အပြစ်၊ အပြစ်စီရင်ခြင်း၊ အပြစ်လွှတ်ခြင်း
ဘုရားသခင်၏ ကောင်းမြတ်သော စကားများကို Shwe Canaan အစီအစဉ်မှ ပြန်လည်ဝေမျှလိုပါသည်။ ဝေမျှလိုသော နှုတ်ကပတ်တော်၏ ခေါင်းစဉ်မှာ "အပြစ်၊ အပြစ်စီရင်ခြင်း၊ အပြစ်လွှတ်ခြင်း" ဖြစ်ပါသည်။
လောကတွင် လူများသည် "အပြစ်" ဆိုသော စကားလုံးကို အသုံးပြုတတ်ကြသည်။ "မင်းမှာ အပြစ်ရှိတယ်"၊ "မင်းမှာ အပြစ်ကြီးတယ်" စသဖြင့် ဝေဖန်တတ်ကြသည်။ ထို့ကြောင့် အပြစ်ဆိုသည်မှာ အဘယ်နည်းဟု သမ္မာကျမ်းစာက ဖော်ပြ
ထားသည်။(၁ ယောဟန် ၃:၄) တွင် "ဒုစရိုက်ကို ပြုသောသူမည်သည်ကား ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း" ဟု ဖော်ပြထားသည်။ အပြစ်ဆိုသည်မှာ ဘုရားသခင်ပညတ်ထားသော ပညတ်တော်ကို ချိုးဖောက် လွန်ကျူးခြင်းပင်ဖြစ်သည်။ အာဒံနှင့် ဧဝကို ဘုရားသခင်က ဖန်ဆင်းပြီး ပညတ်ချက်တစ်ခုသာ ပေးထားသည်— "ထိုအပင်၏ အသီးကို မစားရ၊ စားသောနေ့တွင် ဧကန်အမှန် သေမည်" ဟူ၍ဖြစ်သည်။ သို့သော် ထိုတစ်ခုတည်းသော ပညတ်ကိုပင် မလိုက်နာနိုင်ခဲ့ဘဲ၊ အသီးကို စားမိလိုက်သည့်အတွက် အပြစ်တရား ဝင်လာခဲ့သည်။
ထို့ကြောင့် အာဒံနှင့် ဧဝမှ ဆင်းသက်လာသော လူသားမျိုးနွယ်အားလုံးသည် အပြစ်တရားကို ပါလာကြောင်း (ရောမ ၅:၁၂) တွင် ဖော်ပြထားသည်— "ဤအကြောင်းရာဟူမူကား အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြသည်" ဟု ဆိုထားသည်။ ထို့ကြောင့် အပြစ်သား အာဒံနှင့် ဧဝမှ မွေးဖွားလာသော လူတိုင်းသည်လည်း အပြစ်သားများဖြစ်ကြသည်။ ထို့ကြောင့် (ရောမ ၆:၂၃) တွင် "အပြစ်တရား၏ အခကား သေခြင်းဖြစ်သည်" ဟု ဖော်ပြထားသည်။
လူတစ်ယောက်တွင် အပြစ်ရှိလျှင် အပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။ ထိုစီရင်ခြင်းသည် ကန့်နှင့် လောင်သော မီးအိုင်ထဲတွင် ဖြစ်မည်ဟု (ဗျာဒိတ်ကျမ်း ၂၁:၈) တွင် ဖော်ပြထားသည်။ ထို့ကြောင့် အပြစ်စီရင်ခြင်း ရှိသလို၊ အပြစ်လွှတ်ခြင်းဆိုသည့် နောက်ဆက်တွဲလည်း ရှိပါသေးသည်။
(ရောမ ၅:၁၆) တွင် "ကျေးဇူးတော်အရာမှာ အပြစ်များလျက်ပင် လွှတ်စေဟု စီရင်၏" ဟု ဆိုထားသည်။ ပညတ်တရား၏ စီရင်ခြင်းနှင့် ကျေးဇူးတရား၏ လွှတ်ခြင်းသည် အလွန်ကွာခြားသည်။ ပညတ်တရားက အပြစ်တစ်ခုကြောင့် ဒဏ်ခံစေသည်။ ကျေးဇူးတော်ကမူ အပြစ်များလျက်ပင် လွှတ်စေလို စီရင်သည်။ ထို့ကြောင့် အပြစ်လွှတ်ခြင်းသည် ဘုရားသခင်တည်းဟူသောအရပ်၌သာ ရှိကြောင်း တွေ့ရသည်။
(ဧဖက် ၁:၇-၈) တွင် "ခပ်သိမ်းသော သတိပညာနှင့် လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြပြီ" ဟု ဖော်ပြထားသည်။ ထို့ကြောင့် အပြစ်စီရင်ခြင်းနှင့် လွှတ်ခြင်းသည် ယေရှူခရစ်တော်၌သာ ရှိသည်။ ယေရှူခရစ်တော်သည် လောကလူသားများအတွက် ကားတိုင်ပေါ်တွင် အသေခံပြီး၊ အပြစ်ကြွေးအားလုံးကို ဆပ်ပေးခဲ့သည်။
