ဒေးဗစ်လစ်ဗင်းစတုန်း

                (David Livingstone) (၁၈၁၃ - ၁၈၇၃)

             “အမေ ဒါကျွန်တော်တစ်ပါတ်အတွင်းရှာနိုင်ခဲ့တဲ့အရာပဲ” ဟု ဒေးဗစ်သည် သူ့မိခင်ပေါင်ပေါ် ငွေအနည်းငယ်တင်လျက် စိတ်ထက်သန်စွာ ပြောခဲ့သည်။ မိသားစု ဆင်းရဲမှုဒဏ်မှ လွတ်မြောက်ရန် သူရှာဖွေနိုင်ခဲ့သော ငွေအနည်းငယ်ကြောင့် စိတ်တက်ကြွလျက်ရှိသည်။ ကြင်နာသောမိခင်က “ဒါနဲ့ သားဘာလုပ်ချင်သလဲ” ဟု မေးလိုက်ရာ၊ သူက “အမေ ခွင့်ပြုမယ်ဆိုရင် လက်တင်သဒ္ဒါစာအုပ်တစ်အုပ် ကျွန်တော်ဝယ်

ချင်ပါတယ်” ဟု မဝံ့မရဲ ပြန်ပြောခဲ့သည်။ ဆင်းရဲမှုကြောင့် ကျောင်းမတက်နိုင်သော်လည်း ပညာရှာရန် သူ စိတ်အားထက်သန်ခဲ့သည်။


### ငယ်စဉ်ဘဝ

ဒေးဗစ်လစ်ဗင်းစတုန်းကို ၁၈၁၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် စကော့တလန်ပြည်တွင် မွေးဖွားခဲ့သည်။ သူ့မိဘများမှာ စိတ်အားထက်သန်သော ခရစ်ယာန်များဖြစ်ကြပြီး၊ ငယ်စဉ်ကတည်းက မိဘများထံမှ ခရစ်ယာန်အသက်ရှင်မှု သင်ခန်းစာများကို ရရှိခဲ့သည်။ သူသည် ကျမ်းစာကို စိတ်ထက်သန်စွာ လေ့လာခဲ့ပြီး အသက် ၉ နှစ်အရွယ်တွင် ဆာလံကျမ်းအခန်းကြီး ၁၁၉ တစ်ခန်းလုံးကို အလွတ်ရွတ်ဆိုနိုင်ခဲ့သည်။ ဆင်းရဲလွန်းသဖြင့် ကျောင်းမတက်နိုင်ခဲ့ဘဲ၊ အသက် ၁၀ နှစ်အရွယ်တွင် ချည်စက်တစ်ခုတွင် အလုပ်လုပ်ရန် သွားခဲ့သည်။ မနက် ၆ နာရီမှ ည ၈ နာရီအထိ အလုပ်လုပ်ခဲ့ရပြီး၊ အလုပ်လုပ်နေစဉ် လက်တင်စာအုပ်ကို အနီးတွင် ဖွင့်ထားကာ လေ့လာခဲ့သည်။ အိမ်ပြန်ရောက်ပြီး ပင်ပန်းနေသော်လည်း ညသန်းခေါင်အထိ စာလေ့လာခဲ့သည်။  


သူ၏ ကြိုးစားမှုကြောင့် လက်တင်ဘာသာစကားကို ကောင်းစွာ တတ်ကျွမ်းခဲ့ပြီး သိပ္ပံပညာကို စတင်လေ့လာခဲ့သည်။ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပြီး အရည်အချင်းပြည့်ဝသောကြောင့် စက်ရုံတွင် ရာထူးတိုးမြှင့်ခံရပြီး လစာလည်း များများရခဲ့သည်။ ဤသို့ဖြင့် နွေရာသီတွင် အလုပ်လုပ်ပြီး၊ ဆောင်းရာသီတွင် ဂရိဘာသာစကားနှင့် ဆေးပညာကို လေ့လာနိုင်ခဲ့သည်။ နွေရာသီတွင် အလုပ်လုပ်လျက် သီအိုလော်ဂျီပညာကိုလည်း လေ့လာခဲ့သည်။ သူ၏ ပညာရေးအတွက် မည်သူ့ထံမှ အကူအညီမရခဲ့ဘဲ၊ ဤပင်ပန်းခက်ခဲသော အချိန်များက သူ၏ နောင်အသက်တာအတွက် ပြင်ဆင်လေ့ကျင့်ပေးခဲ့သည်။  


