ယေရုရှလင်
သမ္မာကျမ်းစာ တွင် ယေရုရှလင်နှင့် ပတ်သက်ပြီး ယနေ့ထိတိုင် အောင် ပြီးပြည့်စုံခြင်း မရောက်သေး သည့် ဗျာဒိတ် တစ်ခုရှိသည်။ အချို့သော သူတို့က ဤ ဗျာဒိတ် သည် အမှန်တကယ် ဖြစ်လာ ဦးမည်လော ဟု သံသယ စိတ် များကြသည်။ ထိုဗျာဒိတ်မှာ “ထာဝရဘုရား မိန့်ေ့တာ်မူ သည်ကား၊မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေ ကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ . . . . ယေရုရှလင်မြို့၌ ချမ်းသာ ရကြ
လိမ့်မည်” (ဟေရှာ ၆၆း၁၂-၁၃)။ယေရုရှလင် website တွင် “ယေရုရှလင်မြို့တွင်
အလုပ်အကိုင် ရရှိရေးသည် အလွန် ခက်ခဲသည့် ပြဿနာ တစ်ခုဖြစ်ပြီး၊ ဆင်းရဲ သည့် လူတန်းစားလွှာ တစ်နေ့တစ်ခြားများပြား လာနေသည်။” ဟု ခေတ်သစ် ယေရုရှလင် အခြေအနေကို တစေ့တစောင်း ရေးသားထားသည်။ တိုးရစ် (torism) ခရီးသွား လုပ်ငန်းသည် ဤ မြို့၏ အဓိက လုပ်ငန်းဖြစ်လာသော်လည်း အပြစ်မဲ့သူ များကို အချိန်အခါ မရွေး ချိန်းခြောက် သတ်ဖြတ်သော အကြမ်းဖက်သမား တို့၏ ရန်ကြောင့် ဤ လုပ်ငန်းသည်လည်း တည်ငြိမ်ခြင်း မရှိပေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ခန့် က ရေးသားသော ယေရမိအနာဂတ္တိကျမ်း (၁၄း၁၉) တွင် “ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြှော်လင့်သော်လည်း ကောင်းကျိုးကို မရကြပါ၊ ချမ်းသာကို မြှော်လင့်သော်လည်း ဘေးနှင့်သာ တွေ့ရကြပါ၏ ” ဟုရေးသားထားခဲ့သော အချက်သည် ယနေ့ ယေရုရှလင် ကိုပင် ညွန်းလေရော့သလား ဟု ထင်မှတ်ဖွယ် ရှိပေသည်။
အမှန်တော့ယေရုရှလင် မြို့သည် ခါးသီးခြင်း၊ ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်း နာကျဉ်မှု ဒဏ်ရာ ဒဏ်ချက် တို့ကို ကမ္ဘာပေါ်ရှိမည်သည့် မြို့ပြနှင့် မျှ နှိုင်းယှဉ်၍ မရကောင်းလောက်အောင် ဖြတ်သန်းလာခဲ့ရကြောင်း သမိုင်းက အခိုင်အမာ သက်သေထူနေပေသည်။ အခြားသော လူမျိုးများ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို အကြိမ်ပေါင်း တစ်ဒါဇင် ထက်မက ခံခဲ့ရပြီး၊ သုံး၍မရသော အမိုက်ပုံ ကဲ့သို့ အခြေအနေအထိရောက်အောင် ငါးကြိမ်ထက်မနည်း စိစိညက် ချေမှုန်း ဖျက်ဆီးခြင်းကိုလည်း ရင်နှင့် ဘွယ်ရာ ဖြတ်သန်းခဲ့ဖူးသည်။
