ထာဝရအဘ
အသက်ရှင်တော်မူသော ဘုရား၏ နာမတော်ကို ချီးမွမ်းပါသည်။ Shwe Canaan အစီအစဉ်မှ နှုတ်ကပတ်တော်ကို သက်သေခံ၍ ဝေမျှလိုပါသည်။ ခေါင်းစဉ်မှာ "ထာဝရအဘ" ဆိုသည့် ခေါင်းစဉ်ဖြင့် ဝေမျှမည်ဖြစ်ပါသည်။
လောကတွင် "အဖ" ဆိုသော အမည်သာ မရှိခဲ့ပါက လူများ ဖြစ်လာစရာ အကြောင်းမရှိပါ။ ထို့ကြောင့် "အဘ" ဆိုသည့် စကားလုံးကို လူတိုင်း၏ ရင်ထဲတွင် ခေါ်တတ်ကြသည်။ အဘသည် သားသမီးများကို ကာကွယ်စောင့်ရှောက်ပြီး တာဝန်ယူသူဖြစ်သည်။ ထို့ကြောင့်
သားသမီးများကလည်း "အဖ" ၏ တန်ဖိုးကို သိရှိသောကြောင့် တန်ဖိုးထားကြသည်၊ ကျေးဇူးပြန်ဆပ်လိုကြသည်။ သို့သော် လောကတွင် ရှိသော အဘများသည် အသက် ၇၀၊ ၈၀၊ ၁၀၀ သို့ ရောက်သောအခါ မြင်ရတော့မည် မဟုတ်ပါ။ လောကတွင် မရှိတော့ဘဲ ကွယ်ပျောက်သွားကြသည်။(ဟေဗြဲ ၁၂:၉) ကို ကြည့်မည်ဆိုလျှင် "တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့ လိုက်၍ အသက်ချမ်းသာ ရကြမည် မဟုတ်လော" ဟု ဖော်ပြထားသည်။ ဤကျမ်းစာကို ကြည့်သောအခါ "အဘ" နှစ်မျိုးကို တွေ့ရသည်။ ပထမအဘမှာ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘ၊ ဆိုလိုသည်မှာ သွေးရင်းသားရင်း အဘဖြစ်သည်။ သွေးရင်းသားရင်း အဘများသည် သွန်သင်ပေးသည်၊ လမ်းပြသည်၊ ဆုံးမသည်။ သို့သော် ၎င်းတို့သည် တစ်ခဏသာ ရှိပြီး လောကတွင် ကွယ်ပျောက်သွားကြသည်။ နောက်ထပ် ဘုရားက မည်သို့ ဖော်ပြသနည်း။ "စိတ်ဝိညာဉ်တို့၏ အဘ" ဟု ဖော်ပြထားသည်။ စိတ်ဝိညာဉ်တို့၏ အဘသည် တစ်ခဏမဟုတ်ဘဲ၊ ထာဝရ လမ်းပြ၊ ကွယ်ကာ၊ စောင့်လျှောက်ပေးသော ဖခင်ဖြစ်သည်။
(ယောဟန်ခရစ်ဝင် ၁၄:၈) တွင် "ဖိလိပ္ပုကလည်း ‘သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်’ ဟု လျှောက်လျှင်" ဟု ဖော်ပြထားသည်။ ဖိလိပ္ပု ဆိုသော ခရစ်တော်၏ တပည့်တော်က သခင်ယေရှူကို "ခမည်းတော်ကို ပြတော်မူပါ" ဟု မေးသောအခါ၊ "ငါ့ကို မြင်လျှင် ခမည်းတော်ကို မြင်သည်" ဟု ဖြေတော်မူသည်။ ဆိုလိုသည်မှာ သူသည် လောကသို့ ကြွလာသောအခါ ခမည်းတော်လည်းဖြစ်သည်၊ သားတော်လည်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအဘသည် လူသားများကို သွန်သင်၊ ဆုံးမ၊ လမ်းပြရုံသာမက၊ လူသားများ၏ အပြစ်များအတွက်ပါ အသက်စွန့်ပေးဆပ်ခဲ့ကြောင်း တွေ့ရသည်။ သခင်ယေရှူကို ယုံကြည်သော အယောက်စီတိုင်းသည် အပါယ်သို့ သွားစရာမလိုဘဲ၊ သူပြင်ဆင်ထားသော ထာဝရကောင်းကင်တွင် နေထိုင်ရန် ပြင်ဆင်ထားပေးသည်။
