင်၏မိခင်ဖြစ်၏" ဟူသော စကားများသည် မိသားစုအတွင်း တာဝန်ယူမှုနှင့် ချစ်ခြင်းမေတ္တာကို အပြန်အလှန်ဖြည့်ဆည်းပေးရန် တိုက်တွန်းသည်။ မိခင်များနေ့တွင် ကျွန်ုပ်တို့သည် မိခင်များ၏ ချစ်ခြင်းကို အသိအမှတ်ပြုရုံသာမက၊ သူတို့အတွက် ကျွန်ုပ်တို့၏ တာဝန်ကိုလည်း ပြန်လည်သတိရရန်လိုအပ်ပါမည်။ ယောဟန်သည် မာရိကို မိမိအိမ်သို့ ခေါ်ဆောင်သွားသကဲ့သို့၊ ကျွန်ုပ်တို့လည်း မိခင်များကို တန်ဖိုးထားရန်၊ ဂရုစိုက်ရန်၊ ပြုစုကျွေးမွေးရန်၊ ရိုသေရန်၊ လေးစားရန်နှင့် ဂုဏ်ပြုရန် တာဝန်ရှိသည်။
ယနေ့ခေတ်တွင် မိခင်များနေ့ကို လက်ဆောင်များ၊ ပန်းများဖြင့် ဂုဏ်ပြုကြသည်။ သို့သော် ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်မှ စကားသည် ဤဂုဏ်ပြုမှုထက် ပိုမိုနက်ရှိုင်းကြောင်း သွန်သင်နေပါသည်။ မိခင်သည် သားသမီးများအတွက် အသက်ပေးခဲ့သူ ဖြစ်သောကြောင့် တန်ဖိုးထားရန်၊ ဂရုစိုက်ရန် ဘုရားသခင်ကိုယ်တိုင် မှာကြားထားသည်။ မိခင်များနေ့သည် ကျေးဇူးတင်စကားပြောရုံ၊ ပန်းစည်းပေးရုံ၊ ညစာထမင်းကျွေးရုံ မျှမက၊ သူတို့၏ ချစ်ခြင်းနှင့် အနစ်နာခံမှုကို ဘဝဖြင့် တန်ပြန်ဖြည့်ဆည်းရန် ဖိတ်ခေါ်သည့်နေ့တနေ့ဖြစ်သည်။
မိခင်များနေ့တွင် ယေရှု၏ စကားကို အမှတ်ရပြီး မိခင်များကို ဂုဏ်ပြုကြပါစို့။
မိခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ကြပါစို့။
မိခင်များနေ့တနေ့တည်းသာ မဟုတ်ပဲ အစဉ်အမြဲ မိခင်များကို တန်ဖိုးထားပြုစု ကြပါစို့…
#SayaSawKay@JohnKay

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?