ဖခင်များနေ့တရားဒေသနာ
နိဒါန်း
ကျွန်ုပ်တို့ ယုံကြည်သူများသည် ဘုရားသခင်ရဲ့ သားသမီးများဖြစ်ကြသလို ဘုရားသခင်သည်လည်း ကျွန်ုပ်တို့ ရဲ့ အဖဖြစ်ပါသည်။ ဆရာကြီးတစ်ပါးက တိရစ္ဆာန်များကို သတ္တဝါဟုမခေါ်သင့်ဟုဆိုပါသည်။ အကြောင်းမှာ တိရစ္ဆာန်တို့ တွင်သတ္တတည်းဟူသော သိခြင်းခုနှစ်ဖြာရှိသည်မဟုတ်။ လူသာလျှင် သိခြင်းခုနှစ်ဖြာရှိကာ လူသတ္တဝါဟု ခေါ်သင့်သည်ဟု ၎င်းကဆိုပါသည်။ လူတွင်ရှိသော သိခြင်းခုနှစ်ဖြာတွင် ထာဝရနှင့်ပတ်သက်သော အသိတရားက လေးဖြာရှိပြီး လောကနှင့်ပတ်သက်
သောအသိတရားက သုံးဖြာဖြစ်သည်။ ထိုသိခြင်းများတွင် အထူးအဆန်းဆုံးအရာက လူတွင်ရှိသော သြတ္တပ္ပစိတ်ဖြစ်သည်။ (က၊၂)တွင် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူပြီး ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူပါသည်။ လူအား ဧဒင်ဥယျာဉ်ကိုမစိုက်ပျိုးခိုင်းပါ။ ဘုရားသခင်သည် လူကိုဖန်ဆင်းပြီးနောက် နေ့ စဉ်လာကာ လူနှင့်မိတ်သဟာယဖွဲ့ တော်မူပါသည်။ ပညတ်နှင့်တွဲကာ သတိပေးစကားကိုလည်း မိန့် တော်မူပါသည်။ ပညတ်က ကောင်းမကောင်းသိကျွမ်းရာ အပင်ရဲ့ အသီးကိုမစားနှင့် စားလျှင်သေမည်ဟုဖြစ်သည်။ (က၊ ၂း၁၆-၁၇)ဗီဇသုံးဖြာနှင့် တွဲဖက်ကာ မင်္ဂလာဖြစ်ဖို့ ထို့နောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့် ဖြင့် လူကိုဖန်ဆင်းကာ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်။ လူသည်အသက်ရှင်သောသတ္တဝါဖြစ်၏။ (က၊ ၂း၇) ဘုရားသခင်သည် လူကိုဖန်ဆင်းရာတွင် ဖြစ်စေဟု နှုတ်ထွက်အားဖြင့်ဖန်ဆင်းသည်မဟုတ်ပါ။ ဦးစွာ မြေမှုန့် ကိုယူ၍ ပုံသွင်းဖန်ဆင်းပါသည်။ သို့ သော် အသက်မရှိသေးပါ။ ထို့ နောက် ဘုရားသခင်သည် မိမိနှင့်သဏ္ဍန်တူ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည်အသက်ရှင်သောသတ္တဝါဖြစ်လာပါသည်။ ဘုရားသခင်သည် လူကိုအသေးစိတ်ပုံသွင်းဖန်ဆင်းထားခြင်းဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းသောလူသားတွင် သြတ္တပ္ပစိတ်ရှိသည်။ သြတ္တပ္ပသည် အလိုအလျှောက်သိသော အသိပညာဖြစ်သည်။ ကာယနှင့်ပတ်သက်၍သိရာတွင် အနီး၌ပုပ်နေသော အရာတစ်ခုရှိပါက မမြင်သော်လည်း အနံ့ အာရုံကသိနေသည်။ ထိုသို့ သိဖို့ ရန် ကျောင်းတက်ဖို့ မလို၊ သင်ပေးဖို့ မလိုပါ။ ထို့ အတူ သာယာသောအသံနှင့် ဆူညံသောအသံကိုလည်း ခွဲခြား၍သိပါသည်။ (က၊၄)တွင် ညီအစ်ကိုနှစ်ယောက်ကိုတွေ့ ရသည်။
လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့် ပဋိသန္ဒေဆွဲယူ၍ ကာဣနကိုဘွားမြင်လျှင် ထာဝရဘုရား၏လူကို ငါရပြီဟုဆိုလေ၏ (က၊ ၄း၁)။ ဘုရားသခင်သည် လူအား ဗိဇသုံးဖြာနှင့်တွဲဖက် မင်္ဂလာရှိဘို့ ဖန်ဆင်းတော်မူပါသည်။ မင်္ဂလာရှိစွာတုန့် ပြန်၍ရှင်သန်ပါက မင်္ဂလာအကျိုးကို အမှန်ပင်ခံစားရမည်ဖြစ်ပါသည်။ အရွေးမှား၍မင်္ဂလာပျောက်သွားရသည်မှာ လူဘက်ကချွတ်ယွင်းမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူကိုပွားများစေဘို့ ဗီဇသဘာဝနှင့်ဖန်ဆင်းသော်လည်း ဘုရားသခင်၏အကြံအစည်တော်ကို ပြည့်စုံစေဖို့ ဆင်ခြင်သည့် အတွင်းအာရုံပျောက်နေကြသည်။ ဘုရားသခင်က ပွားစေလိုသော်လည်း မွေးလာမည့်ကလေးကို ကြည့်ရှုပြုစုရမည့်တာဝန်ကို စဉ်းစားပြီး ကလေးမယူသေး။ ငါလိုချင်မှငါယူမည်ဟုဆိုကြသည်။ ထိုသို့ ပြုကြရင်းနှင့် အလေးလိုချင်သည့် အချိန်တွင်မရနိုင်ကြတော့။
ထိုအထဲတွင် ယနေ့ အမှုတော်ဆောင်များပင် ပါနေကြသည်။ မွေးလာမည့်ကလေးတစ်ယောက်ကို အဆင့်မြင့်မြင့်ကျောင်းတွင် မထားနိုင်လျှင် ဒုက္ခဟု သူတို့ ကတွေးကြသည်။ အချို့ က သားသမီးများ ပညာရေးကိုငွေကြေးနှင့်တည်ဆောက်ပေးဘို့ စဉ်းစားကြရင်း သိန်းနှစ်ဆယ်သုံးဆယ်ကုန်ပြီးမှ ဆယ်တန်းမအောင်ကြသူများရှိသလို ရိုးရိုးကျူရှင်ကလေးထားပြီး အောင်သွားကြသူများလည်း ရှိကြပါသည်။ ယခင်က အိမ်ထောင် ကျပြီးသူများအား အလေးမရသေးဘူးလားဟုမေးကြသည်။ ယနေ့ တွင်မူ ကလေးမယူသေးဘူးလားဟုမေးကြသည်။
ဝေါဟာရစကားကပြောင်းသွားသည်။ ပြောကြ၊ မေးကြသောစကား၌ ဇာတိသံပါလာသည်။ အချို့ မိဘများက မဟာဝိဇ္ဖာမပြီးသေး၍ ကလေးမယူသေးဟုပြောကြသည်။ ထိုသို့ ပညာနောက်လိုက်ရင်းနှင့် အချိန်လွန်သွားပြီး ကလေးမရကြတော့ ဘုရားသခင်က မိနှင့်ဖဖြစ်ဘို့ ပြင်ဆင်ပေးပါလျှက် မိခင်၊ဖခင်ဖြစ်ခွင့်မရကြတော့၊ ဘုရားသခင်က မင်္ဂလာနှင့် သားသမီးရတနာဖြစ်ဘို့ ပြင်ဆင်ပေးပါလျှက် မိမိဇာတိအလိုဆန္ဒနောက်လိုက်မိသဖြင့် မရကြခြင်းမှာ လူ့ လက်ကချွတ်ယွင်းချက်ဖြစ်သည်။
