သေပြီးမှနောင်တရလို့ မမှီတော့ပါ

လူတွေက "သေရင်ပြီးတာပါပဲ၊ ဘာမှမသိတော့ပါဘူး" လို့ ထင်ကြတယ်။ ဒါပေမဲ့ သခင်ယေရှု ကိုယ်တိုင်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် (လုကာ ၁၆း၁၉-၃၁) ကတော့ အဲဒီအယူအဆ မှားယွင်းကြောင်း သက်သေပြနေပါတယ်။

လောကမှာ စည်းစိမ်အပြည့်နဲ့နေခဲ့တဲ့ သူဌေးကြီးတစ်ယောက် သေဆုံးသွားတဲ့အခါ မရဏနိုင်ငံ (ငရဲ) ကို ရောက်သွားတယ်။ ဒီဖြစ်ရပ်ကနေ ကျွန်ုပ်တို့အတွက် အလွန်ကြောက်စရာကောင်းတဲ့ အမှန်တရား (၃) ခုကို ဖော်ပြနေပါတယ်။
၁။ ငရဲမှာ "သိစိတ်" မပျောက်ပါ (Consciousness Remains)
တချို့ထင်သလို သေရင် မီးပိတ်သလို ငြိမ်းသွားတာ မဟုတ်ပါဘူး။ သူဌေးကြီးက "အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာသော ဝေဒနာကို ခံရပါ၏" လို့ အော်ဟစ်ခဲ့ပါတယ်။ သူဟာ ပူမှန်းသိတယ်၊ နာမှန်းသိတယ်၊ ရေငတ်မှန်းသိတယ်။ ငရဲဆိုတာ ခန္ဓာကိုယ်သေပေမယ့် ဝိညာဉ်က ထာဝရဝေဒနာကို အသိစိတ်အပြည့်နဲ့ ခံစားရတဲ့နေရာ ဖြစ်ပါတယ်။
၂။ အခွင့်အရေး ဒုတိယအကြိမ် မရှိပါ (No Second Chance)
သူဌေးကြီးက လာဇရုကို ရေတစ်စက်လောက် လာတိုက်ဖို့ တောင်းပန်တဲ့အခါ အာဗြဟံက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။
“ထိုမျှမက သင်တို့နှင့်ငါတို့ကြားတွင် အလွန်နက်သောချောက်ကြီးရှိသဖြင့် ဤနေရာမှ သင်တို့ထံသို့လည်းကောင်း၊ သင်တို့နေရာမှ ငါတို့ထံသို့လည်းကောင်း ကူးလိုသော်လည်း မကူးနိုင်ကြ’ဟု ပြန်ပြောလေ၏။" (လုကာ ၁၆း၂၆)
ဆိုလိုတာက သေပြီးသွားရင် ကောင်းကင်နဲ့ ငရဲကြားမှာ ကူးသန်းခွင့် မရှိတော့ပါဘူး။ ဆုတောင်းလို့ မရတော့ဘူး။ ပြန်ပြင်လို့ မရတော့ပါဘူး။ သင့်ကံကြမ္မာ (Destiny) ဟာ အသေမခံခင်မှာပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၃။ မှတ်ဉာဏ်တွေ ထင်ရှားနေဦးမယ် (Memory Remains)
ငရဲရောက်နေတဲ့ သူဌေးကြီးကို "သင်သည် ပြည်စုံလျက်နေရသည်ကို အောက်မေ့လော့" လို့ ပြောခဲ့ပါတယ်။ ဒါဟာ အဆိုးဆုံး ဝေဒနာပါပဲ။ သူ အသက်ရှင်စဉ်က ဘုရားသခင်ပေးခဲ့တဲ့ အခွင့်အရေးတွေ၊ ဧဝံဂေလိတရား ကြားခဲ့ရတာတွေ၊ ငြင်းပယ်ခဲ့မိတာတွေကို ပြန်သတိရပြီး နောင်တကြီးစွာ ရနေမှာ ဖြစ်ပါတယ်။
အရေးကြီးဆုံး သတိပေးချက်
သူဌေးကြီးက နောက်ဆုံးမှာ ဆုတောင်းတစ်ခု တောင်းခဲ့ပါတယ်။ "ငါ့ညီ ၅ ယောက်ရှိပါသေးတယ်။ သူတို့ ဒီဆင်းရဲဒုက္ခရောက်တဲ့ နေရာကို မလာရအောင် သွားပြီး သတိပေးပါရစေ" တဲ့။
မိတ်ဆွေ... ဒီနေ့ သင် ဒီစာကို ဖတ်နေရတာဟာ သူဌေးကြီးရဲ့ ဆုတောင်းပြည့်သွားတာ ဖြစ်နိုင်ပါတယ်။ တစ်ယောက်ယောက်က သင့်ကို ငရဲမလာရအောင် လာရောက်သတိပေးနေခြင်း ဖြစ်ပါတယ်။
သေမှ နောင်တမရပါနဲ့။ အသက်ရှင်စဉ် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး အပြစ်ငရဲမှ လွတ်မြောက်ကြောင်း စိတ်ချမှုကို ရယူပါ။
“မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။” (သု ၂၇း၁)
"လူသည် တစ်ခါတည်း သေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရလိမ့်မည်။" (ဟေဗြဲ ၉:၂၇)



မေတ္တာဖြင့်

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?