သူ့တွင် ကစားချိန်မရှိခဲ့ဘဲ၊ အိမ်အနီးရှိ စီးဆင်းနေသော မြစ်အနီးတွင် လမ်းလျှောက်ရခြင်းကို နှစ်သက်ခဲ့သည်။ ငှက်ကလေးများ၊ ပန်းပွင့်များနှင့် ကျောက်တုံးများစသည့် သဘာဝပတ်ဝန်းကျင်ကို အနီးကပ် လေ့လာကြည့်ရှုသူတစ်ဦးဖြစ်သည်။ ခရီးသွားမှတ်တမ်းစာအုပ်များကို ဖတ်ရှုရန် နှစ်သက်မြတ်နိုးခဲ့သော်လည်း၊ သမ္မာကျမ်းစာကို အလွန်ဖတ်ရှုခဲ့သည်။ သမ္မာကျမ်းစာကို ချစ်မြတ်နိုးခြင်းစိတ်က နောင်တွင် သမ္မာကျမ်းစာသာလျှင် သူ၏အဖော်မွန်ဖြစ်ကာ အသက်တာကို များစွာ အထောက်အကူဖြစ်စေခဲ့သည်။  


### အာဖရိကတိုက်သို့ ခေါ်တော်မူခြင်း

အသက် ၂၀ တွင် ခရစ်တော်ကို သူ၏ ကယ်တင်ရှင်အဖြစ် လက်ခံပြီး အခြားတိုင်းနိုင်ငံများတွင် သာသနာပြုတစ်ဦးဖြစ်လာရန် ဆက်ကပ်အပ်နှံခဲ့သည်။ ဂျာမန်သာသနာပြုတစ်ဦးက တရုတ်ပြည်တွင် ဆေးကုသပေးကာ သာသနာပြုမည့်သူများ လိုအပ်ကြောင်း သူ့ထံ စာရေးသားခဲ့သောကြောင့် ဆေးပညာရပ်များကို လေ့လာပြီး တရုတ်ပြည်သို့ သွားရောက် အမှုတော်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ဆေးပညာကို ၂ နှစ်မျှ လေ့လာပြီး တရုတ်ပြည်သို့ သွားရန် စီစဉ်ခဲ့သော်လည်း၊ ဘုရားသခင်၌ သူ့အတွက် အခြားအကြံအစည်တော်များ ရှိခဲ့သည်။ တရုတ်ပြည်တွင် စစ်ဖြစ်ခြင်းကြောင့် သွားရောက်မှု မပြီးမြောက်ခဲ့ပေ။  


ဘုရားသခင်၏ လမ်းပြပဲ့ပြင်မှုကို စောင့်စားနေစဉ်၊ အာဖရိကတိုက်တွင် သာသနာပြုနေသော ရောဘတ်မိုဖက်သည် အင်္ဂလန်ပြည်သို့ ရောက်လာပြီး အာဖရိကတိုက်၏ လိုအပ်ချက်များကို ပြောခဲ့သည်။ လစ်ဗင်းစတုန်းသည် သူနှင့် စကားပြောခဲ့ရာ၊ မိုဖက်က “လောက၌ မျှော်လင့်ချက်မရှိသူ၊ ဘုရားသခင်ကို မသိသူ၊ ခရစ်တော်ကို မရရှိသူများ၏ ရွာပေါင်းတစ်ထောင်ကျော်ကို ကျွန်ုပ်မြင်ခဲ့သည်” ဟူသော အချက်က သူ့ကို အာဖရိကတိုက်သို့ သွားရန် ဆုံးဖြတ်စေခဲ့သည်။ ကြယ်များကို လေ့လာကြည့်ရှုခြင်းဖြင့် ခရီးလမ်းကြောင်းရှာဖွေနည်းကို လေ့လာခဲ့ပြီး၊ ဤအရာသည် နောင်တွင် မဲမှောင်သော တောအုပ်ကြီးအတွင်း ခရီးလမ်းကြောင်းများ ရှာဖွေရာတွင် အသုံးဝင်ခဲ့သည်။  


### မဲမှောင်သော အာဖရိကတိုက်ကြီးပေါ်၌

ကိတ်တောင်းအရပ်မှ ရောဘတ်မိုဖက် အမှုတော်ဆောင်သည့် ကုဂုမန်အရပ်သို့ ရောက်ရန် နွားလှည်းဖြင့် မိုင် ၇၀၀ ခန့် ခရီးပြုခဲ့ရသည်။ ဘုရားသခင်က သူ့အား လုပ်ဆောင်စေလိုသော ကြီးမားသည့် အမှုတော်ကို သူ နားလည်သဘောပေါက်လာခဲ့သည်။ ဧဝံဂေလိတရားအတွက် တံခါးဖွင့်ရန်၊ မည်သူမျှ မသွားရောက်ခဲ့ဖူးသည့် အာဖရိကတိုက် အလယ်ဗဟိုသို့ သွားရောက်လိုသည့် ဆန္ဒရှိခဲ့ပြီး၊ ထိုအလုပ်ကို ဘုရားသခင်က သူ့အား ခိုင်းစေသည်ဟု ယုံကြည်ခဲ့သည်။  


