လမ်းနှစ်သွယ်

              အသက်ရှင်တော်မူသော ဘုရား၏ နာမတော်ကို ချီးမွမ်းပါသည်။ (မဿဲ ၇:၁၃-၁၄) တွင် "ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သော လမ်းနှင့် တံခါးသည် အလွန်ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သော လမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏" ဟု ဖော်ပြထားသည်။  


              ဤကျမ်းစာကို ဖတ်သောအခါ

လောကလူသားများကို မည်သို့ သတိပေးသနည်း။ "ကျဉ်းသော တံခါးကို ဝင်ပါ" ဟု ဆိုထားသည်။ ပျက်စီးခြင်းသို့ ရောက်သော တံခါးသည် ကျယ်ဝန်းသည့်အတွက် ဝင်သူများ များပြီး၊ အသက်ရှင်ခြင်းသို့ ရောက်သော လမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည့်အတွက် ဝင်သူများ နည်းသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ လောကတွင် လူများသည် လမ်းကျယ်ကို လျှောက်သူများ များပြားသည်။ လမ်းကျယ်တွင် အပျော်အပါးများ၊ ကာရာအိုကေ၊ နိုက်ကလပ်များ၊ မူးရစ်သောက်စားခြင်း၊ အပျော်ပါးခြင်းများ ရှိမည်ဖြစ်သည်။ ထို့ကြောင့် လူများသည် လောကထဲတွင်သာ ပျော်ပါးကြသည်။  


သို့သော် ဘုရားသခင်နှင့် တွေ့မည့်နေရာ၊ အသက်ရှင်မည့်နေရာသို့ ရောက်မည့် လမ်းကို လူများ စိတ်ဝင်စားကြသည် မဟုတ်ပေ။ ဝင်သူများလည်း နည်းသည်ဟု ဖော်ပြထားသည်။ ဘုရားဆီသို့ ရောက်မည့် လမ်းသည် ကျဉ်းမြောင်းသော်လည်း အသက်ရှင်ခြင်းသို့ ပို့ဆောင်သော လမ်းဖြစ်သည်။ လမ်းကျယ်သည် စိတ်လွတ်ကိုယ်လွတ် သွားလာနိုင်သော်လည်း၊ ပျက်စီးခြင်းသို့ ရောက်မည့် လမ်းသာဖြစ်သည်။ ထိုပျက်စီးခြင်း၏ လမ်းတွင် အချိန်ကုန်နေမည်၊ သွားနေမည်ဆိုပါက ပျက်စီးခြင်း ငရဲသို့သာ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က "လမ်းကျဉ်းသို့သာ ဝင်ပါ" ဟု ပြောထားခြင်းဖြစ်သည်။  


(ယောဟန် ၁၄:၆) တွင် ယေရှူက "ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ဘယ်သူမှ ခမည်းတော်ထံ မရောက်နိုင်ဘူး" ဟု မိန့်တော်မူသည်။ ဆိုလိုချင်သည်မှာ လောကတွင် လမ်းများ မြောက်များစွာ ရှိနေသော်လည်း၊ ကောင်းကင်သို့ ရောက်မည့် အသက်လမ်းသည် သူ့ကို ယုံကြည်လက်ခံခြင်း တစ်လမ်းတည်းသာ ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ လောကတွင် လူများသည် ကောင်းမှု၊ ကုသိုလ်၊ အကျင့်လမ်းများနှင့် ကောင်းသောနေရာသို့ ရောက်ရန် ကြိုးစားကြသည်။ သို့သော် တကယ့်အသက်ရှင်ခြင်းသို့ ရောက်မည့် လမ်းသည် ခရစ်တော် တစ်ပါးတည်းသာ ရှိသည်ဟု ဖော်ပြထားသည်။  


(ယေရမိ ၆:၁၆) တွင် "ထာဝရဘုရား မိန့်တော်မူသည်ကား ‘လမ်းနားမှာ ရပ်၍ ကြည့်ရှုကြလော့။ ရှေ့လမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းလျက်၊ ထိုလမ်းသို့ လိုက်ကြလော့’" ဟု ဖော်ပြထားသည်။ ထို့ကြောင့် မိမိ သွားနေသော လမ်းသည် စိတ်ချမှု ရှိရဲ့လား၊ ကိုယ်လျှောက်နေသော လမ်းသည် ဘယ်နေရာသို့ ဦးတည်နေသနည်းဆိုတာကို သိဖို့ လိုအပ်သည်။ ဘုရားသခင်က "ကောင်းသော လမ်းသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းပြီး၊ ထိုလမ်းကို လိုက်ပါ" ဟု မိန့်တော်မူသည်။  