ဘုရင်ကြီး ဒေးဗစ် က ဤမြို့ကို သိမ်းပိုက်ပြီး ဂျူးလူမျိုးတို့ ၏ မြို့တော်အဖြစ် သတ်မှတ်ကာ နန်းတက်စဉ်အခါတွင် ယေရုရှလင် မြို့၏ သက်တမ်းသည် နှစ်ပေါင်း ၂၅၀၀ ခန့် ရှိခဲ့ပြီး ဖြစ်သည်။ ပထ၀ီ မြေအနေအထား အရ ယေရုရှလင် မြို့ကို သိမ်းပိုက် ရန် အလွန်ခက်ခဲပြီး သဘာ၀ စမ်းရေတွင်း များရှိသော ဤ မြို့တွင် နေထိုင်ခဲ့သူ တို့ကို ဒေးဗစ်ဘုရင်ကြီးသည် ခက်ခက်ခဲခဲ တိုက်ခိုက် သိမ်းပိုက်ခဲ့ရသည်ဟု ဆိုသည်။
ဒေးဗစ်ဘုရင် နတ်ရွာစံပြီးနောက် သူ၏ အရိုက်အရာကို ဆက်ခံသော သားတော် ဆောလမုန် ဘုရင်လက်ထက် တွင် ယေရုရှလင် မြို့ကို အကြီးအကျယ် ပြုပြင် မွမ်းမံခဲ့သဖြင့် အညတရ ခံတပ်မြို့ကလေးသာသာ မှသည် တကမ္ဘာလုံးမှ ဂရုတစိုက် ပြုခြင်းခံရသည့် မြို့ပြ အခြေအနေရောက်သွားခဲ့သည်။ ထိုခေတ်ထိုအခါတွင် ဆောလမုန်ဘုရင်ကြီး တည်သည့် ကြီးမားခန့်ညားသော ယေရုရှလင်ဘုရားကျောင်း ကြီးသည် အေ၀းမှကြည့်လျှင် တောင်ကုန်းထိပ်တွင် သပ္ပါယ်တည်ငြိမ်စွာ တွေ့မြင်ရပြီး ပြည်တွင်း ပြည်ပမှ ဘုရားဖူး များကို အပြည့်အ၀ ဆွဲဆောင် နိုင်ခဲ့သည်။
ဘုရားဖူး သူများကို ဆွဲဆောင် နိုင်ခဲ့သလို ဤမြို့၏ ချမ်းသာကြွယ်၀မှုနှင့် ကျော်ဇောတိက္ကမ တို့ကို ဖျက်လိုဖျက်ဆီးပြုလိုသည့် ရန်သူများ၏ မျက်စောင်းထိုးခြင်းကိုလည်း အပြည့်အ၀ ခံခဲ့ရသည်။ ယေရုရှလင် မြို့သားတို့၏ ညစ်ငြူးသော အပြစ်ဒုစရိုက် များကြောင့် ရန်သူများ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ဘုရားသခင်က အခွင့်ပေးကြောင်း ကျမ်းစာတွင် အကြိမ်များစွာဖော်ပြထားသည်။
ဘေဘီလုန် စစ်တပ်က သိမ်းပိုက်ကာ နှစ်များစွာ အခွန်ဘဏ္႑ာ အမြောက်အများ ကို အတင်းအကြပ်ကောက်ခံ ခဲ့သည်။ နောက်ပိုင်းယေရုရှလင် ကပုန်ကန်ခဲ့သဖြင့် ဘေဘီလုန် စစ်တပ်က မြို့ကို ပြာပုံအထိရောက်အောင် ဖျက်ဆီးပစ်လိုက်ပြီး မြို့သူမြို့သား အားလုံးကိုလည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခဲ့သည်။ ဘီစီ ၅၈၆ ခန့်မှ စပြီး နှစ်ပေါင်း ၅၀ ခန့်အတွင်း အစ္စရေးလ် နိုင်ငံ သို့မဟုတ် ဂျူးနိုင်ငံ သည် ကမ္ဘာပေါ်တွင် ပျောက်ကွယ် ခဲ့ရပြီး ဂျူးလူမျိုးနှင့် အစ္စရေးလ်နိုင်ငံ အကြောင်းသည် တစ်ချိန်တုန်းက ရှိခဲ့ ဘူးသော နိုင်ငံ တစ်နိုင်ငံနှင့် လူမျိူး တစ်မျိုး အဆင့်သာသာ ထိအောင်ရောက်ရှိသွားသည်။ ယေရုရှလင်မြို့သည် ခွေးလေခွေးလွင့်သာ များကျက်စားရာနေရာဖြစ်ခဲ့ရသည်။