### ခြင်္သေ့များ လိုက်ဖမ်းခြင်း

လစ်ဗင်းစတုန်းသည် လှပသော မက်ဘေ့ာဆာ ချိုင့်ဝှမ်းအရပ်ကို တွေ့ပြီး ထိုနေရာ၌ ၃ နှစ်မျှ နေထိုင်ရန် ရွေးချယ်ခဲ့သည်။ ရောဘတ်မိုဖက်၏ သမီး မေရီမိုဖက်နှင့် လက်ထပ်ခဲ့သည်။ မက်ဘော့ဆာအရပ်တွင် လူနှင့် ကျွဲနွားများကို ကိုက်သတ်ကာ ဒုက္ခပေးနေသော ခြင်္သေ့များစွာ ရှိသည်။ ခြင်္သေ့များကို ဖယ်ရှားရန် အကူအညီ တောင်းခံလာသဖြင့်၊ ခြင်္သေ့တစ်ကောင် သတ်နိုင်လျှင် အခြားခြင်္သေ့များ ထွက်ပြေးမည်ကို သိသောကြောင့် အာဖရိကလူအချို့ကို ခေါ်ပြီး ခြင်္သေ့ဖမ်းထွက်ခဲ့သည်။ သူ ပစ်လိုက်ရာ ထိသွားသော ခြင်္သေ့က သူ့အပေါ် ခုန်အုပ်ကာ ပခုံးကို ကုတ်ဖြဲခဲ့သည်။ အတူပါလာသူများက ထိုခြင်္သေ့ကို သေအောင် သတ်ပစ်လိုက်ကြသည်။ ဒဏ်ရာမှာ ပြင်းထန်ပြီး အနာပျောက်ရန် အချိန်ကြာခဲ့သည်။ သူ၏ လက်မောင်းမစွမ်းမသန်ဖြစ်ခဲ့ပြီး၊ အမာရွတ်များမှာ သေရာပါခဲ့သော်လည်း၊ ထိုအမာရွတ်များက နောင်တွင် သူ၏ ကိုယ်ခန္ဓာဖြစ်ကြောင်း မှတ်မိစေမည့် အမှတ်အသား ဖြစ်ခဲ့သည်။ ထိုအရပ်မှ အာဖရိကလူမျိုးများစွာ ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပြီး၊ လစ်ဗင်းစတုန်းလည်း ထိုနေရာ၌ ကောင်းစွာ နေထိုင်နိုင်ခဲ့သည်။  


### မြောက်ပိုင်းသို့ ရွှေ့ပြောင်းခြင်း

ရေရှားပါးမှုကြောင့် ထိုအရပ်တွင် အစာရေစာ ခေါင်းပါးခြင်းကပ် ကျရောက်ခဲ့သည်။ အခြားလူများကဲ့သို့ လစ်ဗင်းစတုန်းလည်း တစ်ခါတစ်ရံ နှံကောင်နှင့် ဖားများကို စားသောက်ခဲ့ရသည်။ မြောက်ပိုင်း ဒေသတစ်ခုသို့ ရွှေ့ပြောင်းရန် ရှာဖွေလျက်ရှိပြီး၊ ယခင်က မဖြတ်ကျော်ဖူးသော ကြီးမားကျယ်ပြန့်သည့် သဲကန္တာရကို ဖြတ်ကျော်ရန် ကြားခဲ့ရသည်။ ကန္တာရမှာ မိုင် ၃၀၀ ခန့်ရှိပြီး၊ ထိုခရီးကို စတင်ခဲ့ရာ မကြာခဏ ရေဆာငတ်ခဲ့သည်။ တစ်ကြိမ်တွင် “ခြုံထူသော အရပ်သား” ဟု ခေါ်သော ဒေသခံတစ်ဦးက ငှက်ကုလားအုပ်ဥထဲတွင် သိုထားပြီး သဲထဲတွင် နှစ်မြှုပ်ထားသော ရေကို လာပေးခဲ့သည်။ နောက်ဆုံး ငမ်မီရေအိုင်ကြီးသို့ ရောက်ခဲ့ပြီး၊ ထိုအိုင်ကြီးမှာ ဥရောပတိုက်သားများထဲတွင် သူ ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။  