ဝိဉာဏဗီဇသဘာဝကိုရ၍ ဘုရားသခင်ဆုချပေးတော်မူသော သားသမီး၊ ရတနာတို့ ၌ မိဖတို့ ထံမှ ဗီဇသုံးဖြာပါလာကြပါသည်။ ထိုဗီဇသုံးဖြာကို သိသူရှိသလို မသိသူလည်းရှိသည်။ အချို့ ကသိပါလျှက် မယုံကြည်သူရှိသလို၊ သိပြီးယုံကြသူလည်းရှိပါသည်။ ပထမဗီဇက ဝိဉာဏဗီဇဖြစ်သည်။ ထိုဗီဇက ကောင်းကင်ဘုံရှင်အဖဘုရားထံမှလာပါသည်။ (က၊၂)တွင် အာဒံမှဆင်းလာသည့် ညီအစ်ကိုနှစ်ဦးကိုတွေ့ ရသည်။ အစ်ကိုကြီး ကာဣနဖြစ်ပြီး ညီက အာဗြေလဖြစ်သည်။ သူတို့ သည် အရွယ်ရောက်လာသောအခါ အလုပ်လုပ်ကြသည်။ အစ်ကိုကြီးကလယ်လုပ်ပြီး ညီကသိုးထိန်းဖြစ်သည် ဘုရားသခင်၏အလိုတော်က အရွယ်ရောက်သူတိုင်း အလုပ်လုပ်ကြဖို့ ဖြစ်သည်။ မိမိကိုယ်တိုင်က အလုပ်မလုပ်ဘဲ ရေသာခို၍အခြားသူများ၏ ကြွယ်ဝမှုကိုမှီခိုဘို့ ဘုရားသခင်အလိုတော်မရှိပါ။
အချို့ ယောက်ျားလေးများက လုံလဝီရိယပြု၍အလုပ်မလုပ်ချင်ကြ၊ ချမ်းသာကြွယ်ဝသောမိန်းကလေးတစ်ဦးကို အိမ်ထောင်ဖက်၍ ဖြတ်လမ်းနည်းဖြင့် ကြွယ်ဝလာဖို့ ဉာဏ်နှင့်တွေး၍အားထုတ်ကြသည်။ လောကီကဏ္ဍကြွယ်ဝသလိုရှိသော်လည်း မိန်းမထမီအနားခိုစားသူဟု အပြောခံရသည်။ သိက္ခာမရှိသောလုပ်ရပ်ဖြစ်သည်။ ထိုသို့ ပြုသင့်မပြုသင့် သြတ္တပ္ပစိတ်က အသိပေးသော်လည်း အလေးမထားကြ၊ ကာဣနနှင့် အာဗြေလတို့ သည် အချိန်တန်သောအခါ ပူဇော်သက္ကာကို ဘုရားသခင်ထံယူဆောင်လာကြသည်။ ကာဣနက လယ်ထွက်အသီးအနှံကိုယူဆောင်လာပြီး အာဗေလက သိုးစုမှ အဦးဖွားသောသိုးနှင့် ဆီဥကိုဆောင်ခဲ့ပါသည်။
ဘုရားသခင်သည် အာဗေလ၏ပူဇော်သက္ကာကိုလက်ခံသော်လည်း ကာဣန၏ပူဇော်သက္ကာကိုလက်မခံပါ။ ဘုရားသခင်သည် မည်သည့်အရာကို နှစ်သက်သည်ကို သြတ္တပ္ပက သင်ပေးသော်လည်း ကာဣနက အလေးမထားပါ။ လူ၌လုပ်သင့်သည့်အရာ မလုပ်သင့်သည့်အရာကို အသိပေးဖော်ပြသော သြတ္တပ္ပစိတ် ဗီဇထဲ၌ပါလာပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသောသူ တို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ (ရော၊ ၈း၁၄) တမန်တော်ကြီးက ဘုရားသခင်၏သားဖြစ်သူတိုင်းသည် ဘုရားသခင်ဆုံးမပဲ့ပြင်တော်မူကြောင်းကို သိသောဝိညာဉ်သဘာဝအလင်းရှိကြောင်း ဖော်ပြထားသည်။ ဘုရားသခင် သည်လောက၌ရှိသော မိမိသားသမီးများအားဖြင့် လောကီသားများရှေ့ ၌ ဘုန်းထင်ရှားစေဖို့ အလိုတော်ရှိပါသည်။
စိတ်ဓါတ်ရေးရာဗီဇ သားသမီးတို့တွင်ပါလာသော မိဘတို့ထံမှနောက်ထပ်ဗီဇတစ်ခုမှာ စိတ်ဓါတ်ရေးရာဗီဇဖြစ်သည်။ ထိုဗီဇကဉာဏ်ထက်သည်။ ပါးနပ်သည်။ ပညာဆည်းပူးရာတွင်လွယ်ကူသည်။ ဖခင်ကထက်မြက်လျှင် ထက်မြက်သလို သားသမီး၌ပါလာသည်။ လောက၌အသက်ရှင်စဉ် မိမိအတွက်အကျိုးရှိမည့်အရာကို ရွေးချယ်၍အသက်ရှင်တတ်သည်။ ယာကုပ်၏ဘုရားသခင်ကိုယုံကြည်သောဗီဇ၊ ကြောက်ရွံ့သောဗီဇ မည်သည့်သားသမီး၌ရသနည်း။ အခြားသောသားများ၌မရ။ ယောသပ်၌ရသည်။ ဘုရားသခင်သည် ယောသပ်အား အိပ်မက်ရူပါရုံဖြင့်စကားပြောပါသည်။
