ယုံကြည်ခြင်းဖြင့် ထာဝရအသက်

“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။” (ယောဟန် ၅:၂၄)


ဤကျမ်းပိုဒ်တွင် လူများစွာ၏ အသက်တာကို ပြောင်းလဲစေသည့် အရေးကြီးသော အချက်တစ်ခု ပါရှိသည်။ “အမှန်အကန်” ဟူသော စကားလုံးသည် ကျွန်ုပ်တို့အား လေးနက်ပြီး အရေးပါသော အရာတစ်ခုကို မျှော်လင့်စေကာ၊ ထိုအရာသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည် မဟုတ်ကြောင်း အာမခံပေးသည်။

“ငါ” ဆိုသည်မှာ သခင်ယေရှုဖြစ်ကြောင်း အငယ် ၁၉ တွင် ဖော်ပြထားသည်။ သခင်ယေရှု၏ စကားသည် လုံးဝမှန်ကန်ပြီး မပြောင်းလဲသည့်အပြင်၊ သူသည် မုသာမပြောတတ်၊ လိမ်ညာမှုမရှိသူဖြစ်သည်။ သူ့ကို လိမ်ညာ၍မရနိုင်သလို၊ သူပြောသော စကားထက် ပို၍သေချာပြီး အားကိုးထိုက်သော အရာလည်း မရှိပါ။

သခင်ယေရှုသည် မည်သူ့ကို ပြောနေသနည်း။ “သင်တို့အား ငါဆိုသည်” ဟူသော စကားဖြင့် သင်နှင့် ကျွန်ုပ်ကို တိုက်ရိုက်ရည်ညွှန်းနေသည်။ ဤကဲ့သို့ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်တို့အား စကားပြောဖူးသည် မရှိသလို၊ နောင်တွင်လည်း ပြောမည်မဟုတ်ပါ။ ထို့ကြောင့် သူ၏ စကားတော်ကို ကျွန်ုပ်တို့ နားထောင်သင့်သည်။

“ငါ့စကားကို နားထောင်... သောသူ” ဆိုသည်မှာ “မည်သူမဆို” ကို ဆိုလိုသည်။ ဤတွင် “နားထောင်ခြင်း” ဆိုသည်မှာ နားဖြင့် ကြားရုံသက်သက်မဟုတ်ဘဲ၊ ကြားပြီး ယုံကြည်ခြင်း၊ လက်ခံခြင်း၊ နာခံခြင်းတို့ကို ဆိုလိုသည်။

“ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူ” ဆိုရာတွင် သခင်ယေရှုကို စေလွှတ်သူမှာ ခမည်းတော်ဘုရားသခင်ဖြစ်သည်။ အရေးကြီးသော မေးခွန်းမှာ “အဘယ်ကြောင့် သူ၏သားတော်ကို စေလွှတ်ခဲ့သနည်း” ဖြစ်သည်။ ကျွန်ုပ်၏ အပြစ်ဒဏ်ကို ကိုယ်စား ခံယူရန်၊ ကျွန်ုပ်ခံထိုက်သော အပြစ်ကြွေးကို ပေးဆပ်ရန်၊ ကျွန်ုပ်၏ အပြစ်များကို အသွေးတော်နှင့် ဆေးကြောရန် ခမည်းတော်က သူ၏သားတော်ကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ရမည်။


ဤကျမ်းပိုဒ်တွင် ကတိတော်သုံးခု ပါရှိသည်။

၁. “ထာဝရအသက်ကို ရသည်”
- သခင်ယေရှုခရစ်တော်ကို သခင်နှင့် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူသည် ထိုအချိန်ချက်ချင်း ထာဝရအသက်ကို ပိုင်ဆိုင်သည်။ ဤအချက်သည် ရိုးရှင်းပြီး ရှင်းလင်းသည်။

၂. “အပြစ်စီရင်ခြင်းကို မခံရ”
- ဆိုလိုသည်မှာ သူ၏ အပြစ်ကြောင့် ငရဲသို့ စီရင်ခံရမည် မဟုတ်ပါ။ အကြောင်းမှာ သူ၏ အပြစ်ကြွေးအားလုံးကို ခရစ်တော်က ကိုယ်စား ပေးဆပ်ပြီးသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကြွေးကို နှစ်ကြိမ် ပေးဆပ်ရန် တောင်းဆိုမည် မဟုတ်ပါ။

၃. “သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်သည်
- ဝိညာဉ်ရေးအရ ဘုရားသခင်နှင့် ဆက်နွယ်မှု ပြတ်တောက်နေသည့် သေမှုအခြေအနေမှ ဒုတိယမွေးဖွားခြင်းခံရပြီး၊ ထာဝရမဆုံးသော အသက်သစ်ကို ရရှိသူဖြစ်လာသည်။


အကယ်၍ သင်သည် သူ၏ စကားတော်ကို အမှန်တကယ် ကြားပြီး၊ သူ့ကို စေလွှတ်သော ခမည်းတော်ဘုရားကို ယုံကြည်လျှင်၊ သင်သည် ကယ်တင်ခြင်းရသည်ဟု သခင်ယေရှုခရစ်တော်က အာမခံထားသည်။ ဤသတင်းကို “သတင်းကောင်း” ဟု ခေါ်ဝေါ်ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?