သခင်ယေရှု သက်တော် ထင်ရှားခဲ့စဉ် အခါက ယေရုရှလင်တွင် ၀တ်ပြုကိုးရန် သွားလေ့ရှိသည်။ ပဿခါ ပွဲတော် တွင် ပါ၀င်ရန် သွားလေ့ရှိသည်။ သခင်ယေရှု ယေရုရှလင်ကို နောက်ဆုံးအခေါက် သွားခဲ့စဉ်တွင် လူထုအား ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤသို့ ပြောခဲ့ဘူးသည် “ယေရုရှလင် မြို့မှတပါး အခြားသောအရပ်၌ အဘယ် ပရောဖက်မျှ မဆုံးရာ။ အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာ အရပ်သို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင် အောက်သို့ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ” (လု ၁၃း၃၃-၃၄)။ ယေရုရှလင် မြို့တွင် သခင်ယေရှု ကို ကားတိုင်တင် သတ်ခြင်း ခံရသည်။
ယေရှုခရစ်တော်ကို သတ်သောမြို့
ဘုရားသခင်၏ သားဟု မိမိကိုယ်ကို ခေါ်ဆိုမှုကြောင့် ယေရှုခရစ်တော်အား ယေရုရှလင်တွင် ပြစ်ဒဏ် စီရင်ချမှတ်ခြင်း ခံရပြီး ကားစင်တင်သတ်ခဲ့သည်။ ကားတိုင်ပေါ်တွင် သတ်သည့် အမှုကို ယေရုရှလင်မြို့ပြင် ကရာနီတောင်ကုန်းပေါ်တွင် ပြုလုပ်သည်။ ဂျူးတို့၏ ယဉ်ကျေးမှုးထုံးတမ်းစဉ်လာအရ လူသေ အလောင်း အနားသို့ ချဉ်းကပ်သောသူသည် မသန့်ရှင်း သောကြောင့် ဘုရားရှင်အား ၀တ်ပြုကိုးကွယ်ရန် မသင့်တော် ဟု ယူဆသောကြောင့်၊ ယေရှုခရစ်တော်နှင့် ခိုးသား ဓါးပြ နှစ်ယောက်ကို မြို့ပြင်တွင် သတ်ခြင်းဖြစ်သည်။
ပထမဦးဆုံးအသင်းတော်မွေးဖွားသောမြို့
သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ချီဆောင်တော်မူခြင်း မခံခင်တွင် သခင်ယေရှုက တမန်တော် ၁း၄-၅ တွင် “ယေရုရှလင်မြို့မှ မထွက်သွားဘဲ ခမည်းတော်၏ ဂတိကို င့ံနေမည် အကြောင်း မှာထားတော်မူ၍….. သင်တို့သည် မကြာ မမြင့်မှီ သန့်ရှင်းသော ၀ိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည် ဟုမိန့်တော်မူ၏”။
