ထာဝရအတွက် ပြင်ဆင်ခြင်း
ရွှေခါနာန် TV မှ နားဆင်ကြသော မိတ်ဆွေများအားလုံး၊ မင်္ဂလာပါ။ နှုတ်ကပတ်တော်အားဖြင့် ဝေမျှပြီး ခွန်အားပေးချင်ပါတယ်။ လူတွေဟာ လောကမှာ အသက်ရှင်တဲ့အခါ၊ မိမိရဲ့ ဘဝရည်မှန်းချက်တွေနဲ့ ကြိုတင်ပြင်ဆင်ကြပါတယ်။ ဘွဲ့ထူး၊ ဂုဏ်ထူး၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ လုပ်ငန်းရှင်ကြီးများ ဖြစ်လာဖို့၊ လူငယ်ဆိုရင်လည်း အိမ်ထောင်ရေးအတွက် အထူးထူးအပြားပြား ဘဝရည်မှန်းချက်တွေနဲ့
ပန်းတိုင်ကို ထားပြီး ကြိုးစားကြပါတယ်။ ဒါပေမဲ့ ထာဝရဘဝနဲ့ ဆိုင်တဲ့ အရာတွေကို ဦးစားပေး ပြင်ဆင်ဖို့၊ နှုတ်ကပတ်တော်နဲ့ ဝေမျှပြီး တိုက်တွန်းလိုပါတယ်။သမ္မာကျမ်းစာ၊ မဿဲ ၂၄:၄၄ မှာ အခုလို ဖော်ပြထားပါတယ်။ “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ဒီနှုတ်ကပတ်တော်က လောကီအရာတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ ပြောတာ မဟုတ်ပါဘူး။ ထာဝရကာလနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ပြင်ဆင်မှုဟာ အရမ်း အရေးကြီးပါတယ်။
လူငယ်တစ်ဦးရဲ့ ဘဝရှင်သန်မှုကို ကြည့်မယ်ဆိုရင်လည်း၊ မိမိဘဝ တိုးတက်ဖို့၊ ကြီးပွားဖို့၊ အဆင်ပြေဖို့ ပြင်ဆင်ပြီး အသက်ရှင်ကြပါတယ်။ သို့သော် ဒါတွေဟာ လောကနဲ့ ဆိုင်တဲ့ အရာတွေသာ ဖြစ်ပါတယ်။ အဓိက ပြင်ဆင်ရမယ့်အရာက ထာဝရနဲ့ ဆိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။ လောကီအရာတွေဟာ ခဏတာသာ ဖြစ်ပြီး မမြဲဘူးဆိုတာ ထင်ရှားပါတယ်။
သမ္မာကျမ်းစာမှာ သူဌေးကြီးတစ်ဦးရဲ့ အကြောင်းကို ကြည့်မယ်ဆိုရင်၊ သူဟာ အရမ်း ကြွယ်ဝချမ်းသာလွန်းလို့၊ စိုက်ပျိုးထားတဲ့ စားနပ်ရိက္ခာတွေ ထားစရာ နေရာ မရှိလောက်အောင် ပေါများခဲ့ပါတယ်။ ဒါကြောင့် အဆောက်အဦတွေ ဖြိုဖျက်ပြီး၊ အသီးနှံတွေ သိုလှောင်ဖို့ နေရာသစ်တွေ ဆောက်လုပ်ခဲ့ရပါတယ်။ သူက ဘာပြောလဲဆိုရင်၊ “အိုငါ့ဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်၍ ပျော်မွေ့လော့” ဆိုပြီး၊ တစ်ခဏတာ ဘဝလေးကို ထာဝရ နေရမယ်လို့ ထင်မှတ်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ သူ့အသက်ဝိညာဉ်ကို ဘုရားသခင်က ပြန်နုတ်လိုက်တဲ့အခါ၊ သူ စုဆောင်းသိုလှောင်ထားတဲ့ ဥစ္စာပစ္စည်းတွေဟာ အလကား ဖြစ်သွားပါတယ်။ ဘုရားသခင်က “သင် သိုလှောင်စုဆောင်းထားတဲ့ ဥစ္စာတွေကို ဘယ်သူ ပိုင်မလဲ” လို့ မေးခဲ့ပါတယ်။