တောင်အာဖရိကတွင် အခြေစိုက်နေထိုင်ကာ ကျွန်ကုန်ကူးလျက်ရှိသော ဒတ်ချ်လူမျိုးများနှင့် အယူသည်းသည့် ဒေသခံလူမျိုးများ၏ အန္တရာယ်များကြားမှ ခရီးဆက်ခဲ့သည်။ ဒတ်ချ်ကျွန်ကုန်ကူးခြင်းကို တားဆီးသဖြင့် သူ့ကို မုန်းတီးနေသော ဒတ်ချ်လူမျိုးများက သူ၏ အဝတ်အစား၊ အိမ်ထောင်ပရိဘောဂများကို လုယက်သယ်ဆောင်သွားပြီး၊ စာအုပ်များနှင့် ဆေးများကို ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ခရီးဆက်ခဲ့ရာ အာဖရိကတိုက် အလယ်ဗဟိုရှိ ဇမ်ဘက်ဇီမြစ်ကို တွေ့ရှိခဲ့သည်။ ထိုနေရာ၌ အသက်အန္တရာယ်ထိခိုက်စေသော ငှက်ဖျားရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် အခြေချနေထိုင် အလုပ်လုပ်ရန် မတတ်စွမ်းနိုင်ခဲ့ပေ။  


### တစ်ဦးတည်း ခရီးပြုခြင်း

ဆက်လက် ခရီးထွက်လျှင် ဇနီးနှင့် သားသမီးများအတွက် အန္တရာယ်များသောကြောင့် သူတို့ကို အင်္ဂလန်ပြည်သို့ ပြန်ပို့ပြီး တစ်ဦးတည်း ခရီးဆက်ခဲ့သည်။ ခရစ်တော်နှင့်အတူ ကိုယ်တော်အတွက်သာ အစေခံလိုသည့် နှိုးဆော်မှုကြောင့် အာဖရိကတိုက် တောနက်ကြီးများထဲသို့ ဆက်လက် တိုးဝင်ခရီးပြုခဲ့သည်။ ၁၈၅၅ ခုနှစ်မှ ၁၈၅၆ ခုနှစ်အတွင်း အာဖရိကတိုက် အလယ်ဗဟိုကို ဖြတ်ကျော်ကာ အရှေ့မှ အနောက်ဘက်သို့ နယ်မြေရှာဖွေမှု ခရီးစဉ် ပြုလုပ်ခဲ့သည်။ ခရီးစဉ်အတွင်း လူဖြူတစ်ဦးကို တစ်ခါမျှ မမြင်ဖူးသေးသည့် အာဖရိကလူမျိုးများစွာကို တွေ့ဆုံခဲ့ရသည်။ သူ၌ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာစိတ်ရှိသောကြောင့် အာဖရိကတိုင်းရင်းသားများ၏ ရင်းနှီးချစ်ခင်မှုကို ရရှိခဲ့ပြီး၊ သူတို့အကြား နေထိုင်စဉ် ဟောပြောသက်သေခံကာ ဆေးဝါးကုသအကူအညီ ပေးခဲ့သည်။ သို့သော် အချို့လူမျိုးစုများက သူ့အား ရိုင်းပျစွာ ဆက်ဆံခဲ့ပြီး တစ်ခါတစ်ရံ အသက်အန္တရာယ်ပင် ကြုံတွေ့ခဲ့ရသည်။  


### ကျွန်ကုန်ကူးခြင်း

ဤခရီးစဉ်တွင် ကျွန်ကုန်ကူးခြင်း၏ ကြောက်မက်ဖွယ် ဆိုးကျိုးများကို လစ်ဗင်းစတုန်း မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ရွာများကို ကျူးကျော်တိုက်ခိုက်ပြီး ရွာသားများကို နှိမ်နှင်းကာ ယောင်္ကျား၊ မိန်းမ၊ ကလေးသူငယ်များကို ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ရွာများကို မီးရှို့ပြီး၊ သူတို့ကို သစ်တုံးကြီးများဖြင့် ချည်နှောင်ကာ တောနက်ကြီးများအတိုင်း လမ်းလျှောက်စေသည်။ လမ်းခရီးတွင် ဒဏ်ရာရသူ၊ ဖျားနာသူများကို သေဆုံးရန် ထားပစ်ခဲ့ပြီး၊ တောတွင်း၌ လူ့အရိုးချောင်းများ ပြန့်ကြဲနေသည်ကို မကြာခဏ တွေ့မြင်ရသည်။ စည်ပင်ကြွယ်ဝသော ရွာသူကြီးများလည်း ကျူးကျော်တိုက်ခိုက်ခံရပြီး ခြောက်ခြောက်သွေ့သွေ့ ဖြစ်ခဲ့ရသည်။ ဤအချက်က လစ်ဗင်းစတုန်း၏ စိတ်နှလုံးကို ထိခိုက်စေခဲ့ပြီး၊ ဤအရာကို “အာဖရိက၏ ဟင်းလင်းပြင်အနာ” ဟု ခေါ်ကာ အမြစ်မှ နှုတ်ပစ်ရန် သံဓိဋ္ဌာန်ချခဲ့သည်။ ဆုံးဖြတ်ချက် အောင်မြင်ရန်နှင့် အာဖရိကတောနက် အတွင်းပိုင်းအရပ်များ၌ “လမ်းကို ရှာတွေ့သူ” အဖြစ် ခံယူခဲ့သည်။ တစ်ခါတစ်ရံ ဒေသခံတိုင်းရင်းသားများက သူ့ကို ကျွန်ကုန်ကူးသူဟု ထင်မှတ်ကာ အန္တရာယ်ပြုရန် ကြိုးစားခဲ့သည်။  


