ဘုရား၏လမ်းပြခြင်း

ဘဝခရီးလမ်းတွင် ကျွန်ုပ်တို့သည် မကြာခဏ လမ်းပျောက်တတ်ကြသည်။ မသေချာမှုများ၊ အခက်အခဲများနှင့် ရှုပ်ထွေးသောအခြေအနေများကြောင့် မည်သည့်လမ်းကို လျှောက်ရမည်ကို မသိရှိဖြစ်တတ်သည်။ သို့သော် သမ္မာကျမ်းစာတွင် ဘုရားသခင်သည် မိမိ၏လူများကို အမြဲလမ်းပြပေးသူအဖြစ် ဖော်ပြထားသည်။


ထွက်မြောက်ရာ ၁၃:၂၁-၂၂ တွင် "သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်၎င်း၊ ည၌ကား အလင်းပေးဖို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။ နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။" ဟုဆိုထားသည်။

ဤကျမ်းချက်သည် ဣသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ ကယ်ထုတ်ပြီးနောက်၊ သူတို့ကို ကတိထားရာပြည်သို့ ပို့ဆောင်ရာတွင် ဘုရားသခင်၏ လမ်းပြခြင်းကို ထင်ရှားစွာ ဖော်ပြသည်။ မိုးတိမ်တိုင်နှင့် မီးတိုင်သည် ဘုရားသခင်၏ မပြတ်တမ်းရှိနေခြင်းနှင့် အကာအကွယ်ပေးခြင်းကို ကိုယ်စားပြုသည်။

မိုးတိမ်တိုင်နှင့် မီးတိုင်သည် နေ့ညမပြတ် ဣသရေလလူများနှင့်အတူ ရှိနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်ခဏမျှပင် စွန့်ပစ်မသွားကြောင်း သက်သေပြသည်။ ဘဝ၏မှောင်မိုက်ဆုံးအချိန်များတွင်ပင် သူ၏လမ်းပြမီးသည် ကျွန်ုပ်တို့အတွက် လင်းလက်နေသည်။

ဣသရေလလူများသည် သဲကန္တာရတွင် လမ်းပျောက်နိုင်သော်လည်း၊ ဘုရားသခင်၏လမ်းပြခြင်းကြောင့် မည်သည့်အခါမျှ လမ်းမှားခြင်း၊ လမ်းပျောက်ခြင်း လုံး၀မရှိ တော့ပေ။ ထိုနည်းတူ၊ ကျွန်ုပ်တို့၏ဘဝတွင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော်အားဖြင့် ရှင်းလင်းသောလမ်းညွှန်မှုကို ရရှိနိုင်သည်။ ဆာလံ ၁၁၉း၁၀၅ တွင် “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက် ဖြစ်၍ အကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏။” ဟုပြောထားပါသည်။

မိုးတိမ်တိုင်သည် နေ့အခါ၌ နေရောင်ဒဏ်မှ ကာကွယ်ပေးပြီး၊ မီးတိုင်သည် ညအခါ၌ အေးမြမှုနှင့် အလင်းရောင်ပေးခဲ့သည်။ ဘုရားသခင်၏လမ်းပြခြင်းသည် လမ်းညွှန်ရုံသာမက ကျွန်ုပ်တို့ကို နေ့ရောညပါ၊ ယခုဘ၀၊ နောင်ဘ၀ လုံခြုံစွာ ကာကွယ်ပေးသည်။

ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် မိုးတိမ်တိုင်နှင့် မီးတိုင်ကို မတွေ့ရသော်လည်း၊ ဘုရားသခင်၏လမ်းပြခြင်းကို ခံစားနိုင်သေးသည်။ ထို့ကြောင့် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနှင့် သူ၏လမ်းညွှန်မှုကို ခံယူနိုင်ပါသည်။ ဘဝ၏အခက်အခဲများကြားတွင် သူ၏ရှိနေခြင်းကို ယုံကြည်ခြင်းဖြင့် မိမိအသက်တာတခုလုံးအပ်နှံလျှက် အသက်ရှင်နိုင်သည်။

ထွက်မြောက်ရာ ၁၃:၂၁-၂၂ သည် ဘုရားသခင်၏လမ်းပြခြင်း၏ အနက်ရှိုင်းဆုံးသော သင်ခန်းစာတစ်ခုဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ခရီးလမ်းတစ်လျှောက် လမ်းပြရုံသာမက၊ အကာအကွယ်ပေးပြီး အမြဲရှိနေသူဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် သူ၏လမ်းပြခြင်းကို ယုံကြည်အားကိုးကာ၊ ဘဝ၏မည်သည့်အခြေအနေတွင်မဆို ရဲဝံ့စွာ သစ္စာရှိသော ထာ၀ရဘုရားရှင်ကို အားကိုးပါ။

#SawKay@JohnKay
@shwecanaan




Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?