ပဿခါ ပွဲအပြီး ရက်ပေါင်း (၅၀) မြောက်သောနေ့ ပင်တေ္တကုတေ နေ့တွင် ယေရုရှလင် မြို့၌ ၀ိညာဉ် မီးလောင်ခြင်း အခြားသောဘာသာ စကားများပြောခြင်း တို့နှင့် အတူ ဂျူးလူမျိုး အယောက် ၃၀၀၀ ခန့် ပြောင်းလဲပြီး ပထမဦးဆုံး သော အသင်းတော် မွေးဖွါးလာခဲ့သည်။ ယေရှုခရစ် ကို ငြင်းပယ် သတ်ဖြတ်ခဲ့သော ယေရုရှလင် ဂျူးဘာသာရေး ခေါင်းဆောင်များသည် ဤ ကနဦးဂျူးအသင်းတော်မှ ယုံကြည်သူ ခရစ်ယာန် များကို လိုက်လံ တိုက်ခိုက်ခဲ့သော် လည်း ဤ တိုက်ခိုက်မှု မှ ထွက်ပြေးတိမ်းရှောင် သူတို့ကြောင့် ခရစ်ယာန် ယုံကြည်ခြင်း သည် ရောမအင်ပါယာ တစ်ခုလုံးသို့ ပြန့်နှံ့သွားစေရန်အတွက် အဓိက တွန်းအားဖြစ်ခဲ့ရသည်။
ဓမ္မသစ်ကျမ်း နှောင်းပိုင်းကာလ
သခင်ယေရှု အသတ်ခံခြင်းနောက်ပိုင်းတွင် ဂျူးဘာသာရေး လုပ်ထုံး တစ်ခုဖြစ်သည့် တိရိစာၧန်ဖြင့် ယဇ်ပူဇော်ခြင်း ဓလေ့လည်း ပျောက်ကွယ်သွားခဲ့ရသည်။ ကျူးကျော်သိမ်းပိုက်သူ ရောမတို့ကို ပုန်ကန်တော်လှန်ရန် ကြိုးစားသဖြင့် အေဒီ ၇၀ တွင် ရောမစစ်တပ်က ယေရုရှလင်ကို စိစိညက်ကြေအောင် ဖျက်ဆီး ပစ်လိုက်သည်။ ယေရုရှလင်ဗိမ္မာန်လည်း လုံး၀ ပျက်စီးပျောက်ကွယ်သွားခဲ့ရသည်။
အေဒီ ၁၃၀ ခန့်တွင် Emperor Hadrian က ယေရုရှလင်မြို့နေရာ တွင် ရောမမြို့ တစ်ခုကိုတည်ဆောက်ခဲ့သည်။ ဂျူးလူမျိုးတို့ ပြန်လည် ပုန်ကန်သဖြင့် ယေရုရှလင် ပြန်လည် ပျက်ဆီးသွားပြန်သည်။ အေဒီ ၁၃၅ တွင် Emperor Hdrian က ယေရုရှလင်တွင် ဂျူးလူမျိုးများ ၀င်ခွင့်မပေး ပိတ်ပင်ခဲ့သည်။
နှစ်ပေါင်း ၂၀၀ ခန့် နောက်ပိုင်းတွင် ရောမဘုရင် ကွန်စတိုင်တင်း က ခရစ်ယာန်ဘာသာကို ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ပြီး ယေရုရှလင်တွင် ဘုရားကျောင်း များကို ဆောက်သည်။ အေဒီ ၃၃၅ တွင် Church of the Holy Sepulchre ကို သခင်ယေရှု အသတ်ခံရသော နေရာ နှင့် မြှုပ်နှံ ခဲ့သည့် ဂူ နေရာ တ၀ိုက်တွင် တည်ဆောက် ခဲ့သည်။ ထိုနေရာ၌ ပင် Emperor Hadrian က ထိုနှစ် မတိုင်ခင်လွန်ခဲ့သော နှစ် ၁၀၀ ခန့်တွင် ဗီးနပ်စ် နတ်ဘုရားကျောင်း တည်ခဲ့ဘူးသည်။ ယေရှုခရစ်တော် နှင့် ပတ်သက်သော ယုံကြည်မှု memory အားလုံး ပျောက်ကွယ်သွားရန် ရည်ရွယ်ချက်ဖြင့် တည်ခဲ့သည် ဟု ဆိုသည်။ ဗီးနပ်စ် နတ်ဘုရားကျောင်း အစား Church of the Holy Sepulchre သည် ယနေ့ထိတိုင်အောင် မားမားမတ်မတ် ဤနေရာတွင် တည်ရှိနေပေသည်။
ကမ္ဘာ့ ဘာသာရေးတို့၏ သန့်ရှင်းရာ မြို့တော် (Holy City)