### ခက်ခဲမှုများ

လစ်ဗင်းစတုန်းအားဖြင့် ခရစ်တော်ကို ပထမဆုံး ယုံကြည်လက်ခံပြောင်းလဲလာသည့် အာဖရိကအကြီးအကဲတစ်ဦးက “ဒီအကြောင်းတွေကို သင့်တိုင်းပြည်မှလူတွေ အရင် ဘာဖြစ်လို့ လာမပြောတာလဲ။ ကျွန်တော်တို့ ဘိုးဘေးတွေလည်း ခင်ဗျားပြောပြတာတွေကို တစ်ယောက်မျှ မကြားခဲ့ရပဲ သေဆုံးကုန်ခဲ့ပြီ၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဟု မေးဖူးခဲ့သည်။ ဤမေးခွန်းက သူ၏ အသက်တာကို များစွာ လွှမ်းမိုးသက်ရောက်ခဲ့ပြီး၊ အာဖရိကတောနက်ပိုင်းရှိ လူမျိုးစုပေါင်းများစွာကို ဧဝံဂေလိတရား ကြားရမည့် လမ်းကြောင်းပေါ်သို့ အမြဲတွန်းပို့ခဲ့သည်။ သို့သော် ဤကိစ္စသည် မလွယ်ကူခဲ့ပေ။  


သူ၏ အဝတ်အစားများ စုတ်ပြတ်သတ်ကာ၊ ခြေထောက်များတွင် အရည်ကြည်ဖုများ ဖူးရောင်နေခဲ့သည်။ ခန္ဓာကိုယ်ရှိ အနာများကြောင့် နာကျင်စွာ ဝေဒနာခံစားရပြီး၊ တစ်ခါတစ်ရံ ဒေသခံတိုင်းရင်းသားများက အစားအစာ မရောင်းသဖြင့် အစာငတ်ခဲ့ရသည်။ သစ်ပင်အမြစ်များနှင့် ငှက်စားသော အစေ့လေးများကို စားသောက်ခဲ့ရပြီး မြေကြီးပေါ် အိပ်စက်ခဲ့ရသည်။ ၃၁ ကြိမ် ဖျားနာခဲ့ပြီး၊ အရိုးပေါ် အရေတင် အခြေအနေထိ ဖြစ်ခဲ့သည်။ အဖျားကြီးသောအချိန်များ၌ မိတ်ဆွေများ၏ အမည်များနှင့် နေ့ရက်များကိုပင် မမှတ်မိနိုင်ဖြစ်ခဲ့သည်။ သို့သော် မည်သည့်အရာကမျှ သူ့ကို စိတ်ဓာတ်ကျရန် မလုပ်ဆောင်နိုင်ခဲ့ပေ�। ခွန်အားရရန် သမ္မာကျမ်းကို မကြာခဏ ဖတ်ရှုခဲ့ပြီး၊ သူ၏ ကိုယ်ရေးမှတ်တမ်းတွင် “သခင်ဘုရား၌ ကျွန်ုပ်ကို ကျွန်ုပ် ပြန်အားပေးရ၏” (၁ ရာ ၃၀:၆) ဟု ရေးသားခဲ့သည်။ “ကျွန်ကုန်ကူးသူများ အရောက်သွားနိုင်သော နေရာသို့ သာသနာပြုများကို ခရစ်တော်၏ မေတ္တာတော်က ခေါ်ဆောင်မသွားနိုင်ဘဲ နေမလား” ဟု စိတ်ချစွာ မျှော်လင့်ခဲ့သည်။  