ထို့ကြောင့် သခင်ခရစ်တော်သည် ကောင်းကင်မှ ဆင်းကြွလာသော ဘုရားဖြစ်သည်။ ကောင်းကင်တွင် သူ၏ ဘုရားဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး၊ လူ့ဇာတိကို ခံယူကာ၊ လောကတွင် လူသားများနှင့် အတူနေ၍ ပေါင်းဖော်ပြီး၊ လူသားများကို ချစ်ကြောင်း ပြသခဲ့သည်။ ဘုရားသခင်သည် မည်သို့ အသက်ရှင်သလဲ၊ မည်သို့ လမ်းပြသလဲ၊ မည်သို့ သွန်သင်သလဲ ဆိုသော သမ္မာတရား၏ လမ်းကို ပြသခဲ့သည်။ သီချင်းတစ်ပုဒ်တွင် "ကားတိုင်ဖြင့် အိမ်ရောက်" ဆိုသော စာသားလေး ရှိသည်။ ဆိုလိုသည်မှာ လောကလူသားများ ကောင်းကင်ဘုံသို့ ရောက်ရန်၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ပြီး၊ သင်္ဂြိုဟ်ခံရပြီး၊ တတိယရက်မြောက်နေ့တွင် ထမြောက်ခဲ့သည်။ သေခြင်းကို အောင်သော ဘုရားဖြစ်သည်။  


ထို့ကြောင့် လောကလူသားများ ပျက်စီးခြင်း ငရဲမှ လွတ်မြောက်ပြီး၊ ကောင်းကင်သို့ ရောက်ရှိရန် လမ်းကျယ်ကို မလိုက်ကြဘဲ၊ လမ်းကျဉ်းသို့ ဝင်ကြပါဟု တိုက်တွန်းထားသည်။ လမ်းကျယ်၏ အဆုံးသည် သေခြင်းသို့ ပို့ဆောင်သော လမ်းဖြစ်သည်။ ယေရှူကို လူများက လက်မခံချင်၊ မကိုးစားချင်ကြပါ။ ထို့ကြောင့် ယေရှူက "ကျဉ်းသော တံခါးကို ဝင်ပါ" ဟု မိန့်တော်မူခြင်းဖြစ်သည်။  


ထို့ကြောင့် မိမိ လျှောက်နေသော လမ်းသည် မည်သည့်လမ်းဖြစ်သနည်းဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်သည်။ တမလွန်အတွက် တကယ်မှန်ကန်သော လမ်းဖြစ်ပါသလား။ တမလွန်အတွက် အာမခံချက် ပေးသော လမ်းဖြစ်ပါသလား။ ထိုအချက်များကို သုံးသပ်ပြီး၊ ယေရှူဆိုသော သမ္မာတရား၏ လမ်းထဲသို့ ဝင်လာကြပါ။ ထိုယေရှူခရစ်တော် တည်းဟူသော သမ္မာတရား၏ လမ်းကို လျှောက်မည်ဆိုလျှင်၊ ကောင်းကင်နိုင်ငံ၊ ထာဝရအသက်၏ လမ်းသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဝေမျှ၍ တိုက်တွန်းလိုပါသည်။ အယောက်စီတိုင်းကို ဘုရားသခင်က ကောင်းကြီးပေးပါစေ။  


ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:

1. သင်လျှောက်နေသော လမ်းသည် "လမ်းကျဉ်း" သို့မဟုတ် "လမ်းကျယ်" ဖြစ်ကြောင်း မည်သို့ ဆင်ခြင်သုံးသပ်ပြီး၊ ၎င်းက သင့်ဘဝတွင် မည်သို့ ပြောင်းလဲမှုများ လိုအပ်သည်ဟု ထင်သနည်း။  

2. ယေရှူခရစ်တော်ကို သမ္မာတရား၏ လမ်းအဖြစ် ယုံကြည်လက်ခံခြင်းသည် သင့်တမလွန်အတွက် အာမခံချက်ကို မည်သို့ ပေးနိုင်မည်နည်း။


ဆရာအောင်မြင့် -  မြစ်ကြီးနား

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?