ဂျူး၊ မူဆလင် နှင့် ခရစ်ယာန် ဘာသာ၀င်တို့သည် ခေတ်အဆက်ဆက် ယေရုရှလင်ကို သူပိုင် ကိုယ်ပိုင် ငြင်းခုံခဲ့၊ တိုက်ခိုက်ခဲ့၊ လုယူခဲ့ကြသည်။ ဂျူးလူမျိုးများအတွက် သန့်ရှင်းသော ဘာသာရေးမြို့တော်ဖြစ်သလို၊ ခရစ်ယာန် ဘာသာ၀င်တို့အတွက် သားတော်သခင်ယေရှု အသတ်ခံရပြီး အသက်ပြန်ရှင်ခဲ့သည့် မြို့တော်ဖြစ်ကာ၊ မူဆလင် ဘာသာ၀င်တို့အတွက် မိုဟာမက် ကောင်းကင်သို့ ချီဆောင်ခြင်း ခံရသည့် နေရာ၊ မြို့ဖြစ်သည်။
မူဆလင်ဘာသာ ၀င်တို့က ယေရုရှလင် မြို့ကို အရှည်ကြာဆုံး ထိမ်းသိမ်း နိုင်ခဲ့သည်။ အေဒီ ၆၀၀ ခန့်တွင် မူဆလင် တို့က သိမ်းပိုက်ခဲ့ပြီး ရာစုနှစ် ၁၂ ခု (နှစ်ပေါင်း ၁၂၀၀) ခန့် တိုင်တိုင် မူဆလင် လက်တွင် ရှိခဲ့သည်။ အေဒီ ၁၀၉၉ တွင် ဥရောပ မှ ခရူးစိတ် တပ်သားများက ခရစ်ယာန် တို့ အတွက် ခေတ္တခဏသာ သိမ်းပိုက် နိုင်ခဲ့သည်။ သို့သော် မူဆလင် လက်သို့ ပြန်လည်ရောက်ရှိသွားသည်။
၁၈၀၀ နှစ်လွန်ပိုင်း ရောက်သောအခါ တကမ္ဘာ လုံးပြန့်နှံ့သော ဂျူးလူမျိုးများ တဖြည်းဖြည်း ပြည်တော် ပြန်လာ ကြသည်။ အသစ်ရောက်လာသော ဂျူးများက အရင် ရှိနှင့်သော ပါလက်စတိုင်း ဒေသခံများထံမှ မြေကွက် များကို ၀ယ်ယူ လာကြရာမှ တဖြည်းဖြည်း ယေရုရှလင်တွင် ဂျူးလူဦးရေ အများစု ပြန်ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် တွင် စစ်ဖြစ်ပြီး ဂျူး လူမျိုးများက အစ္စရေးလ် နိုင်ငံ သစ်ကို ထူထောင်ကြောင်း ကြေငြာသည်။ စစ်ပွဲများ ဆက်လက် ဖြစ်ပွါးပြီး ယေရုရှလင် အနောက်ဖက်ခြမ်း ကို ဂျူးများက သိမ်းပိုက် လိုက်သည်။ သို့သော် Western Wall နှင့် အသန့်ရှင်းဆုံး အပိုင်း (Holiest city) ဖြစ်သည့် ယေရုရှလင် မြို့ဟောင်းကို မသိမ်းပိုက်နိုင်ခဲ့ပါ။ ၁၉၆၇ ခုနှစ်တွင် ဖြစ်သည့် စစ်ပွဲတွင် ယေရုရှလင် တစ်မြို့လုံးကို အစ္စရေးလ် တို့က သိမ်းပိုက် နိုင်ခဲ့သည်။
၂၁ ရာစု ယေရုရှလင်
ခေတ်သစ် ယေရုရှလင် လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ဂျူးလူမျိုးများဖြစ်ပြီး ပါလက်စတိုင်း အကြမ်းဖက်သမား တို့၏ အချိန်မရွေး တိုက်ခိုက်ခြင်း ကို ခံနေရသော မြို့ဖြစ်သည်။ သုံးပုံ တစ်ပုံ ရှိသော ပါလက်စတိုင်း တို့သည် ယေရုရှလင် ၏ ပြည့်ကြပ် နှက်သိပ်သော ဆင်းရဲသား ရက်ကွက်များဖြစ်သည့် အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှု များ အချိန်အခါ မရွေး ရှိနိုင်သော်လည်း ကမ္ဘာ့ ခရီးသွား ဧည့်သည် များ ၀င်လာ မဆဲတသဲသဲ ဖြစ်နေသည်။