### ဂုဏ်ပြုခံရခြင်း

အာဖရိကတိုက်ရှိ မြစ်များ၊ အိုင်များကို လစ်ဗင်းစတုန်း ရှာဖွေတွေ့ရှိခဲ့သဖြင့် သူ့အား လူသိများလာခဲ့သည်။ ဒေသခံတိုင်းရင်းသားများက “အသံမြည်သော မီးခိုး” ဟု ခေါ်ပြီး သူတို့ မချဉ်းကပ်ရဲသည့် ဗစ်တိုးရီးယားရေတံခွန်ကို တွေ့ရှိခဲ့သည်။ အာဖရိကတိုက်တွင် ၁၆ နှစ်ကြာ ခရီးမိုင် ၉၀၀၀ ခန့်ကို အများအားဖြင့် ခြေလျင် သို့မဟုတ် လှေဖြင့် သွားခဲ့ရသည်။ သူ၏ ရှာဖွေတွေ့ရှိမှုများကို အသိအမှတ်ပြုသောအနေဖြင့် ရွှေတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့သည်။ သူ၏ စကားပြောဝေငှချက်များကို နားထောင်ရန်နှင့် တွေ့ဆုံရန် လူပရိသတ်များစွာ လာရောက်ခဲ့ပြီး၊ သူကိုယ်တိုင်လည်း ခရီးမှတ်တမ်းအကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သည်။  


### အာဖရိကတိုက်သို့ နောက်တစ်ကြိမ်

အစိုးရအရာရှိတစ်ဦးအနေဖြင့် အာဖရိကတိုက်သို့ ပြန်သွားခဲ့ပြီး၊ သာသနာပြုအလုပ်နှင့် နယ်မြေသစ်ရှာဖွေရေးကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရှိခဲ့သည်။ ယခုအချိန်တွင် သူ့အား ကူညီမည့်သူများ စွာရှိခဲ့သော်လည်း၊ ထိုသူများမှာ တစ်ယောက်ပြီးတစ်ယောက် ဖျားနာကာ သူ့ထံမှ ခွဲခွာသွားခဲ့သည်။ ထိုနေရာသစ်တွင် ၃ လမျှ နေပြီးနောက် သူ၏ဇနီးသည် ဖျားနာဝေဒနာဖြင့် အသက်ဆုံးပါးခဲ့ပြီး၊ သူမကို သစ်ပင်တစ်ပင်အောက်တွင် သင်္ဂြိုလ်ခဲ့သည်။ ခရီးစဉ်အစပိုင်းတွင်ပင် သူ၏ သမီးငယ်လေးတစ်ဦးကို အာဖရိကတွင် ကိုယ်တိုင် သင်္ဂြိုလ်ပေးခဲ့ရသည်။ ဤအချိန်သည် သူ့အတွက် ကြီးမားသည့် ဝန်သဖွယ် ဖြစ်ခဲ့သော်လည်း၊ “ဤလေးလံသော ရိုက်ခတ်ချက်က ကျွန်ုပ်ကို စိတ်ပျက်စေပြီး အရှုံးခံရန် လုပ်ဆောင်နိုင်မည် မဟုတ်၊ ဘုရားသခင်၌ ကျွန်ုပ်ကိုယ်ကျွန်ုပ် ပေးပြီး ရှေ့သို့ ဆက်သွားမည်” ဟု ဆိုခဲ့သည်။  


သူ၏ အသက်တာအတွက် အန္တရာယ်များလည်း ရှိခဲ့သည်။ တစ်ကြိမ်တွင် ကြံ့တစ်ကောင် အရှိန်ဖြင့် ပြေးလာပြီး သူ့အနား ရောက်ချိန်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ နောက်တစ်ကြိမ်တွင် အာဖရိကလူမျိုးတစ်ဦးက ၁၀ ကိုက်ခန့် အကွာမှ လှံဖြင့် ပစ်ပေါက်လိုက်ရာ သူ၏ လည်ပင်းနားမှ ဖြတ်ကာ သစ်ပင်တစ်ပင်တွင် စိုက်သွားခဲ့သည်။ ဘုရားသခင်သည် သူနှင့် အတူ တစ်ချိန်လုံး ရှိတော်မူခဲ့ပြီး၊ အလုပ်ပြီးသည်အထိ သူ၏ အသက်တာသည် အံ့သြဖွယ် ဖြစ်ခဲ့သည်ဟု သူ ပြောခဲ့သည်။  


ဗြိတိသျှအစိုးရက သူ့အား အရာရှိအဖြစ် ခန့်အပ်စေလွှတ်ခဲ့သော်လည်း၊ ကျွန်ကုန်သည်များ၏ လွှမ်းမိုးမှုကြောင့် လစာရပ်ဆိုင်းခဲ့သည်။ အင်္ဂလန်ပြည် ပြန်ရန် ရှိခဲ့သော်လည်း၊ ဘုရားသခင်က မိတ်ဆွေများ၏ ထောက်ပံ့မှုဖြင့် အခြားလမ်းကြောင်း ဖွင့်ပေးခဲ့သောကြောင့် အင်္ဂလန်သို့ ဘယ်တော့မှ ပြန်မသွားခဲ့တော့ပေ။  


