စစ်မှန်သောစည်းစိမ်
သုတ္တံကျမ်း ၁၀း၂၂ တွင် “ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ” ဟု ဆိုထားသည်။
ဤကျမ်းစကားသည် ဘုရားသခင်ထံမှ ရရှိသော ကောင်းချီးမင်္ဂလာသည် လောကီစည်းစိမ်များနှင့် မတူဘဲ၊ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ပြည့်စုံမှုကို ဆောင်ကြဉ်းပေးကြောင်း သွန်သင်ပြသထားသည်။
လောကီစည်းစိမ်သည် မကြာခဏ စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုနှင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့မှုတို့နှင့် ရောယှက်နေတတ်သော်လည်း၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် ဝမ်းနည်းခြင်းမပါဘဲ စိတ်ချမ်းသာမှုကို ပေးစွမ်းသည်။
ကျမ်းစာထဲတွင် ဤအချက်ကို ထင်ရှားစွာ ပြသသော ဥပမာတစ်ခုမှာ ယောဘ၏ ဘဝဖြစ်သည်။ ယောဘသည် အစပိုင်းတွင် စည်းစိမ်ဥစ္စာ၊ သားသမီးများနှင့် ကျန်းမာရေးတို့ဖြင့် ပြည့်စုံခဲ့သူဖြစ်သည် (ယောဘ ၁း၂-၃)။
သို့သော် စာတန်၏ စုံစမ်းခြင်းကြောင့် သူ၏ စည်းစိမ်အားလုံး ဆုံးရှုံးခဲ့ရပြီး ဝမ်းနည်းခြင်းနှင့် နာကျင်မှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် ယောဘသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် အဆုံးထိ ခံနိုင်ရည်ရှိခဲ့သည်။
နောက်ဆုံးတွင် ဘုရားသခင်က သူ့ကို ပြန်လည်ထူထောင်ပေးတော်မူပြီး၊ အရင်ကထက် ပို၍ ကောင်းချီးမင်္ဂလာများကို ခံစားခွင့်ရခဲ့သည် (ယောဘ ၄၂း၁၂-၁၃)။ ဤဥပမာက ဘုရားသခင်ထံမှ ပေးသနားသော စည်းစိမ်သည် ယာယီဆုံးရှုံးမှုများနှင့် ဝမ်းနည်းခြင်းများကို ကျော်လွှားပြီး ထာဝရတည်မြဲသော ကောင်းချီးမင်္ဂလာကို ဆောင်ကြဉ်းပေးနိုင်ကြောင်း သက်သေပြသည်။
ထို့ကြောင့် ဘဝ၏အခက်အခဲများနှင့် စုံစမ်းမှုများကို ရင်ဆိုင်ရချိန်တွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ယုံကြည်စွဲကိုင်ထားပါ။ လောကီစည်းစိမ်များသည် ပြိုပျက်သွားနိုင်သော်လည်း၊ ထာဝရဘုရား၏ ကောင်းချီးသည် ဝမ်းနည်းခြင်းမပါဘဲ စစ်မှန်သော အောင်မြင်မှုနှင့် ငြိမ်သက်ခြင်းကို ပေးနေပါသည်။ ယောဘကဲ့သို့ ဘုရားသခင်ကို စွဲကိုင်ယုံကြည်ခြင်းဖြင့် အသက်ရှင်ပါ။
သင်၏ဝိညာဉ်ရေးခွန်အားကို တည်ဆောက်ပြီး၊ ဘုရား၏ကောင်းချီးမင်္ဂလာကိုသာမျှော်လင့် အားကိုးပါ။
JK
Comments
Post a Comment