ခရစ်တော် ဤလောကသို့ ကြွလာရခြင်း

            ရှေးဦးစွာ ဘုရားသခင်ကို ချီးမွမ်းပါ၏။ သတင်းကောင်းတစ်ခုကို ဝေမျှလိုပါသည်။ တိမောသေဩဝါဒစာ ပဌမစောင် ၁:၁၅ တွင် ဤသို့ ဆိုထားသည် - "ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကား ဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သော စကားလည်း ဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံး ဖြစ်၏။" 

              ခရစ်တော် ဤလောကသို့ ကြွလာရခြင်း

သည် ခရစ်ယာန် ဘာသာဝင်များအတွက်သာ သီးသန့် မဟုတ်ပါ။ လူမျိုးတစ်မျိုး သို့မဟုတ် တိုင်းနိုင်ငံတစ်ခုအတွက်လည်း မဟုတ်ပါ။ လူသားအားလုံးအတွက် ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူတိုင်း၌ အပြစ်မှ ကင်းစင်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ। နေ့စဉ် လူတို့သည် လောဘ၊ ဒေါသ၊ မောဟတို့နှင့် ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပြစ်မှားလျက် ရှိကြသည်။ ကောင်းမှန်း သိထားသော်လည်း မလုပ်နိုင်သလို၊ မကောင်းမှန်း သိပါလျက် ရှောင်လွှဲ၍လည်း မရကြပါ। နေ့စဉ် အပြစ်နှင့် အသက်ရှင်နေရပြီး၊ ထာဝရ ပျက်စီးခြင်းသို့ လမ်းဆုံးသွားရမည် ဖြစ်သည်။ 


            မိတ်ဆွေ၊ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ဘယ်ကို သွားမည်နည်း။ နောင်တမလွန်အတွက် အာမခံချက် ရှိပြီးပြီလား ဆိုတာကို စဉ်းစား ဆင်ခြင်သင့်ပါသည်။ သေခြင်းတရားသည် အချိန်မရွေး ရင်ဆိုင်နိုင်ပြီး၊ မည်သူမျှ လွှဲရှောင်၍ မရနိုင်ပါ။ သေခြင်းဆိုသည်မှာ မနက်ဖြန်ထက် ပိုမို နီးကပ်နေပါသည်။ လောကတွင် စားဖို့၊ နေဖို့ စဉ်းစားရင်း သေခြင်းအကြောင်းကို မေ့ထားမိသည့် အချိန်များလည်း ရှိကြသည်။ 

ပညာ၊ ဥစ္စာ ရှာဖွေရင်းနှင့်လည်း သေဆုံးသွားနိုင်ပါသည်။ ရုပ်နှင့် နာမ် တွဲနေသော ကျွန်ုပ်တို့သည် ရုပ်ခန္ဓာ ခွဲခွာသွားသောအခါ၊ နာမ်ဝိညာဉ်သည် ထာဝရ တည်ရှိနေမည် ဖြစ်သည်။ ထိုဝိညာဉ်အတွက် ထာဝရ ပျက်စီးရာ ငရဲနှင့် ကောင်းကင်ဘုံသို့ သွားရာ လမ်းနှစ်လမ်းသာ ရှိပါသည်။ မိတ်ဆွေ၊ သင်ဘယ်ကို သွားမည်နည်း။ အပယ်ငရဲမှ လွတ်မြောက်ရာ လမ်းကို ဝေမျှပေးချင်ပါသည်။ 


ယေရှုခရစ်သည် ကျမ်းစာထဲတွင် ဖော်ပြချက်အရ အပြစ်ရှိသမျှကို ကယ်တင်ရန် ကြွလာခဲ့သည်။ အပြစ်ကြောင့် ငရဲသို့ ရောက်ရမည့် ကျွန်ုပ်တို့အတွက် ယေရှုခရစ်သည် လူ့ဇာတိ ခံယူ၍ အပြစ်နှင့် ပြည့်နှက်နေသော ဤလောကကြီးသို့ ကြွဆင်းလာခဲ့သည်။ 