ထို့ကြောင့် လောကတွင် ရှိသော အဖများသည် သားသမီးများကို ချစ်သည်၊ ကွယ်ကာသည်၊ စောင့်လျှောက်သည်။ သို့သော် ၎င်းတို့သည် ခဏတာသာ ဖြစ်သည်။ ကောင်းကင်၏ အဖကမူ ကွယ်ကာ၊ စောင့်လျှောက်ရုံသာမက၊ ထာဝရအသက်ကိုပါ ပေးခဲ့သည်။ ထို့ကြောင့် (ယောဟန်ခရစ်ဝင် ၁၄:၁၈) တွင် "ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်" ဟု ဖော်ပြထားသည်။ ခရစ်တော် ကောင်းကင်သို့ တက်ကြွမသွားမီ၊ တပည့်တော်များက "ကိုယ်တော် ပြန်တက်ကြွသွားလျှင် ဘယ်သူ့ကို အဘဟု ခေါ်ရမည်နည်း" ဟု မေးသောအခါ၊ ယေရှူက "သင်တို့ကို မစွန့်ပစ်ဘူး၊ မိဘမဲ့ မဖြစ်စေဘူး၊ ပြန်လာခေါ်မည်" ဟု ကတိပေးခဲ့သည်။ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း စေလွှတ်ခဲ့သည်။
ထို့ကြောင့် လူသားအားလုံး၏ အဘသည် သူချစ်သော သားသမီးများကို ပစ်မထားဘဲ ကယ်တင်ပြီး၊ (ဟေရှာယအနာဂတ္တိကျမ်း ၉:၆) တွင် "အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင် ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်" ဟု ဖော်ပြထားသည်။ ဤကျမ်းချက်တွင် ယေရှူသည် "ထာဝရအဘ" ဟု ဖော်ပြထားသည်။
ထို့ကြောင့် မြေကြီးပေါ်ရှိ ကျွန်ုပ်တို့သည် လောကအဘများကို ရိုသေလေးစားဖို့ လိုသလို၊ ကောင်းကင်၏ အဘ၏ စကားကို နားခံပြီး၊ သူပေးသော ထာဝရအသက်ကို ယုံကြည်လက်ခံဖို့လည်း လိုအပ်သည်။ (မဿဲခရစ်ဝင် ၂၃:၉) တွင် "မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏ အဘတစ်ပါးတည်း ရှိတော်မူ၏" ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ ဝိညာဉ်ရေးရာနှင့် ပတ်သက်သော အဘသည် တစ်ပါးတည်းသာ ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ လောကတွင် ရှိသော အဘများသည် မတည်မြဲပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်သူမှာ ယေရှူတစ်ပါးတည်းသာ ရှိသည်။ ယေရှူသည် "ထာဝရအဘ" ဖြစ်သည်။ လောကတွင် ရှိသော အဘများသည် စွန့်ခွာသွားနိုင်သော်လည်း၊ ယေရှူခရစ်တော်ကမူ မစွန့်ခွာပါ။
ထို့ကြောင့် ကောင်းကင်၏ အဘသည် လူသားများ၏ အပြစ်ကို လွှတ်ပိုင်သော အရှင်ဖြစ်သောကြောင့်၊ ထိုကောင်းကင်၏ အဘကို ယုံကြည်လက်ခံပြီး၊ ထာဝရအသက်ကို ရယူပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း နှုတ်ကပတ်တော်အားဖြင့် ဝေမျှပါသည်။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:
1. သင့်ဘဝတွင် လောက၏ အဘများနှင့် "ထာဝရအဘ" ဖြစ်သော ယေရှူခရစ်တော်၏ ကွာခြားချက်ကို မည်သို့ သိမြင်ပြီး၊ ၎င်းက သင့်အပေါ် မည်သို့ အကျိုးသက်ရောက်သည်ဟု ထင်သနည်း။
2. "ထာဝရအဘ" ၏ ထာဝရအသက်ကို ယုံကြည်လက်ခံခြင်းသည် သင့်နေ့စဉ်ဘဝနှင့် နောင်တမလွန်အတွက် မည်သို့ စိတ်ချမှုကို ပေးနိုင်မည်နည်း။
ဆရာအောင်မြင့် - မြစ်ကြီးနား
Comments
Post a Comment