ယောသပ်အား ဘုရားသခင်က သင်သည် ဖခင်နှင့်အစ်ကိုများအားကိုး ရသောသူ၊ အမှီပြုရသောသူဖြစ်မည်ဟု မိန့်တော်မူပါသည်။ သို့သော် ထိုသို့မိန့်တော်မူသောသူကကျွန်ဖြစ်သွားပါသည်။ လူ့အမြင်၌ကြည့်မြင်ပါက ဘုရားသခင် မှားပြီလားဟု ဆိုဘွယ်ရှိသော်လည်း ဘုရားသခင်မမှားပါ။ အစ်ကိုတို့က ယောသပ်အား ကျွန်ဖြစ်ဖို့ရောင်းသော်လည်း သခင်ဖြစ်သူ ပေါတိဖာအိပ်၌ ယုံကြည်၍ တစ်အိမ်လုံးအပ်နှံခြင်းခံရသည်အထိ ဘုရားရှင်ကယောသပ်အား ချီးမြောက်ပါသည်။ ယောသပ်ဘက်၌ဘုရားရှင်ပါရှိပါသည်။ ထိုအချိန်၌စုံစမ်းနှောက်ယှက်ခြင်းက သခင်မယားကယောသပ်အား နှစ်သက်၍သူနှင့်အတူ အိပ်ဖို့သွေးဆောင်ပါသည်။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်းဟု သခင်မယားကိုငြင်း၍ ပြန်ဆို၏ (က၊ ၃၉း၉)။
ယောသပ်သည် ဘုရားသခင်ကိုကြောက်ရွံ့၍ မပြုသင့်သောအမှုကို ရှောင်ပါသည်။ ယနေ့ကျွန်ုပ်တို့၌မပြုသင့်သည်အရာကို မပြုမိဖို့ရန် ဘုရားသခင်က အသိဉာဏ်ဗီဇထည့်ပေးထားသည်ကို သတိပြုကြပါ။ ယောသပ်သည် ဘုရားသခင်၏စကားကြောင့် မမှားယွင်း အပြစ်ကိုရှောင်သော်လည်း သခင်မ၏လှည့်စားတိုင်တန်းမှုကြောင့် ထောင်ကျသွားပါသည်။ အချို့သောအချိန်များတွင် အမှန်ကိုပြုပါလျှက် လူ့ဥပဒေအရ အပြစ်ကိုဖော်ရာ၌ လူရှေ့တွင် အမှန်မပေါ်တတ်ပါ။ အမှားက အမှန်ကဲ့သို့ဖော်တတ်သည်။ သို့သော် ဘုရားရှေ့တွင် အစဉ်သဖြင့် အမှန်ကပေါ်နေပါသည်။ ယောသပ်သည် ထောင်ထဲရောက်မှ ဖာရောဘုရင်ထံနားပေါက်ပြီး အဆုံး၌ အိပ်မက်ရူပါရုံအတိုင်း ချီးမြောက်ခြင်းခံခဲ့ရပါသည်။
ကာယဗီဇလည်းအမွေရသည် ဖခင်ထံမှကာယနှင့်ပတ်သက်သော ဗီဇသဘာဝလည်း သားသမီး၍ပါလာတတ်ပါသည်။ ဖခင်ကအရပ်ရှည်ပြီး မိခင်ကလေးပေ မပြည့်ပါက သားသမီးတို့၍ အချို့က ဖခင်ဘက်လိုက်ပြီး အရပ်ကမိုးထိုးသည်အထိမြင့်တတ်သလို၊ အချို့က မိခင်ဘက်လိုက်ပြီး ပုတတ်သည်။ ထိုသက်သေက မိဘနှစ်ပါးမှပါလာသော ကာယဗီဇသဘာဝဖြစ်သည်။ ဖခင်ကကြံံ့ခိုင်သန်စွမ်းလျှင် သားသမီးကလည်းကြံ့ခိုင်သန်စွမ်းတတ်သည်။ ဖခင်ကအသားညိုလျှင် သားသမီးလည်းအသားညိုသည်။ ထို့အတူ ဖခင်၊ မိခင် အနုပညာဘက်အားသန်ပါက သားသမီး၌လည်း ထိုဗီဇသဘာဝပါလာပြီး အနုပညာဘက်၌ ထူးချွန်ထက်မြက် တတ်သည်။