ဂေသရှေမန် ဥယျဉ်
သခင်ယေရှု အဖမ်းခံရသည့် ညနေခင်းတွင် ဆုတောင်းခဲ့သည့် နေရာသည် သံလွင်တောင် ခြေရှိ သံလွင်ပင်ကြီးတစ်ပင်အောက်တွင် ဖြစ်သည်ဟု ကနဦး ခရစ်ယာန်များက ဆိုခဲ့သည်။ ထိုနေရာတွင် ရောမလူမျိုး များက ဘုရားကျောင်းတစ်ခုကို အေဒီ ၃၀၀ ပတ်၀န်းကျင်ခန့်တွင် တည်ခဲ့သော်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားခဲ့သည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံ ၏ ပံ့ပိုးမှု၊ အကုန်အကျခံမှုဖြင့် Church of All Nations ကို ၁၉၂၄ တွင် ဤနေရာတွင် ပြန်တည်သည်။ ထိုနိုင်ငံများမှာ Argentina, Brazil, Chile, Mexico, Italy, France, Spain, United Kingdom, Belgium, Canada, Germany, United States of America, Ireland, Hungary, Poland, Australia တို့ဖြစ်သည်။
Church of the Holy Sepulchre
သခင်ယေရှုသည် ဤဘုရားကျောင်း တည်သည့် နေရာတ၀ိုက်တွင် ကားတိုင်တင် အသတ်ခံရပြီ အလောင်းတော်ကို ဂူသွင်းခံရသည် ဟု အေဒီ ၃၀၀ နှစ်များ မှတစ်လျှောက် ပြောစမှတ်ပြုသည့် နေရာဖြစ်သည်။ ထို့ကြောင့် ရောမ နိုင်ငံက ထိုနေရာတွင် ယေရုရှလင်၏ ပထမဦးဆုံးသော ဘုရားကျောင်းတည်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြား ခရီးသွားများ ကို ဤဘုရားကျောင်းသို့ သွားလာခွင့် ပိတ်ထားသည်။ အေဒီ ၆၁၄ တွင် ပါးရှန်း နိုင်ငံ မှ မူဆလင်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရဖူးသည်။ အေဒီ ၁၁၀၀ ပတ်၀န်းကျင် ခန့်တွင် ခရူးစိတ် စစ်သားများ တည်ခဲ့သော အပိုင်းကို သာ နိုင်ငံခြားခရီးသွားများအား သွားလာခွင့် ပြုထားသည်။
Western Wall
သခင်ယေရှု သက်တော် ထင်ရှားစဉ် အခါ ရှိခဲ့သော ဂျူးဘာသာရေး အဆောက်အဦး၏ အစိတ်အပိုင်းဖြစ်သည်။ ၁၉၆၇ စစ်ပွဲ နောက်ပိုင်း တွင် မှ ဤ နေရာကို ဂျူးတို့ ပြန်လည် သွားလာခွင့် ရခြင်းဖြစ်သည်။ ယနေ့ ဂျူး ဘာသာရေး ကျောင်း၊ ဆုတောင်းရာ နေရာ များအဖြစ် အသုံးပြုသည့် နေရာဖြစ်သည်။