တစ်ခါတုန်းက ကြက်မိသားစုတစ်စုသည် မစင်တွင်း၏ နှုတ်ခမ်းဝတွင် ရှိနေပြီး၊ ကြက်မကြီးက ကြက်ကလေးများကို ယက်ကာ အစာကျွေးနေသည်။ ထိုအချိန်၌ ကြက်ကလေးတစ်ကောင် မစင်တွင်းထဲသို့ ကျသွားသည်။ မစင်တွင်းမှာ နက်ရှိုင်းပြီး ပေကျံနေသည်။ ကြက်ကလေးက အော်ဟစ်တော့၊ ၎င်းကို ကယ်တင်ရန် ကြက်မကြီးသည် တွင်းနှုတ်ခမ်းဝတွင် ဟိုပြေး၊ ဒီပြေးလုပ်ကာ အော်ဟစ်နေသော်လည်း ကယ်တင်နိုင်စွမ်း မရှိခဲ့ပါ။ 

ထိုအခါ ခပ်လှမ်းလှမ်းမှ ကြက်ပိုင်ရှင်က "ငါမကယ်လျှင် ဤကြက်ကလေး သေတော့မည်" ဟု စဉ်းစားပြီး၊ ညစ်ပတ် နံစော်နေသော မစင်တွင်းထဲသို့ ဆင်းကာ ကြက်ကလေးကို ကယ်တင်လိုက်သည်။ ရေဆေး၊ နေပူစာ လှုံပြီးနောက် ကြက်ကလေးသည် ပြန်လည် ရှင်သန်ခဲ့ရသည်။ 


ထိုနည်းတူပင် ယေရှုခရစ်သည် မိတ်ဆွေနှင့် ကျွန်ုပ်တို့ကို ကယ်တင်ရန် ရွံရှာဖွယ်၊ အပြစ်နှင့် ပြည့်နှက်နေသော ဤလောကသို့ ကြွဆင်းလာခဲ့သည်။ မည်သို့ ကယ်တင်ခဲ့သနည်းဆိုလျှင်၊ ကျွန်ုပ်တို့ ခံရမည့် အပြစ်ဒဏ်အတွက် ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံပေးခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်ဒဏ်ကို ကိုယ်စား ခံပေးခဲ့ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်၏ အသွေးတော်ဖြင့် အပြစ်ရှိသမျှကို ဆေးကြောပေးခဲ့သည်။ သမ္မာကျမ်းစာတွင် "အသွေး မသွန်းလောင်းဘဲ အပြစ်လွတ်ခြင်း မရှိ" ဟု ဖော်ပြထားပြီး၊ လူ၏ အသက်သည် အသွေးတွင် တည်သည်ဟု ဆိုထားသည်။ 


ယေရှုခရစ်တော်၏ အသွေးတော်အားဖြင့်သာ အပြစ်များကို ဆေးကြောနိုင်ပါသည်။ ယေရှုခရစ်တော်သည် သေပြီး ပျောက်သွားသော ဘုရား မဟုတ်ဘဲ၊ သေခြင်းကို အောင်နိုင်ခဲ့ပြီး သုံးရက်မြောက်နေ့တွင် ပြန်လည် ရှင်ပြန်ထမြောက်ခဲ့သည်။ ထို့ကြောင့် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို အပယ်ငရဲမှ ကယ်တင်ရန် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ယေရှုခရစ်တော် လုပ်ဆောင်ပေးခဲ့သည်များကို စိတ်နှလုံးဖြင့် ယုံကြည်၍၊ နှုတ်ဖြင့် ဝန်ခံမည်ဆိုပါက၊ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ အိုခြင်း၊ နာခြင်းကင်းသော ကောင်းကင်ဘုံသို့ ဝင်စားရမည့်အကြောင်း ဤသတင်းကောင်းကို မေတ္တာဖြင့် ဝေမျှလိုက်ပါသည်။ 


