ထာဝရနေရာ
အားလုံးဘဲ မင်္ဂလာပါ။ ရွှေခါနန်အစီအစဉ်မှ ဓမ္မမိတ်ဆွေများကို “ထာဝရနေရာ” ဆိုတဲ့ ခေါင်းစဉ်အားဖြင့် ဝေမျှချင်ပါတယ်။ ချစ်သော ဓမ္မမိတ်ဆွေများ၊ လောကမှာ တည်မြဲတဲ့ နေရာဆိုတာ မရှိပါဘူး။ လောကလူသားတွေဟာ ခဏတာ ဧည့်သည်အဖြစ်နဲ့သာ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ တည်မြဲတဲ့အရာ လောကမှာ မရှိပါဘူး။
သမ္မာကျမ်းစာထဲမှာ ယာကုပ်အခန်းကြီး ၄၊ အပိုဒ်ငယ် ၁၄ မှာ အခုလို ဖော်ပြ
ထားပါတယ်။ “မနက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏတာ ထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။” ကျွန်တော်တို့ လောကမှာ အသက်ရှင်စဉ်၊ ပုထုဇဉ်လူသားတွေဟာ အခိုးအငွေ့လိုပဲ ခဏတာ ထင်ရှားပြီး ကွယ်ပျောက်သွားမယ့် အရာများသာ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ပြောထားပါတယ်။ ရုပ်ခန္ဓာကတော့ မြေကြီးမှာ အဆုံးသတ်ပြီး၊ နာမ်သက်ကတော့ ထာဝရ ခရီးဆက်ရဦးမှာပါ။လောကမှာ ရှိတဲ့ စည်းစိမ်တွေဟာ မမြဲဘူးဆိုတာ ထင်ရှားပါတယ်။ တိမောသေ ၆:၁၇ မှာ အခုလို ဖော်ပြထားပါတယ်။ “ဤဘဝ၌ ငွေရတတ်သော သူတို့သည် မာန်မာနစိတ်နှင့် ကင်းလွတ်၍၊ မမြဲသော စည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ ခံစားဖို့ရာ အလုံးစုံကို ကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်” လို့ ဆိုထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မာကျမ်းစာအရ လောကစည်းစိမ်ဟာ မတည်မြဲဘူးဆိုတာ သိပေမဲ့၊ လူတွေဟာ ခန္ဓာအတွက် ကြိုးစားရှာဖွေနေကြတာကို တွေ့ရပါတယ်။ လောကစည်းစိမ်၊ ငွေကြေးစတဲ့ အရာတွေကို လူသားတွေက ကြိုးစားပြီး ရှာဖွေကြပါတယ်။
ဒါပေမဲ့ အသက်ရှင်နေထိုင်တဲ့ ဒီကမ္ဘာကြီးဟာ မမြဲဘူးဆိုတာ ၂ ကော ၄:၁၈ မှာ အခုလို ဖော်ပြထားပါတယ်။ “အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသော အရာတို့သည် ခဏတာ တည်၍၊ မထင်ရှားသော အရာတို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ၊ မထင်ရှားသော အရာတို့ကို ကြည့်မှတ်ကြစဉ်၊ ယခု ခဏခံရပြီး ပေါ့ပါးသော ဆင်းရဲဒုက္ခသည်၊ အတိုင်းအထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အတွက် ဖြစ်စေတတ်၏။” လောကမှာ မျက်စိနဲ့ မြင်ရတဲ့ အရာတွေဟာ မတည်မြဲဘဲ၊ ရွေ့လျား၍ ကွယ်ပျောက်တတ်ပါတယ်။ ကမ္ဘာမြေကြီးဟာလည်း တစ်နေ့ ကွယ်ပျောက်သွားမှာပါ။ ရှာဖွေနေတဲ့ စည်းစိမ်ဥစ္စာတွေဟာလည်း ကွယ်ပျောက်သွားတတ်ပါတယ်။
