ဖြောင့်မတ်သောသူ မရှိ

          ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အသက်ရှင်သော နှုတ်ကပတ်တော်အားဖြင့် နှလုံးသွင်း ဆင်ခြင်၍ ခွန်အားယူနိုင်ဖို့ရန်၊ ရောမ ၃:၁၀-၁၂ ကို ဖတ်ချင်ပါတယ်။ “‘ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူ မရှိ။ တစ်ယောက်မျှ မရှိ။ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တစ်ညီတစ်ညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူ မရှိ। တစ်ယောက်

မျှ မရှိ။’” 


ဘုရားသခင်က လောကလူသားအားလုံးကို “တစ်ယောက်မှ မကောင်းဘူး” လို့ ဖော်ပြထားပါတယ်။ ဒီကျမ်းစာအားဖြင့် ဒါကို မြင်တွေ့ရပါတယ်။ ဘာကြောင့် ဘုရားသခင်က လောကလူသားတွေကို ဒီလို မြင်ရသလဲဆိုရင်၊ လူတွေရဲ့ အခြေအနေက ဘုရားသခင်ကို ရှာဖို့၊ ကိုးစားဖို့၊ ခိုလှုံဖို့ဆိုတာကို မစဉ်းစား၊ မတွေးခေါ်ဘဲ နေထိုင်ကြလို့ပါ။ တစ်ချို့ကတော့ ဘုရားသခင်ကို ရှာတယ်၊ ကောင်းသော အကျင့်ကို ကျင့်တယ်၊ တရား အားထုတ် ကျင့်ကြံကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ်တော့၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်နဲ့ အလွန် ကွာဝေးနေပါတယ်။ 


လူတွေက ကောင်းတယ်လို့ သတ်မှတ်တဲ့သူ ရှိသလို၊ မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ တရား ကျင့်တဲ့သူ ရှိသလို၊ မကျင့်တဲ့သူလည်း ရှိပါတယ်။ လူတွေက ကောင်းခြင်း မကောင်းခြင်းကို မိမိဘာသာ သတ်မှတ်ကြပါတယ်။ သို့သော် ဘုရားသခင်က လူတွေရဲ့ အခြေအနေကို ကြည့်တာ မဟုတ်ဘူး။ လူတွေရဲ့ အရင်းအမြစ်ကို နားလည်ဖို့ရာ ဘုရားသခင်က ပြောနေတာ ဖြစ်ပါတယ်။ လောကမှာ လူတွေဟာ အပြစ်ထဲမှာ မွေးဖွားလာကြပါတယ်။ ကမ္ဘာဦး အာဒံရဲ့ ပြစ်မှားခြင်းကြောင့် လူသားတွေမှာ အပြစ်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 


လောကမှာ လူသားတွေက ကောင်းသော အကျင့်တွေကို မည်မျှပင် ကြိုးစား လုပ်ဆောင်နေပါစေ၊ ဘုရားသခင်ရဲ့ နည်းလမ်းကို မသိရင်၊ ထိုသူက ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ်၊ ဘုရားသခင် လက်ခံနိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ကျွန်တော်ရဲ့ အခြေအနေ မှန်ကို သိဖို့ရန် ကျမ်းစာကို ကြည့်ဖို့ လိုပါတယ်။ ကျမ်းစာထဲမှာ “ဖြောင့်မတ်သောသူ မရှိ။ တစ်ယောက်မျှ မရှိ။ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တစ်ညီတစ်ညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူ မရှိ။ တစ်ယောက်မျှ မရှိ။” 


တကယ်တော့ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို ပြန်ကြည့်ရင်၊ ကျွန်တော်တို့ လူသားတွေဟာ တစ်ယောက်မှ မကောင်းပါဘူး။ တစ်နေ့သော အချိန်မှာ မကောင်းတဲ့သူဟာ မကောင်းတဲ့ နေရာကို သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင် လုပ်ပေးခဲ့တဲ့ အရာတွေကို နားလည် သိရှိဖို့ လိုအပ်ပါတယ်။ ကောင်းကင်နိုင်ငံ ရောက်ဖို့အတွက် လူသားတွေက ကောင်းသော အကျင့်တွေကို ကျင့်ပြီး လုပ်ဆောင်နေကြပါတယ်။ ကောင်းတော့ ကောင်းပါတယ်။ တမန်လွန်မှာ ငရဲကို သွားရမှာ သိတဲ့အတွက် မိမိ၏ နည်းလမ်းနဲ့ ကြိုးစား လုပ်ဆောင်နေကြတာပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နည်းလမ်း မဟုတ်တာကြောင့်၊ မည်မျှပင် ကြိုးစားစေကာမူ အပြစ်က လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ 


ဘုရားသခင်က နည်းလမ်းများကို ကျမ်းစာအားဖြင့် ဖော်ပြထားသလို၊ ကျွန်တော်တို့အတွက် သူ လုပ်ပေးနေတဲ့ အရာများကိုလည်း ဖော်ပြထားတာကို နားလည်ရပါမယ်။ ရောမ ၃:၂၃-၂၄ မှာ “‘ခြားနားခြင်း မရှိ။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေ ပျက်ကြပြီ။’” လူအပေါင်းအားလုံးဟာ ဘုရား ရှေ့မှာ အသရေ ပျက်နေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုစရိုက်ကို ပြုနေကြလို့ပါ။ လောကမှာ ဒုစရိုက်ကို မပြုတဲ့သူ မရှိပါဘူး။ အနည်းနဲ့အများ ဒုစရိုက်ကို ပြုမူနေကြပါတယ်။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဒုစရိုက် ပြုနေတာကြောင့် ဘုရားသခင်ရဲ့ သတ်မှတ်ချက်နဲ့ အလွန် ကွာလွန်းနေတာကြောင့် ဘုရားသခင် လက်ခံနိုင်တာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ သားသမီး အဖြစ်နဲ့ မထားနိုင်ဘူးဆိုတာ သိရပါတယ်။ ဘုရားသခင်ကို လက်ခံသော သူဟာ သန့်ရှင်းသော သူဖြစ်မှ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ 