မိတ်ဆွေ၊ သေခြင်းနှင့် ရင်ဆိုင်ရပါက ဘယ်ကို သွားမည်နည်း။ "ငါက မသေနိုင်သေးဘူး၊ ငါက ကျန်းမာနေသေးတယ်" ဟု ပြောကောင်း ပြောနိုင်ပါသည်။ သို့သော် "ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်" ကို မေ့ထားလို့ မရနိုင်ပါ။ လူ့ဘဝသည် အခိုးအငွေ့ကဲ့သို့ဖြစ်၍၊ ယခုမြင်၊ ယခုပျောက် ဖြစ်တတ်သည်။ ထို့ကြောင့် သေခြင်းသည် မနက်ဖြန်ထက် ပိုမို နီးကပ်ကြောင်း ဖော်ပြပေးခဲ့ပါပြီ။ မိတ်ဆွေအား အလေးအနက် စဉ်းစားစေလိုပါသည်။ 


သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် တစ်နေ့ ရထားလက်မှတ်ဝယ်၍ ခရီးတစ်ခုသို့ သွားခဲ့သည်။ ရထားလက်မှတ်စစ်သူ သူ့ထံ ရောက်လာသောအခါ၊ သူသည် ဟိုရှာ၊ ဒီရှာလုပ်သော်လည်း လက်မှတ်ပျောက်နေသည်။ ထို့ကြောင့် လက်မှတ်စစ်သူက မစစ်တော့ဘဲ ကျော်သွားသည်။ သို့သော် အိုင်းစတိုင်းက လက်မှတ်ကို ဆက်ရှာနေဆဲ ဖြစ်သည်။ လက်မှတ်စစ်သူ ပြန်လာပြီး "ဆရာကြီး၊ ဆရာကြီးကို ကျွန်တော် ကောင်းကောင်း သိပါတယ်။

 ဆရာကြီးက မဟုတ်တာကို လုပ်မည့်သူမျိုး မဟုတ်ပါ။ ဒါကြောင့် မရှာတော့နဲ့၊ မစစ်တော့ဘူး" ဟု ပြောသော်လည်း၊ သူက ဆက်ရှာနေဆဲဖြစ်သည်။ လက်မှတ်စစ်သူက "ဘာလို့ ရှာနေတာလဲ" ဟု မေးတော့ "ကျွန်တော် ဆင်းရမယ့် ဘူတာနာမည် မေ့နေလို့ပါ။ လက်မှတ်မှာ ရေးထားတာကို ကြည့်မှ သိမှာ" ဟု ဖြေသည်। သူသည် ဘယ်ဘူတာသို့ ဆင်းရမည်ကို မသိဘဲ ဖြစ်နေသည်။ 


ထိုနည်းတူ၊ ကျွန်ုပ်တို့ သေခြင်းတရားနှင့် ကြုံလာရသောအခါ၊ ကောင်းကင် သို့မဟုတ် ငရဲ - ဘယ်လမ်းကို သွားမည်နည်း။ စိတ်ချရသော အာမခံချက်၊ စိတ်ချရသော လမ်းရှိပြီးပြီလား ဆိုတာကို စဉ်းစား ဆင်ခြင်ရန် မေတ္တာဖြင့် ဝေမျှလိုက်ပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။


ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:

1. သင်၏ ဝိညာဉ်သည် သေခြင်းနှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်ဘုံသို့ ရောက်ရန် အာမခံချက် ရှိပြီလား၊ သို့မဟုတ် အဘယ်အရာက သင့်ကို ယုံကြည်မှု မရှိစေသနည်း။  

2. ယေရှုခရစ်၏ ကယ်တင်ခြင်းကို ယုံကြည်၍ လက်ခံရန် အဆင်သင့် ဖြစ်ပြီလား၊ သို့မဟုတ် လောက၏ ယာယီအရာများက သင့်ကို ဆွဲထားနေသေးသလား။


ဆရာလှစိုး

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?