ဒါကြောင့် လောကမှာ နေရတဲ့အခါ၊ ဘယ်လောက်ပဲ ဥစ္စာပစ္စည်း ပေါကြွယ်ဝနေပါစေ၊ ယူသွားလို့ မရပါဘူး။ ထားခဲ့ရမှာသာ ဖြစ်ပါတယ်။ ဆာလံ ၃၉:၅-၆ မှာ အခုလို ဖော်ပြထားပါတယ်။ “အကျွန်ုပ် အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ် အရွယ်သည် ရှေ့တော်၌ ဘာမျှ မဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏ အထွတ်သို့ ရောက်သော်လည်း အနတ္တသက်သက် ဖြစ်ပါ၏။ အကယ်စင်စစ် လူသည် အရိပ်၌ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကို စည်းပုံးသော်လည်း၊ အဘယ်သူ ရအံ့သည်ကို မသိရပါ။”
ဒီကျမ်းပိုဒ်မှာ ဘာပြောလဲဆိုရင်၊ လောကလူသားတွေ ဘယ်လောက်ပဲ ဥစ္စာပစ္စည်းတွေ ပေါကြွယ်ဝနေပါစေ၊ သေသွားခဲ့ရင် အဲဒီဥစ္စာတွေကို ဘယ်သူ ပိုင်မလဲလို့ မေးထားပါတယ်။ ဆိုလိုတာက၊ ကျွန်တော်တို့ လူသားတွေ လောကမှာ အသက်ရှင်ရတာ ခဏလေးပါပဲ။ အရိပ်ကဲ့သို့သာ ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေ အဓိက ပြင်ဆင်ရမယ့်အရာက လောကုတ္တရာအတွက် မဟုတ်ဘဲ၊ ထာဝရအတွက် ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ “ထီးနဲ့ ဖိနပ် မပါ နွေအခါမှ သိ၊ လူ့ဘဝ ယေရှု မပါ သေခါမှ သိ” ဆိုသလို၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ ထာဝရကောင်းကင်ကို ရောက်ဖို့၊ အခုကတည်းက ပြင်ဆင်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် သခင်ယေရှုဟာ လောကလူသားတွေ ကောင်းကင် ထာဝရနေရာ ရောက်ဖို့ရာ၊ လူ့ဇာတိကို ခံယူပြီး၊ လူသားတွေ ပြုသမျှ အပြစ်ကြွေးအားလုံးအတွက် ကားတိုင်မှာ အသေခံ ပေးဆပ်ခဲ့ပါတယ်။ ထို့နောက် ၃ ရက်မြောက်သော နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြောက်သော ဘုရားဖြစ်ပါတယ်။ ထိုယေရှုခရစ်တော်ဘုရားကို ယုံကြည် လက်ခံ ရရှိထားမယ်ဆိုရင်၊ ထာဝရအတွက် ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ ထာဝရ အပြစ်စီရင်ခြင်း၊ အပါယ်ငရဲ သွားစရာ မလိုတော့ဘဲ၊ ထာဝရကောင်းကင်ကို ဝင်စားရမှာ ဖြစ်ပါတယ်။ ဒါကို ဒီနှုတ်ကပတ်တော်အားဖြင့် ဝေမျှပြီး တိုက်တွန်းအပ်ပါတယ်။ ကြားနာရတဲ့ သူအယောက်စီတိုင်းကို ဘုရား ကောင်းကြီးပေးပါစေ။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ
1. လောကီဘဝရည်မှန်းချက်တွေအတွက် ပြင်ဆင်နေတဲ့ သင့်ဘဝမှာ၊ ထာဝရနေရာအတွက် ဘယ်လောက် အချိန်ပေးပြီး ပြင်ဆင်ထားပြီလဲ။
2. ယေရှုခရစ်တော်ကို လက်ခံပြီး ထာဝရကောင်းကင်ကို ဝင်စားဖို့ အဆင်သင့် ဖြစ်ပြီလား၊ ဒါမှမဟုတ် ဘာတွေက သင့်ကို နှောင့်နှေးစေနေတာလဲ။
(ဆရာစဖိုးနေအေး)
Comments
Post a Comment