ပြင်ဆင်ပါ
သေပြီးနောက် ဘယ်နေရာသို့ ရောက်မလဲ ဆိုသည့်မေးခွန်းသည် သေခြင်းဆိုသော တဖက်ကမ်းသို့ မရောက်မီ ကြိုတင်ပြင်ဆင်ထားရန် အလွန်အရေးကြီးကြောင်း သတိပေးနေပါသည်။ အဘယ်ကြောင့်နည်းဆိုသော်၊ သေခြင်းတရား၏ တဖက်ကမ်းသို့ ရောက်သွားချိန်တွင် နောင်တရခြင်း သို့မဟုတ် ပြင်ဆင်ခြင်းအတွက် အခွင့်အရေးမရတော့သည့်အတွက်ပင် ဖြစ်ပါသည်။
လုကာ ၁၆:၁၉-၃၁ တွင် ဖော်ပြထားသော သူဌေးတစ်ဦး၏
ဘဝဇာတ်ကြောင်းကို ဆင်ခြင်ကြည့်ကြပါစို့။ ထိုသူဌေးသည် စည်းစိမ်ဥစ္စာများ ပြည့်စုံလှသူဖြစ်ပြီး၊ ချမ်းသာကြွယ်ဝမှုကြောင့် ကာမဂုဏ်တွင် နေ့စဉ်ပျော်မွေ့ကာ အချိန်များကို ကုန်ဆုံးခဲ့သူဖြစ်သည်။ "သေပြီးနောက် ဘယ်သို့ဖြစ်မလဲ" ဆိုသည့် အသိတရားနှင့် ကယ်တင်ခြင်းအတွက် ပြင်ဆင်ရန် သူသည် လုံးဝဂရုမစိုက်ခဲ့ပါ။ထို့ကြောင့် သူဌေးကြီးသည် ကယ်တင်ခြင်းမရရှိဘဲ သေဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် အပါယ်ငရဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာ၌ သူသည် ကြီးစွာသော မီးလျှံများဖြင့် အပြစ်ဒဏ်ကို ခံစားခဲ့ရသည်ကို တွေ့ရပါသည်။ ငရဲ၌ရှိစဉ် သူဌေးကြီးသည် (၁) သနားကရုဏာပြမှုကို ဆုတောင်းခဲ့သည်၊ (၂) ရေတစ်စက်သောက်ရန် တောင်းဆိုခဲ့သည်၊ (၃) သူ၏အိမ်တွင် ကျန်ရစ်ခဲ့သော ညီအစ်ကိုငါးဦးအား ကယ်တင်ခြင်းသတင်းကို မျှဝေပေးရန် တောင်းလျှောက်ခဲ့သည်။ သို့သော် ငရဲသို့ရောက်မှ ယေရှုကို ယုံကြည်ခြင်း သို့မဟုတ် နောင်တရခြင်းသည် မည်သည့်အကျိုးမှ မဖြစ်ထွန်းနိုင်တော့ကြောင်း ထင်ရှားပါသည်။
သူဌေးကြီးသည် ငရဲ၏ အပြစ်ဒဏ်ကို ခံစားရသည့်အချိန်တွင် အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထိုအခါ မည်သည့်အရာကိုမျှ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိတော့ပါ။ "ပျက်လျှင် ပြင်ရင်ခဏ" ဆိုသော စကားပုံသည် ဤလောကတွင်သာ သက်ဝင်ပါသည်။ ငရဲ၌ကား ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးမရှိတော့ပါ။
အရှင်ယေရှုကိုယ်တိုင်က ကယ်တင်ခြင်းမရရှိသေးသူများ ပြင်ဆင်နိုင်ရန်အတွက် သေခြင်းဆိုသော တဖက်ကမ်းအကြောင်းကို ဟောပြောခဲ့သည်။ ဥပမာအားဖြင့်၊ နိုင်ငံခြားသို့ ခရီးထွက်မည့်သူတစ်ဦးသည် မထွက်ခွာမီ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာကို ကြိုတင်ပြင်ဆင်ထားရသည် မဟုတ်ပါလား။ ထိုနည်းတူ၊ သေခြင်းဆိုသော တဖက်ကမ်းသို့ မရောက်မီ ကယ်တင်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားရန် အလွန်အရေးကြီးပါသည်။ အရှင်ယေရှုသည် သင်နှင့် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးထားပြီးဖြစ်ပါသည်။
ချစ်သောမိတ်ဆွေ၊ သင် ကယ်တင်ခြင်းကို စိတ်ချယုံကြည်ထားပြီလား။ သင့်ဝိညာဉ်အတွက် ပြင်ဆင်ပြီးသွားပြီလား။
(“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့...” - မဿဲ ၂၄:၄၄)
စာဖတ်သူ မိတ်ဆွေတို့အားလုံး တမလွန်ဘဝအတွက် ကြိုတင်ပြင်ဆင်နိုင်ကြပြီး၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ခံစားရပါစေဟု ဆုတောင်းပါသည်။
JK
Comments
Post a Comment