ဖခင်များကလည်း သားသမီးများ၌ မိမိတို့ကာယဗီဇစွမ်းရည်များပါလာကြသည်ကို တွေ့ရသည့်အခါ ဝမ်းသာကျေနပ်၍ ပီတိဖြစ်ကြရသည်။ အချို့ သားသမီးများက ဖခင်နှင့်တူရှိသလို၊ မိခင်နှင့်တူကြသည်များလည်းရှိသည်။ သားသမီးများက မိဖထံမှကောင်းသော အမွေဗီဇရကြသည်ရှိသလို မကောင်းသောအမွေ ဗီဇရကြသည်များလည်း ရှိကြသည်။ အဖေတူသား၊ အမေတူသားဟု ပတ်ဝန်းကျင်ကပြောကြပါက မိဘများ ဝမ်းသာကြည်နူးကြရသည်။ အဖေလည်းလူဆိုးဖြစ်မှ သားလည်းဆိုးပြီပေါ့ဟု အပြောခံရပါက မိမိအတွက်လည်းမကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းပါ။
သို့ဖြစ်၍ ဖခင်များအနေနှင့် အထက်ဖော်ပြ ခဲ့သောဗီဇသုံးဖြာကို မိမိတို့သားသမီးများ၌ လက်ဆင့်ကမ်းအမွေပေးနေကြသူများဖြစ်၍ အခွင့်ထူးသလို၊ တာဝန်လည်းကြီးပါသည်။ ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ (ယော၊ ၁း၁၂)။ ယုံကြည်သူတိုင်းအား ဘုရားသခင်ကပေးသောအမွေဖြစ်သည်။ ထိုဗီဇအမွေကို အလေးထားအသက်ရှင်သောသူတိုင်း လောကကိုအောင်မြင်ကြသူများဖြစ်ကြသည်။
ယနေ့ လောကကို အောင်မြင်သော ဖခင်များကို အသင်းတော်၊ အိမ်ထောင်၊ တိုင်းပြည်၊ ပတ်ဝန်းကျင်တို့၌ လိုအပ်နေပါသည်။ ဖခင်များအနေနှင့်လည်း ဘုရားသခင်ရှေ့တော်၌ မည်သည့်ဗီဇသဘာဝက အားသန်သလို၊ မည်သည့်ဗီဇသဘာဝက အားနည်းသည်ကိုသိပြီး ပြင်ဆင်ကြလျှက် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ပြုထိုက်သောဖခင်ဖြစ်ဖို့ အလေးဂရုပြုသင့်ပါသည်။ သားသမီးများဆိုး၍ဆုံးမရခက်နေလျှင် စိတ်မပျက်ပါနှင့်၊ အားမလျော့ပါနှင့်၊ ဘုရားသခင်မစတတ်နိုင်ပါသည်။ ဘုရားသခင်ဘက်လှည့်၍ ကိုယ်တော်ကို ကိုးစားပါက နောက်ကျသည်မရှိပါ။ ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော (ယေရမိ ၃၂း၂၇)။ ဘုရားသခင်အားဖြင့် သားသမီးများ အသက်တာပြောင်းလဲလာနိုင်ပါသည်။
သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။ (ဆာ၊ ၁၀၃း၁၈)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလေးဂရုပြုနှလုံးသွင်း၍ အသက်ရှင်သောဖခင်တို့၏ ကောင်းသောဗီဇသဘာဝအမွေသည် သားစဉ်မြေးဆက်တိုင် ဘုရားသခင်သက်ရောက်စေသည်ဖြစ်၍ မိမိတို့သားမြေးများ၌ မင်္ဂလာရှိသောဗီဇအမွေသုံးဖြာကို လက်ဆင့်ကမ်းပေးနိုင်သော ဖခင်များဖြစ်ဖို့ရန် အာရုံပြုအသက်ရှင်ကြဖို့ရန် ဖခင်များအား မေတ္တာနှင့် အားပေးတိုက်တွန်းလိုက်ပါသည်။
ရန်ကုန်ညီအစ်များအသင်းတော်
၂၁-၆- ၂၀၀၉ နေ့ ဒေသနာဝေငှချက် (ဦးတင်မောင်ထွန်း)
Comments
Post a Comment