Dome of the Rock
ယနေ့ထိတိုင်အောင် ဂျူးလူမျိုးတို့က ယေရုရှလင် ဗိမ္မာန်တော်ကို ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိသည့် အကြောင်းမှာ ဤ နေရာတွင် အေဒီ ၆၉၁ နှစ် ကတည်းက တည်ထားခဲ့သော မူဆလင်တို့ ၏ ဗလီ (Dome of the Rock) ရှိနေခြင်းကြောင့် ဖြစ်သည်။ ဤ နေရာတွင် တချိန်က အာဗြဟံ သည် သားကို သတ်ပြီ ဘုရားသခင် အား ယာဇ်ပူဇော်ရန် ပြုသည့် နေရာဖြစ်သည်။ ဤ နေရာတွင်ပင် ဒေးဗစ်ဘုရင်ကြီးက ယဇ်ပုလ္လင် တည်ထားခဲ့ ပြီး၊ ဤနေရာမှပင် မိုဟာမက် ကောင်းကင်သို့ ချီဆောင်ခြင်းခံခဲ့ရသည် ဟု မူဆလင်ဘာသာ၀င်တို့က ယူဆသည်။
ယေရုရှလင်၏ သမိုင်းအကျဉ်းကိုအောက်ပါအတိုင်းနှစ်အပိုင်းအခြားဖြင့် လေ့လာနိုင်ပါသည်။
ဘီစီ (ခရစ်တော်မတိုင်ခင်နှစ်များ)
၁၀၀၀ – ဘုရင် ဒေးဗစ်က သိမ်းပိုက်သည်
၅၈၆ – ဘာဘုလုန် နိုင်ငံက ဖျက်ဆီးပစ်သည်
၃၃၂ – Alexander the Great ကသိမ်းပိုက်သည်
၃၂၀ – အီဂျစ် နိုင်ငံက သိမ်းပိုက်သည်
၁၉၈ – Seleucids လူမျိုးများက ဖျက်ဆီးပစ်သည်
၁၆၅ – ဂျူးလူမျိုးများ လွတ်လပ်ရေးရသည်
၆၃ - ရောမစစ်တပ်က သိမ်းပိုက်သည်၊ မြို့ရိုးကိုဖျက်ဆီးသည်
အေဒီ (ခရစ်သက္ကရဇ်)
၆၆ – ဂျူးလူမျိုးများရောမကို ပုန်ကန်ပြီးခေတ္တသိမ်းပိုက်သည်
၇၀ - ရောမစစ်တပ်က ပြန်လည်သိမ်းပိုက်သည်၊ ဗိမ္မန်တော်ကို ဖျက်ဆီးပစ်သည်
၁၃၂ – ဂျူးလူမျိုးများက ပြန်သိမ်းပိုက်သည်
၁၃၅ - ရောမစစ်တပ်က ပြန်သိမ်းပိုက်သည်၊ ဂျူးများကို မြို့ထဲ၀င်ခွင့်မပေး
၆၃၈ - အာရပ် မူဆလင်များက သိမ်းပိုက်သည်၊ Dome of the Rock တည်သည်
၁၀၇၁ – တူရကီ များက သိမ်းပိုက်သည်
၁၀၉၉ – ခရူးစိတ်ခရစ်ယာန်များက သိမ်းပိုက်သည်
၁၁၈၇ – မူဆလင်များက ပြန်သိမ်းသည်
၁၅၁၇ – တူရကီ အော်သိုမန် အင်ပါယာက သိမ်းပိုက်သည်
၁၉၁၇ – ပထမကမ္ဘာစစ် ဗြိတိသျှက သိမ်းပိုက်သည်
၁၉၄၉ – ဂျူးနှင့် ပါလက်စတိုင်းစစ်ဖြစ်သည်၊ မြို့နှစ်ခြမ်းကွဲသည်
၁၉၆၇ - ခြောက်ရက်စစ်ပွဲဖြစ်သည်၊ အစ္စရေးလ်က သိမ်းပိုက်သည်။
Copy :- CBC - သောင်းနိုးက ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။
Ref: Who’ who and where’s where in the Bible by Stephen M. Miller, Internet
Comments
Post a Comment