### နောက်ဆုံး ခရီးထွက်ခြင်း

အာဖရိကတိုက် အလယ်ပိုင်းသို့ ထပ်မံ သွားရောက်ခဲ့ပြီး၊ ထိုအချိန်တွင် သူသည် အသက် ၆၀ အရွယ် ရှိပြီဖြစ်သည်။ တောတွင်း ခရီးပြုခဲ့သည့် နှစ်များတွင် အစေခံကျွန်များ၏ သစ္စာမရှိမှုများနှင့် ပြည့်နှက်နေခဲ့သည်။ သူ့ထံ ပို့ပေးသော အရာများနှင့် စာများ အခိုးခံခဲ့ရပြီး၊ ပိုင်ဆိုင်စည်းအချို့ကို အာရပ်ကုန်သည်တစ်ဦးထံ အပ်နှံခဲ့သော်လည်း၊ သတင်းမကြားရသည့်အခါ ထိုသူက အားလုံးကို ရောင်းစားလိုက်သည်။ ရင်းနှီးမှု မရှိသော အာဖရိကလူမျိုးများအကြား စားစရာ၊ အဝတ်မရှိဘဲ တောင်းစားတစ်ယောက်ကဲ့သို့ နေထိုင်ခဲ့ရပြီး၊ ရေးသော စာများလည်း ကျွန်ကုန်သည်များ၏ ခိုးယူဖျက်ဆီးခြင်း ခံခဲ့ရသည်။  


ဆေးသေတ္တာလေးပင် မကျန်တော့သဖြင့် ကိုယ်တိုင် ဆေးမကုနိုင်တော့ပေ။ အဆက်သွယ်များ အားလုံး ပြတ်တောက်ကုန်ပြီး၊ သူ သေပြီဟု ထင်မှတ်ခံခဲ့ရသည်။ သို့သော် ဘုရားသခင်က သူ့ကို မမေ့ခဲ့ပေ။ နယူးရော့ခ် စေတမန်စာစောင်၏ အယ်ဒီတာ အမေရိကန် သတင်းစာတည်းဖြတ်သူက သူ၏ သတင်းစုံစမ်းရန် ဟင်နရီစတန်လီကို စေလွှတ်ခဲ့သည်။ လပေါင်းများစွာ ခရီးနှင်ပြီးနောက် စတန်လီသည် လစ်ဗင်းစတုန်းကို ယူဂျီဂျီအရပ်တွင် တွေ့ခဲ့ပြီး၊ ယူဆောင်လာသော အစားအစာနှင့် ဆေးဝါးများက သူ့ကို ပြန်လည် ကျန်းမာသန်စွမ်းစေခဲ့သည်။ စတန်လီက သူနှင့် လပေါင်းများစွာ နေထိုင်ခဲ့ပြီး၊ ခရစ်တော်နှင့်တူသော လစ်ဗင်းစတုန်း၏ အသက်တာက သူ့အတွက် စိန်ခေါ်ချက် ဖြစ်ခဲ့သည်။ ပြန်လာသောအခါ စတန်လီသည် ဘုရားမဲ့တစ်ဦးမှ ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ပြီး၊ လစ်ဗင်းစတုန်းကို မိမိတိုင်းပြည်သို့ ပြန်၍ ကျော်ကြားမှုနှင့် စည်းစိမ်ခံစားရန် ဖြောင့်ဖြသွေးဆောင်ခဲ့သော်လည်း၊ အလုပ်မပြီးသေးသည့်အတွက် ပြန်ရန် ငြင်းပယ်ခဲ့သည်။  


တစ်နှစ်ခန့် ထပ်၍ ခရီးပြုခဲ့ပြီး၊ သူ ပို၍ အားနည်းလာခဲ့သည်။ သစ္စာရှိ အာဖရိကလူမျိုးမိတ်ဆွေ အချို့က ထမ်းစင်ဖြင့် သယ်ဆောင်ပေးခဲ့သည်။ မိုးကြီးစွာ ရွာသွန်းပြီး၊ အဖျားရောဂါလည်း တိုးပွားခဲ့သည်။ ကိုယ်ရေးရာဇဝင် မှတ်တမ်းကိုပင် ခဲယဉ်းစွာ ရေးခဲ့ရပြီး၊ အာဖရိကလူငယ်များက ချစ်ခင်စွာ စောင့်ရှောက်ခဲ့ကြသည်။ သူ၏ အသက်နှင့် ခွန်အားမှာ ဒီရေကဲ့သို့ တဖြည်းဖြည်း ကျဆင်းခဲ့ပြီး၊ တဲအိမ်တစ်ခုအတွင်း၌ ထားပေးကာ ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။  