ဒါကြောင့် အပြစ်ရှိသော သူတွေကို ဘုရားသခင်က လက်မခံနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ ထိုအပြစ်ထဲက လွတ်မြောက်ဖို့အတွက် ဘုရားသခင်က လုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုလုပ်ဆောင်ပေးခဲ့သော နည်းလမ်းကို သိရှိဖို့ ရှာဖွေရန် လိုအပ်ပါတယ်။ ရောမ ၃:၂၄ မှာ “‘ယေရှုခရစ်၏ ရွေးနှုတ်တော်မူသော အားဖြင့်၊ အဖိုးကို မပေးဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။’” ဒီနေရာမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သိဖို့ အရေးကြီးပါတယ်။ ကျေးဇူးတော်ကို မသိရင် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးကို သိတဲ့သူ ရှိသလို၊ မသိတဲ့သူလည်း ရှိပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းကို နားလည်ဖို့ရန် ကျမ်းစာကို သိဖို့ အရေးကြီးပါတယ်။ 


ဘုရားသခင် ဘယ်လို ကျေးဇူးပြုလဲဆိုရင်၊ “ယေရှုခရစ် ရွေးနှုတ်တော်မူသော အားဖြင့်” လို့ ပြောပြထားပါတယ်။ ဘုရားသခင်က မိမိ၏ တစ်ပါးတည်းသော သားတော်ကို လောကမှာ စေလွှတ်ပြီး၊ လူသားအားလုံးရဲ့ အပြစ်ကြွေးအတွက် ကားတိုင်မှာ အသေခံခြင်းဟာ လူသားအားလုံးအတွက် ဘုရားသခင် ပြုတဲ့ ကျေးဇူးပြုခြင်း ဖြစ်ပါတယ်။ အပြစ်ထဲက ရွေးနှုတ် ကယ်တင်သော ဘုရားသခင်ဟာ ယေရှုခရစ်တော် အသေခံခြင်းဖြင့် လူသားတွေကို ကယ်တင်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။ ယေရှုခရစ်တော်က ရွေးနှုတ်တာဟာ အဖိုးခပေးစရာ မလိုဘဲ အခမဲ့ ဖြစ်ပါတယ်။ ဘုရားသခင်က လူသားအားလုံးအတွက် အခမဲ့ ကျေးဇူးတော်အားဖြင့် ပေးတော်မူသော ရွေးနှုတ်ခြင်း၊ ကယ်တင်ခြင်းကို သိထားရမှာ ဖြစ်ပါတယ်။ ရွေးနှုတ် ကယ်တင်ခဲ့သော ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံဖို့ အရေးကြီးပါတယ်။ 


ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်ုပ်တို့ အားလုံးဟာ မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးကို ရယူပြီး ခံယူနိုင်ဖို့အတွက်၊ အသက်ရှင်စဉ် အချိန်မှာ အခွင့်အလမ်းကို ရယူ ခံစားနိုင်ရမှာ ဖြစ်ပါတယ်။ ကယ်တင်ခြင်းကို နှလုံးသားမှာ ခံယူရင်၊ တမန်လွန်အတွက် စိတ်အေးစရာ၊ ဝမ်းမြောက်စရာ ဖြစ်ပြီး၊ ကျေးဇူးတော်ကို ချီးမွမ်းနိုင်မှာ ဖြစ်ပါတယ်။ “‘ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူ မရှိ။ တစ်ယောက်မျှ မရှိ။ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တစ်ညီတစ်ညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။’” ဒီကျမ်းစာကို ကြည့်ပြီး မိမိ အခြေအနေ မှန်ကို လက်ခံရမှာ ဖြစ်ပါတယ်။ 


ဘုရားသခင် လုပ်ပေးတဲ့ နည်းလမ်းကို သဘောပေါက်လျက်၊ မိမိတို့၏ အသက်တာမှာ ဝန်ခံ၍ အသက်ရှင်မယ်ဆိုရင်၊ ဘုရားသခင် ပေးတဲ့ ကယ်တင်ခြင်း၊ ဆုကျေးဇူးကို ရရှိပြီး၊ လောကမှာ ဝမ်းမြောက်စွာ အသက်ရှင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီနှုတ်ကပတ်တော်အားဖြင့် ဝေမျှလိုက်ပါတယ်။ 


ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ

1. သင့်ဘဝမှာ ကောင်းမှုတွေ ကြိုးစားလုပ်နေတာဟာ ဘုရားသခင်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ ထင်ပါသလား၊ ဒါမှမဟုတ် သင့်ကိုယ်ပိုင် နည်းလမ်းနဲ့ပဲ ကြိုးစားနေတာလား။  

2. ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံဖို့ ဘာတွေက သင့်ကို တားဆီးနေတာလဲ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို လက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။  


ဆရာအာဗြံဟံ

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?