(မာကု ၂) ကို ကြည့်မည်ဆိုလျှင် ခရစ်တော်သည် အိမ်တစ်အိမ်တွင် တရားဟောနေစဉ်၊ အိမ်အတွင်းလည်း လူပြည့်၊ အပြင်လည်း လူပြည့်နေသည်။ ထိုအချိန်တွင် လူလေးယောက်က လူနာတစ်ဦးကို ခရစ်တော်ထံ ယူဆောင်လာသည်။ အနာရောဂါ ငြိမ်းစေရန်နှင့် အပြစ်လွှတ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း၊ အိမ်ထဲသို့ တည့်တည့်ဝင်လို့မရသဖြင့် အိမ်ခေါင်မိုးကို ဖောက်ပြီး လူနာကို ကြိုးဖြင့် လျှော့ချပေးလိုက်သည်။ ယေရှူခရစ်တော်က ထိုလူလေးယောက်၏ ယုံကြည်ခြင်းကို မြင်တော်မူသည်။ ထိုလူနာသည် ယေရှူနှင့် တွေ့လျှင် ပျောက်မည်ဟု ယုံကြည်သော ယုံကြည်ခြင်းကို ခရစ်တော်တွေ့မြင်ပြီး၊ လက်ခြေသေသူကို "သင့်ရဲ့ အပြစ်ကို လွှတ်စေပြီ" ဟု မိန့်တော်မူသည်။
ထိုအချိန်တွင် ဘေးနားရှိ ဘာသာရေးကျမ်းပြုဆရာများက "ဤသူသည် ဘုရားကို လွန်ကျူး၍ ဤသို့ ပြောသနည်း။ ဘုရားသခင် တစ်ပါးတည်းသာလျှင် အပြစ်ကို လွှတ်ပိုင်သည် မဟုတ်လော" ဟု စိတ်ထဲတွင် တွေးလိုက်ကြသည်။ ယေရှူခရစ်တော်က ၎င်းကို သိရှိပြီး "လက်ခြေသေသောသူအား အဘယ်စကားကို ပြောလွယ်သနည်း။ ‘သင်၏ အပြစ်ကို လွှတ်စေပြီ’ ဟု ပြောလွယ်သလော။ ‘သင် ထလော့၊ ကိုယ်အိပ်ယာကို စောင်၍ လှမ်းသွားလော့’ ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်တွင် အပြစ်လွှတ်ပိုင်သည်ကို သိစေခြင်းငှါ ‘ထလော့၊ ကိုယ်အိပ်ယာကို စောင်၍ လှမ်းသွားလော့’" ဟု မိန့်တော်မူသည်။
လူများက "အပြစ်လွှတ်ခြင်းဆိုတာ လူချင်း လုပ်နိုင်စရာ မရှိဘူး၊ ဘုရားသခင်သာ လုပ်နိုင်သည်" ဟု ထင်ကြသည်။ ကျမ်းတတ်များက ယေရှူကို လူသာမန်အဖြစ် မြင်ခဲ့ကြပြီး၊ "ဘုရားသခင်သာလျှင် လွှတ်နိုင်သည်" ဟု ဦးနှောက်ဖြင့် တွေးခေါ်ခဲ့ကြသည်။ တကယ်တမ်းတွင် ခရစ်တော်သည် လောကတွင် ဘုရားစင်စစ်က လူ့ဇာတိခံယူထားသော ဘုရားဖြစ်သည်။ ထို့ကြောင့် ယေရှူခရစ်တော်သည် လောကတွင် လူအယောက်ချင်းစီ၏ အပြစ်ကို လွှတ်ပိုင်သော ဘုရားဖြစ်သည်။
လောကတွင် သင်သည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဖြစ်စေ၊ အပြစ်ရှိလျှင် အပြစ်ဒဏ်ကို ခံရမည်။ ထိုအပြစ်မှ လွှတ်မြောက်ရန်၊ အပြစ်ကို လွှတ်ပေးနိုင်သော ဘုရားမှာ ယေရှူခရစ်တော် တစ်ပါးတည်းသာ ရှိသည်။ ယေရှူခရစ်တော်က လွှတ်နိုင်စွမ်းမရှိသော အပြစ်တစ်စုံတစ်ခုမျှ လောကတွင် မရှိပါ။ ယေရှူခရစ်တော်က ကားတိုင်ပေါ်တွင် အသွေးအားဖြင့် အပြစ်အားလုံးကို ဆေးကြောပြီးဖြစ်ကြောင်း ယုံကြည်လျှင် ထာဝရကယ်တင်ခြင်းကို ခံစားရမည်ဟု ဤနှုတ်ကပတ်တော်အားဖြင့် ဝေမျှလိုပါသည်။ ကြားနာသူ အယောက်စီတိုင်းအပေါ် ဘုရားသခင်က ကောင်းကြီးပေးပါစေ။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:
1. သင့်ဘဝတွင် အပြစ်တရားကို မည်သို့သိမြင်ပြီး၊ ၎င်းကို ယေရှူခရစ်တော်၏ အပြစ်လွှတ်ခြင်းဖြင့် မည်သို့ ကျော်လွှားနိုင်မည်ထင်သနည်း။
2. ယေရှူခရစ်တော်၏ ကျေးဇူးတော်ကို လက်ခံယုံကြည်ခြင်းသည် သင့်အသက်တာတွင် အပြစ်စီရင်ခြင်းမှ လွတ်မြောက်ရန် မည်သို့ အထောက်အကူဖြစ်စေနိုင်မည်နည်း။
ဆရာအောင်မြင့် - မြစ်ကြီးနား
Comments
Post a Comment