၁၈၇၃ ခုနှစ်၊ မေလ၏ တစ်ခုသော နံနက်ခင်းတွင် သူ၏ တဲထဲသို့ ဝင်ကြည့်လိုက်ရာ၊ အိပ်ယာကုတင်နံဘေး၌ ဒူးထောက်လျက် ခေါင်းအုံးပေါ်တွင် လက်ထောက်ကာ ဆုတောင်းနေသည့် အနေအထားဖြင့် အသက်ဆုံးလျက် ရှိကြောင်း တွေ့မြင်ခဲ့ရသည်။ သေသည်အထိ အာဖရိကတိုက်ရှိ ပျောက်ဆုံးဝိညာဉ်များအတွက် ဆုတောင်းနေခဲ့ပေလိမ့်မည်။  


သစ္စာရှိ အာဖရိကလူမျိုးများက သူ၏ နှလုံးကို အာဖရိကတိုက်တွင် မြှုပ်နှံပြီး၊ အလောင်းကို မိုင် ၉၀၀ ခန့် ဝေးသော ကမ်းခြေသို့ သယ်ဆောင်ကာ၊ အမွှေးရနံ့များ လိမ်းကျံပြီး အင်္ဂလန်ပြည်သို့ ပို့ဆောင်ခဲ့ကြသည်။ ခြင်္သေ့ကုတ်ဖဲ့မှုကြောင့် ရခဲ့သည့် အမာရွတ်များဖြင့် သူ၏ ကိုယ်ခန္ဓာကို မှတ်မိစေခဲ့ပြီး၊ အင်္ဂလန်ပြည်ရှိ ဝက်မင်စတာ ဘုရားရှိခိုးကျောင်းဝင်းတွင် သင်္ဂြိုလ်ခဲ့သည်။ ထောင်ပေါင်းများစွာသော လူပရိသတ်တို့က သူ့ကို လေးစားသောအားဖြင့် လာရောက်ခဲ့ကြသည်။  


ပရိသတ်ထဲမှ ဆင်းရဲနွမ်းပါးသော အဝတ်အစား ဝတ်ထားသည့် အသက်ကြီးသော အဖိုးအိုတစ်ဦးက ယူကျုံးမရ ငိုကြွေးနေခဲ့ပြီး၊ အကြောင်းမေးသောအခါ “ဒေးဗစ်နဲ့ ငါ တရွာထဲသားတွေ ဖြစ်တယ်၊ တနင်္ဂနွေဓမ္မပညာကျောင်းမှာ အတူတူ ကြီးပြင်းခဲ့တယ်။ စက်ရုံတစ်ရုံ အတူအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူက ဘုရားသခင်လမ်းကို ရဝေးချယ်ခဲ့ပြီး၊ ငါက ကိုယ့်လမ်းကိုယ် ရွေးချယ်ပြီး အသက်ရှင်ခဲ့တယ်။ အခု လစ်လျူရှုခံရပြီး လူမသိတဲ့လူ ဖြစ်တယ်။ ဂုဏ်ပြုခြင်း မခံရတဲ့သူ ဖြစ်တယ်။ ငါ့ရှေ့ဆက် ဘာမှ ရှာစရာ မရှိဘူး၊ အရက်သမားရဲ့ လမ်းဆုံးက သချိုင်းပဲ ရှိတော့တယ်” ဟု ပြန်ပြောခဲ့သည်။  


“ငါ့ကို ချီးမြှောက်သောသူတို့ကို ငါ ချီးမြှောက်မည်၊ ငါ့ကို မထီမဲ့မြင်ပြုသောသူတို့သည် ဂုဏ်အသရေ ပျက်ရကြလိမ့်မည်” (၁ ရာ ၂:၃၀) ဟူ၍ ဘုရားသခင်က မိန့်တော်မူခဲ့သည်။ လစ်ဗင်းစတုန်းသည် ဘုရားသခင်ကို ချီးမြှောက်ခဲ့ပြီး၊ ဘုရားသခင်ကလည်း သူ့ကို ချီးမြှောက်ခဲ့သည်။ ယနေ့ အာဖရိကတိုက်တွင် သာသနာပြုများ ရာပေါင်းများစွာ အမှုတော်ဆောင်လျက်ရှိကြပြီး၊ အာဖရိကတိုက် အလယ်ပိုင်းသို့တိုင် ဧဝံဂေလိတရား ရောက်ရှိ ပြန့်နှံ့နေပြီဖြစ်သည်။ ကျွန်ကုန်ကူးခြင်းများကိုလည်း အမြစ်မှ ဆွဲနှုတ်ပစ်လိုက်ကြပြီ ဖြစ်သည်။  



Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?