အလိုတော်ဆောင်ခြင်း ဆိုသည်မှာ
"သခင်... သခင်" လို့ ခေါ်တိုင်း ကယ်တင်ခြင်း စိတ်မချရပါ…
လူအများစုက ဘုရားကျောင်းမှန်မှန်တက်ရင်၊ ခရစ်တော်ကို "သခင်" လို့ နှုတ်က ခေါ်ဝေါ်ရင် ကောင်းကင်နိုင်ငံ ရောက်မယ်လို့ မွေးစကတည်းက ခရစ်ယာန်ဖြစ်လာတဲ့ ရိုးရာအစဉ်အလာ၊ ဘာသာရေးခရစ်ယာန်တွေက ထင်မှတ်နေကြပါတယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ သတိပေးချက်က အလွန်ကြောက်စရာ ကောင်းပါတယ်။
ဒီကျမ်းချက်အရ အရေးကြီးတဲ့ မေးခွန်း (၃) ခုကို ဖြေဆိုကြည့်ကြစို့။
၁။ "သခင်၊ သခင်" လို့ ခေါ်နေသူတွေက ဘယ်သူတွေလဲ?
ဒီလူတွေဟာ ဘုရားမဲ့ဝါဒီတွေ မဟုတ်ပါဘူး။ အခြားဘာသာဝင်တွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ -
ခရစ်တော်ကို နှုတ်က "သခင်" လို့ ဝန်ခံသူတွေ ဖြစ်တယ်။
ဘုရားကျောင်းတက်၊ အမှုတော်ဆောင်၊ တရားဟော၊ နိမိတ်လက္ခဏာတွေတောင် လုပ်ပြနိုင်သူတွေ ဖြစ်တယ် (မဿဲ ၇:၂၂ ကိုကြည့်ပါ)။
ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ခြင်းဟာ ဘာသာရေး ဟန်ဆောင်မှု (Hypocrisy) သက်သက် သာဖြစ်ပြီး၊ အမှန်တကယ် စိတ်နှလုံးထဲမှာ ခရစ်တော်ကို မိမိရဲ့ကယ်တင်ရှင်အဖြစ် မရရှိသေးတဲ့သူတွေ ဖြစ်တယ်။
၂။ သူတို့ ဘာကြောင့် ကောင်းကင်နိုင်ငံ မဝင်ရတာလဲ?
အဖြေက မဿဲ ၇:၂၃ မှာ ရှိပါတယ်။ သခင်ယေရှုက "သင်တို့ကို ငါအလျင်းမသိ" လို့ ပြန်ပြောပါလိမ့်မယ်။
သူတို့ မဝင်ရတဲ့ အကြောင်းရင်းက အလုပ်မလုပ်လို့ မဟုတ်ပါဘူး။ "ဆက်ဆံရေး (Relationship)" မရှိလို့ ဖြစ်ပါတယ်။ သူတို့က ကိုယ့်အကျင့်၊ ကိုယ့်လုပ်ဆောင်မှု၊ ကိုယ့်ဘာသာရေးကို ကိုးစားပြီး ခရစ်တော်ကို အမှန်တကယ် မိမိရဲ့ကယ်တင်ရှင်အဖြစ် မရခဲ့ကြပါဘူး။
၃။ ခမည်းတော်၏ "အလိုတော်" ကိုဆောင်ခြင်း ဆိုတာ ဘာလဲ?
ဒီနေရာမှာ လူတွေ အထင်မှားဆုံးပါပဲ။ "အလိုတော်ဆောင်တယ်" ဆိုတာ ပညတ်တရားတွေကို လိုက်ကျင့်တာ၊ ကောင်းမှုကုသိုလ်တွေ ကြိုးစားလုပ်ဆောင်တာကို ဆိုလိုသလား။ မဟုတ်ပါ။ အပြစ်သားက ဘုရားရဲ့ ပညတ်ကို ဘယ်တော့မှ ပြည့်မီအောင် မလိုက်လျှောက်နိုင်ပါဘူး။
ကယ်တင်ခြင်းနဲ့ ပတ်သက်ပြီး ဘုရားသခင်ရဲ့ "နံပါတ် (၁) အလိုတော်" ကို သခင်ယေရှု ကိုယ်တိုင် ရှင်းပြထားပါတယ် (ယောဟန် ၆:၄၀)။
" ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။"
ဒါကြောင့် "အလိုတော်ဆောင်ခြင်း" ဆိုတာ -
မိမိရဲ့ "ဘာသာရေး ကြိုးစားအားထုတ်မှု" တွေကို စွန့်လွှတ်ပြီး၊
ဘုရားသခင် စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို မိမိရဲ့ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း ဖြစ်ပါတယ်။
- မိတ်ဆွေ... သင်ဟာ နှုတ်ကသာ "သခင်၊ သခင်" ခေါ်ပြီး စိတ်နှလုံးထဲမှာ ကိုယ့်အကျင့်ကို ကိုးစားနေသူလား၊ ဒါမှမဟုတ် သားတော်ကို ယုံကြည်ခြင်းအားဖြင့် ခမည်းတော်ရဲ့ အလိုတော်ကို ပြည့်စုံစေသူလား။
ဘာသာရေးလုပ်ရုံနဲ့ မလုံလောက်ပါ။ ယေရှုခရစ်တော်ကို စစ်မှန်သော လက်ခံခြင်းဖြင့်သာ ကောင်းကင်နိုင်ငံသို့ ဝင်ရပါမည်။
"ယုံကြည်ခြင်းသည် အလိုတော်ဆောင်ခြင်း၏ အစဖြစ်၏။"
မေတ္တာဖြင့်
John Kay
Comments
Post a Comment