ဒါပေမဲ့ ထာဝရ တည်မြဲတဲ့ အရာဆိုတာ ရှိပါတယ်။ သမ္မာကျမ်းစာ ၂ ကော ၅:၁ မှာ အခုလို ဖော်ပြထားပါတယ်။ “ယာယီတဲဖြစ်သော ငါတို့ နေအိမ်သည် ပျက်လျှင်၊ ကောင်းကင်ပေါ်၌ လူ့လက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့ သိရကြ၏။” ကမ္ဘာမြေကြီး၊ လူသား၊ လောကီစည်းစိမ်တွေဟာ မတည်မြဲပေမဲ့၊ တည်မြဲတဲ့ အိမ်ဆိုတာ ရှိပါတယ်။ သို့သော် ထိုနေရာကို လူ့လက်ဖြင့် တည်ဆောက်ထားတာ မဟုတ်ဘဲ၊ အနန္တတန်ခိုးနဲ့ ပြည့်စုံသော ထာဝရဘုရား၏ လက်တော်အားဖြင့် တည်ဆောက်ထားပြီး၊ ဘယ်တော့မှ ပျက်စီးပြိုလဲခြင်း မရှိတဲ့ “ထာဝရနေရာ”၊ “အိမ်” ဆိုတာ ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။
လောကလူသားတိုင်း မတည်မြဲတဲ့ လောကမှာ နေထိုင်ရတယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါပေမဲ့ အတွင်းဝိညာဉ်ဟာ ထာဝရ တည်တယ်ဆိုတာလည်း သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့၊ နာမ်သက်ဝိညာဉ်ကို ကမ္ဘာကြီး ဖန်ဆင်းစဉ်ကတည်းက ဘုရားသခင်က ကျွန်တော်တို့ထံ ထည့်သွင်းပေးထားတာကြောင့်ပါ။ လောကလူသားတွေဟာ အပြစ်ထဲမှာ၊ မကောင်းမှုထဲမှာ၊ လောကစည်းစိမ်တွေမှာ နစ်မွန်းနေပြီး၊ အသက်ရှင်စဉ် အပြစ်ထဲမှာ ရှင်သန်နေရင်၊ သေဆုံးသွားပါက ဘုရားနဲ့ ဝေးကွာတဲ့ နေရာကို သွားရမှာ ဖြစ်ပါတယ်။ ပျက်စီးရာ၊ ဒုက္ခဆင်းရဲ ခံရမယ့်၊ ကန့်နဲ့ရောနှောတဲ့ မီးငရဲအိုင်ထဲကို သွားရမှာပါ။
သို့သော် လူသားများက ထိုငရဲမှ လွတ်မြောက်ချင်တာကြောင့်၊ ကောင်းမှု ကုသိုလ်၊ အကျင့်တရား၊ ဘာသာတရားတို့ရဲ့ သွန်သင်ဆုံးမမှုများကို လိုက်လျှောက်ရင်း၊ ငရဲသို့ မသွားရအောင် လူ့နည်းလူ့ဟန်များနဲ့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားတွေရဲ့ ကြိုးစားမှုကြောင့် ငရဲမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူသားများဟာ နေ့တိုင်း ဝမ်းရေးအတွက် အသက်ရှင်နေထိုင်ကြရသူတွေသာ ဖြစ်ပါတယ်။ အကုသိုလ်၊ ကုသိုလ်များကို သိပေမဲ့၊ ကောင်းခြင်း၊ မကောင်းခြင်းကို ရှောင်ရန်၊ မရှောင်ရန်တွေကို ပြည့်မီအောင် ကြိုးစားပြီး ကျင့်ကြံနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ငရဲကနေ လွတ်မြောက်ဖို့အတွက် လူ့ကြိုးစားမှုနဲ့သာ မရနိုင်ပါဘူး။
ဒါကို ထာဝရဘုရားသခင်က သိတဲ့အခါမှာ၊ လောကကြီးကို ယေရှုခရစ်တော်က ကြွဆင်းလာပြီး၊ ကားတိုင်မှာ လောကလူသားတွေရဲ့ အပြစ်အတွက် အသေခံပေးသွားခဲ့ပါတယ်။ သို့သော် သေခြင်းမှာ လမ်းဆုံးသွားတာ မဟုတ်ဘဲ၊ သုံးရက်မြောက်မှာ သေခြင်းကို အောင်နိုင်ပြီး၊ ရှင်ပြန်ထမြောက်လာတဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ယေရှုခရစ်တော်ဘုရားဟာ လောကလူသားတွေရဲ့ အပြစ်တွေကို ဖြေရှင်းဆေးကြောပေးခဲ့ပါတယ်။ ဒါကို မိတ်ဆွေ စိတ်နှလုံး အကြွင်းမဲ့နဲ့ လက်ခံမယ်ဆိုရင်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာ “ထာဝရနေရာ” ကို ဝင်စားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၁-၃ မှာ အခုလို ဖော်ပြထားပါတယ်။ “တဖန်တုံ ယေရှုက၊ သင်တို့ စိတ်နှလုံး ပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဖ၏ အိမ်တော်၌ နေစရာ အခန်းများ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ၊ တဖန် လာပြန်၍၊ ငါရှိရာ အရပ်၌ သင်တို့ ရှိစေခြင်းငှာ၊ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟု နှုတ်ကပတ်တော်မှာ ဖော်ပြထားပါတယ်။
ရုပ်ခန္ဓာ၊ စည်းစိမ်ဥစ္စာတွေဟာ မတည်မြဲပေမဲ့၊ တည်မြဲတဲ့ နေရာ ရှိပါတယ်။ ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည် လက်ခံထားမယ်ဆိုရင်၊ “ထာဝရနေရာ”၊ လူ့လက်ဖြင့် မလုပ်တဲ့ နေရာ၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့ နေရာကို ယေရှုခရစ်တော် ဘုရားကိုယ်တိုင် ထာဝရ ကောင်းကင်နိုင်ငံမှာ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
လောကမှာတော့ ကိုယ်ပိုင်အိမ် ရဖို့၊ ကျောတစ်ခင်းစာ ရဖို့၊ အပယ်တကုတ် ကြိုးစားရပါတယ်။ လောကမှာ အသက်ရှင်ဖို့ နေရာတစ်နေရာ ရဖို့လည်း မလွယ်ကူပါဘူး။ ခရီးသွားတဲ့အခါမှာလည်း နေရာတစ်နေရာ ရဖို့ လိုအပ်ပါတယ်။ နေရမရဘဲ ခရီးသွားရတာ အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် နေရာဆိုတာ အရေးကြီးပါတယ်။ ထာဝရနေရာဟာ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့၊ ထာဝရ သုခချမ်းသာနဲ့ ပြည့်စုံတဲ့ နေရာ ဖြစ်ပါတယ်။
ထိုနေရာကို ဝင်စားဖို့ရာ၊ ယေရှုခရစ်တော်ဘုရားက ကျွန်တော်တို့ရဲ့ အပြစ်အတွက် အသေခံပြီး၊ သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ ကျွန်တော်တို့အတွက် ထာဝရနေရာကို ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံမယ်ဆိုရင်၊ လူ့လက်ဖြင့် မလုပ်သော ကောင်းကင်နိုင်ငံကို ဝင်စားခွင့် ရမှာ ဖြစ်ပါတယ်။ “ငါသည် အသက်ရှင်ခြင်းအကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်း ဖြစ်တယ်။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟု သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။
ယေရှုခရစ်တော်ဘုရားကို ယုံကြည်ရင် ထာဝရနေရာကို ဝင်စားရမယ်ဆိုတာကို နှုတ်ကပတ်တော်အားဖြင့် ဝေမျှလိုက်ပါတယ်။ အရောက်တိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ
1. လောကမှာ မတည်မြဲတဲ့ စည်းစိမ်တွေကို ရှာဖွေနေမယ့်အစား၊ ထာဝရတည်မြဲတဲ့ နေရာကို ရရှိဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ။
2. ယေရှုခရစ်တော်ကို ကိုယ်ပိုင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံဖို့ ဘာတွေက သင့်ကို တားဆီးနေပါသလဲ။
(ဆရာစောဖိုးနေအေး)
Comments
Post a Comment