ကြားဝင်နှောင့်ယှက်မှုများကို ဘုရားသခင်၏ အစီအစဉ်အဖြစ် လက်ခံခြင်း
“ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏။ ... ထို့ကြောင့် လှေစီး၍ တော၌ဆိတ်ကွယ်ရာအရပ်သို့သွားကြ၏။ သွားကြသည်ကို လူများတို့သည် မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အမြို့မြို့အရွာရွာတို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင်ရောက်၍ ... ယေရှုသည် ... သနားခြင်းစိတ်
တော်ရှိ၍ ...။” (မာကု ၆:၃၁-၃၄)ကြားဖြတ်နှောင့်ယှက်မှုများသည်
ကျွန်ုပ်တို့ကို လွယ်ကူစွာ စိတ်ဆိုးစေတတ်သည်။ မမျှော်လင့်ဘဲ ဝင်ရောက်လာသော
တောင်းဆိုမှုများက ကျွန်ုပ်၏ ပြီးစီးအောင်လုပ်ဆောင်ရန် ရှိသောအလုပ်များကို
အဟန့်အတားဖြစ်စေသည့်အခါ စိတ်မကျေနပ်မှုများ ဖြစ်ပေါ်တတ်သည်ကို ပြန်တွေးမိတိုင်း
ရှက်ရွံ့မိပါသည်။ ဥပမာ၊ စာရေးနေစဉ် စကားလုံးများ ရေလွှမ်းသလို စီးဆင်းနေချိန်တွင်
ဖုန်းမြည်လာခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးရန် တံခါးခေါက်သံကြားရခြင်းမျိုးသည်
မလိုလားအပ်သော နှောင့်ယှက်မှုများပင်ဖြစ်သည်။
သို့သော်
သခင်ယေရှုသည် ထိုသို့သော ကြားဝင်နှောင့်ယှက်မှုများကြောင့် ဘယ်သောအခါမှ
စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပါ။ အပြန်အလှန်အားဖြင့် ၎င်းတို့ကို ထိုနေ့အတွက်
ခမည်းတော်ဘုရားသခင်၏ ကြိုတင်စီစဉ်မှုအဖြစ် လက်ခံခဲ့သည်။ ဤသဘောထားက သူ၏အသက်တာတွင်
ကြီးမားသော ဟန်ချက်ညီမှုနှင့် စိတ်တည်ငြိမ်မှုကို ယူဆောင်လာခဲ့သည်။
တကယ်တော့၊
ဤကြားဝင်နှောင့်ယှက်မှုများသည် ကျွန်ုပ်တို့၏ အသုံးဝင်မှု၏
အရိပ်အယောင်များဖြစ်တတ်သည်။ Anglican Digest မှ စာရေးဆရာတစ်ဦးက “အနှောင့်အယှက်များကြောင့်
သင်စိတ်ဆိုးခဲ့လျှင် သင်၏အသက်တာသည် ၎င်းတို့အတွက် မည်မျှတန်ဖိုးရှိကြောင်း သတိရပါ။
ခွန်အားပြည့်စုံသူများသာ လိုအပ်နေသူများကို ကူညီနိုင်သည်။ ကျွန်ုပ်တို့
စိတ်ဆိုးသော အနှောင့်အယှက်များသည် ရှောင်လွှဲ၍မရသော အရာများဖြစ်သည်။ အကြီးမားဆုံး
အပြစ်တင်စရာမှာ မိမိတစ်ဦးတည်း သီးသန့်နေထိုင်ပြီး သူတပါးကို
မကူညီလိုခြင်းပင်ဖြစ်သည်” ဟု ရေးသားခဲ့သည်။
အလုပ်များနေသော
အိမ်ရှင်မတစ်ဦး၏ အတွေ့အကြုံကို ဖတ်ရသည်မှာလည်း သဘောကျစရာပင်။ တစ်နေ့တွင် သူမ
အလုပ်များနှင့် ရှုပ်နေစဉ် ခင်ပွန်းဖြစ်သူက ပုံမှန်ထက် စောစီးစွာ အလုပ်မှ
အိမ်ပြန်လာသည်။ သူမက အံ့အားသင့်စွာဖြင့် “ရှင် ဒီမှာ ဘာလုပ်နေတာလဲ” ဟု မေးလိုက်ရာ
ခင်ပွန်းက စိတ်မသက်သာသော အပြုံးဖြင့် “ငါ ဒီအိမ်မှာ နေထိုင်တာပဲလေ” ဟု ပြန်ဖြေသည်။
နောက်ပိုင်းတွင် ထိုအိမ်ရှင်မက “ထိုနေ့မှစ၍ ကျွန်မ ခင်ပွန်းအိမ်ပြန်လာတိုင်း
အလုပ်များကို ဘေးဖယ်ထားပြီး သူ့ကို နွေးထွေးစွာ ကြိုဆိုကာ သူသည်
အရေးကြီးသူတစ်ဦးဖြစ်ကြောင်း သိစေပါသည်” ဟု ရေးခဲ့သည်။
ထို့ကြောင့်
နံနက်တိုင်း ထိုနေ့အတွက် အရာအားလုံးကို ဘုရားသခင်၏ လက်တော်ထဲ အပ်နှံကာ
ဆုတောင်းသင့်သည်။ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို ကြားဝင်နှောင့်ယှက်လာပါက
ထိုသူသည် ဘုရားသခင် စေလွှတ်သူဖြစ်ကြောင်း သဘောပေါက်နိုင်သည်။ ၎င်းတို့ လာရသည့်
အကြောင်းရင်းကို စဉ်းစားရှာဖွေပြီး ဘုရားသခင် လုပ်စေလိုသည့်အတိုင်း
လုပ်ဆောင်သင့်သည်။
တစ်နေ့တာကို ဘုရားသခင်၏ အစီအစဉ်အတိုင်း
အပ်နှံခြင်းသည် နေ့စဉ်လုပ်ဆောင်သင့်သည့် အရေးကြီးဆုံး အရာတစ်ခုဖြစ်သည်။
JK
Comments
Post a Comment