ကယ်တင်စိတ်ချမှုမရှိသေးဘူးဆိုရင်

 ကယ်တင်စိတ်ချမှုမရှိသေးဘူးဆိုရင် ကယ်တင်ခြင်းသမ္မာတရားကို သင်မသိသေးတာ သေချာပါတယ်။

ခရစ်ယာန်အမည်ခံထားသူ တော်တော်များများက "သေမှသိမယ်"၊ "ကယ်တင်ခြင်းရဖို့ မျှော်လင့်ပါတယ်" လို့ ပြောတတ်ကြပါတယ်။ ဒီစကားတွေဟာ နှိမ့်ချတာ မဟုတ်ပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအမံနဲ့ သမ္မာတရားကို လုံးဝနားမလည်သေးကြောင်း ဝန်ခံနေခြင်းသာ ဖြစ်ပါတယ်။
အောက်ပါအချက် (၃) ချက်ကို ဆန်းစစ်ကြည့်ပါ။
၁။ ဘုရားသခင်က "သိ​ကြ​စေရန်​" လို့ စာရေးခဲ့တယ်
သမ္မာကျမ်းစာ၊ ၁ယော ၅:၁၃ မှာ ဒီလိုအတိအလင်း ရေးထားပါတယ်။
"ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။"
ဘုရားသခင်က သင့်ကို "ထင်" စေချင်တာ မဟုတ်ပါဘူး။ "မျှော်လင့်" စေချင်တာ မဟုတ်ပါဘူး။ "သိ" (Know) စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် "မသိဘူး" လို့ ပြောနေသူဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရည်ရွယ်ချက်ကို လွဲချော်နေသူ ဖြစ်ပါတယ်။
၂။ ကယ်တင်ခြင်းက "ပြီးစီးပြီးသား" အလုပ်ဖြစ်တယ်
ကယ်တင်စိတ်မချသူတွေဟာ ကယ်တင်ခြင်းကို "မိမိလုပ်ဆောင်မှု" နဲ့ တိုင်းတာနေလို့ ဖြစ်ပါတယ်။ "ငါ ဒီနေ့ အပြစ်လုပ်မိတယ်၊ ငါမကောင်းဘူး၊ ဒါကြောင့် ကယ်တင်ခြင်း ဆုံးရှုံးပြီလား" လို့ တွေးတာဟာ သမ္မာတရားကို မသိတာပါ။ ကယ်တင်ခြင်းဆိုတာ သင့်အကျင့်ကြောင့်ရတာ မဟုတ်သလို၊ သင့်အကျင့်ကြောင့် ဆုံးရှုံးသွားမယ့်အရာ မဟုတ်ပါဘူး။ ယေရှုခရစ်တော် လက်ဝါးကပ်တိုင်မှာ "အမှုပြီးပြီ" လို့ (ယော ၁၉း၃၀) ကြွေးကြော်ခဲ့တဲ့ အချိန်ကတည်းက ယုံကြည်သူအတွက် ကယ်တင်ခြင်းက ပြီးပြည့်စုံသွားပါပြီ။
၃။ မသေချာခြင်းဟာ ယုံကြည်ခြင်းမဟုတ်ပါ
ယုံကြည်ခြင်းဆိုတာ မမြင်ရသေးခင်ကတည်းက အမှန်တကယ်ဖြစ်ကြောင်း စွဲလမ်းတဲ့စိတ် ဖြစ်ပါတယ် (ဟေဗြဲ ၁၁:၁)။ ဘုရားသခင်က "ယုံကြည်သူသည် ထာဝရအသက်ကို ရ၏" လို့ ပြောထားလျက်နဲ့ "ကျွန်တော် ရမလား၊ မရဘူးလား မသေချာဘူး" လို့ ပြောတာဟာ ဘုရားသခင်ရဲ့ ကတိတော်ကို မယုံကြည်တာနဲ့ အတူတူပါပဲ။
ကယ်တင်စိတ်ချမှု (Assurance of Salvation) မရှိဘဲ ကယ်တင်ခြင်း (Salvation) ကို ရရှိထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘုရားပေးတဲ့ ကယ်တင်ခြင်းအစစ်သာဆိုရင် စိတ်ချမှုပါ တစ်ပါတည်း ပါလာရပါမယ်။
ဒါကြောင့် သင်ဟာ "မသေချာဘူး" လို့ ပြောနေတုန်းဆိုရင် သင့်စိတ်ကို ပြန်စစ်ပါ။ သင်ဟာ ခရစ်တော်ကို မယုံကြည်တာလား၊ ဒါမှမဟုတ် သမ္မာတရားကို လုံးဝ နားမလည်သေးတာလား။
"သားတော်ကိုရသောသူသည် ထာဝရအသက်ကိုရ၏။" (၁ ယော ၅:၁၂)
မေတ္တာဖြင့်

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?