လူအသက်ကိုနှမြောသောဘုရား

  ယောနသည် ဘုရားသခင်၏ အမိန့်တော်ကို လွန်ဆန်ပြီး နိနေဝေမြို့သို့ သွားရောက်ရန် ငြင်းဆန်ခဲ့သူဖြစ်သည်။ သို့သော် ဘုရားသခင်၏ ကရုဏာတော်နှင့် အံ့ဖွယ်လမ်းညွှန်မှုကြောင့် နောက်ဆုံးတွင် ယောနသည် နိနေဝေမြို့သို့ ရောက်ရှိပြီး သတင်းစကား ကြေညာခဲ့သည်။ နိနေဝေမြို့သူမြို့သားများက နောင်တရပြီး ဘုရားသခင်ထံ လှည့်ပြန်လာသောအခါ ဘုရားသခင်က သူတို့ကို အပြစ်ဒဏ်မပေးဘဲ ကရုဏာထားတော်မူခဲ့သည်။ သို့သော် ဤအရာကို ယောနက မနှစ်သက်ခဲ့ပေ။ သူသည် ကြက်ဆူပင်

တပင်အတွက် စိတ်ဆိုးမှုထက် ဘုရားသခင်၏ ကရုဏာကို နားမလည်နိုင်ခဲ့ပေ။


ယောန ၄း၉-၁၁ တွင် ဘုရားသခင်က ယောနအား ကြက်ဆူပင်တပင်အတွက် နှမြောမှုနှင့် နိနေဝေမြို့၏ လူအသက်များအတွက် နှမြောမှုကို နှိုင်းယှဉ်ပြတော်မူသည်။ ကြက်ဆူပင်သည် ယောနကိုယ်တိုင် မစိုက်ပျိုးခဲ့သည့်၊ မပြုစုခဲ့သည့် အရာဖြစ်ပြီး တညချင်းတွင် ပေါက်ကာ တညချင်းတွင် သေသွားခဲ့သည်။ သို့သော် ယောနက ထိုပင်ကို နှမြောခဲ့သည်။

ဘုရားသခင်က ဤအချက်ကို အသုံးပြု၍ ယောနအား မိန့်တော်မူသည်- "သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညချင်းတွင်ပေါက်၍ တညချင်းတွင်သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ ငါသည် များစွာသော တိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လော။"
ဤကျမ်းချက်မှ ဘုရားသခင်၏ စိတ်သဘောထားကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်သည် လူသားများ၏ အသက်ကို အလွန်တန်ဖိုးထားတော်မူသည်။ နိနေဝေမြို့သားများသည် အပြစ်ရှိသူများ ဖြစ်ခဲ့သော်လည်း၊ သူတို့၏ နောင်တရမှုကို လက်ခံ၍ ကရုဏာပြတော်မူသည်။ ထို့အပြင် လက်ယာလက်ဝဲကို ပိုင်းခြားမသိသော သူများနှင့် တိရစ္ဆာန်များကိုပါ နှမြောသော ဘုရားသခင်၏ ကျယ်ပြန့်သော မေတ္တာကို ဤနေရာတွင် ထင်ရှားစွာ ဖော်ပြထားသည်။

လူသားတို့၏ အမြင်တွင် တန်ဖိုးမရှိဟု ထင်ရသော အရာများကိုပင် ဘုရားသခင်က ဂရုစိုက်တော်မူသည်။ ယောန၏ စိတ်သဘောထားသည် ကျဉ်းမြောင်းခဲ့သော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကျယ်ပြန့်ပြီး ကရုဏာနှင့် ပြည့်စုံနေသည်။ ဤအချက်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ မေတ္တာနှင့် လူသားများအပေါ် ထားရှိသော တန်ဖိုးကို နားလည်စေရန် သွန်သင်ပေးသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ ဤနှမြောတတ်သော စိတ်သဘောထားကဲ့သို့ ထာ၀ရငရဲ သွားရမည့် ပျောက်ဆုံးဝိညာဉ်များ ကယ်တင်ခြင်း လုပ်ငန်းကို ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ ခရစ်ယာန်အသက်တာတွင် ယုံကြည်သူပီသစွာ အသက်ရှင်လျှက် ပုံသက်သေကောင်းဖြင့် ဘုရားဘုန်းတော်အတွက် အသက်ရှင်ခြင်း၊ ကိုယ်တိုင် ဝေငှသက်သေခံခြင်းဖြင့် အသက်ဝိညာဉ် ကယ်တင်ခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ကြဖို့ နိုးဆော်လိုပါသည်။


မေတ္တာဖြင့်
John Kay
#shwecanaan

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?