သံလွင်ခက်တနင်္ဂနွေ (Palm Sunday)
သံလွင်ခက်တနင်္ဂနွေ သို့မဟုတ် Palm Sunday သည် ခရစ်ယာန်ဘာသာတွင် အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး၊ ရှင်ပြန်ထမြောက်ရာနေ့ (Easter) မတိုင်မီ တစ်ပတ်အလိုရှိ တနင်္ဂနွေနေ့တွင် ကျင်းပသည်။
ဤနေ့သည် သခင်ယေရှုခရစ်တော်သည် ဂျေရုစလင်မြို့သို့ မြည်းတစ်ကောင်စီးလျက် ဝင်ရောက်လာပုံကို အောက်မေ့သတိရသည့်နေ့ဖြစ်သည် (မဿဲခရစ်ဝင် ၂၁:၁-၁၁)။ သမ္မာကျမ်းစာအရ၊ ယေရှုခရစ်တော်သည် မြည်းစီးလျက် ဂျေရုစလင်သို့ ဝင်လာသောအခါ၊ လူထုကြီးသည် သံလွင်ခက်များနှင့် စွန်ပလွံခက်များကို လက်ထဲ၌ကိုင်ဆောင်ကာ၊ လမ်းမပေါ်တွင် အဝတ်များခင်းကာ၊ “ဟိုရှန္နာ” ဟု ကြွေးကြော်လျက် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
ဤဖြစ်ရပ်သည် ဓမ္မဟောင်းကျမ်းဖြစ်သော ဇာခရိအနာဂတ္တိကျမ်း (၉:၉) တွင် ဖော်ပြထားသည့် ကယ်တင်ရှင်အကြောင်းကို ပြည့်စုံစေသည်။ “ အိုဇိအုန်သတို့သမီး အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့ သတို့သမီး ကြွေးကြော်လော့။ တရားသဖြင့် စီရင်၍၊ ကယ်တင်ခြင်းသို့ ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ် နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။” ဟူသော စကားအတိုင်း၊ ယေရှုသည် မေရှိယအဖြစ် လာရောက်ကြောင်း သက်သေပြခဲ့သည်။
သမိုင်းအရ၊ ၅ ရာစုခန့်က ဂျေရုစလင်ရှိ ခရစ်ယာန်အသင်းတော်များသည် သံလွင်တောင်သို့ သွားရောက်ဝတ်ပြုကြပြီး၊ ညနေပိုင်းတွင် သံလွင်ခက်များကိုင်ဆောင်ကာ ဂျေရုစလင်မြို့ထဲသို့ ဝင်ရောက်လာသည့် ဓလေ့ကို စတင်ခဲ့ကြသည်။
ဤဓလေ့သည် ရာစုနှစ်များစွာကြာလာရင်း ယနေ့တိုင် ခရစ်ယာန်အသိုင်းအဝိုင်းများတွင် ဆက်လက်ကျင်းပလျက်ရှိသည်။
လုကာ ၁၉း၃၇-၃၈ "သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များ အပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောပနာပြု၍၊ ထာဝရဘုရား ၏အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည်၊ မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း၊ ဟုကြွေးကြော်ကြ၏။"
JK
Comments
Post a Comment