ပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းခြင်း

         အားလုံးကို မဂ်လာပါဟု နှုတ်ခွန်းဆက်ပါ၏။ သတင်းကောင်းလေး တစ်ခုကို ဝေမျှလိုပါသည်။ ကျမ်းစာတစ်ပိုဒ်ကို ဖတ်ပြပါမည်။ 

          ကမ္ဘာဦးကျမ်း ၁:၃၁ တွင် ဤသို့ ဆိုထားသည် - "ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ရက် ဖြစ်လေ၏။" 

       ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သဘာဝ၊ တောတောင်၊ အပင်၊ တိရစ္ဆာန်အားလုံး

ကို ဖန်ဆင်းပြီးနောက်၊ နောက်ဆုံးတွင် ဆဋ္ဌမမြောက်နေ့၌ လူကို ဖန်ဆင်းခဲ့သည်။ ဘုရား ဖန်ဆင်းစဉ်က လူသည် ဖြောင့်မတ်ပြီး သန့်ရှင်း၊ အပြစ်ကင်းစင်ခဲ့သည်။ သို့သော် ဘုရား၏ စကားနားမထောင်သည့် အချိန်မှစ၍ လူသည် အပြစ်သား ဖြစ်သွားခဲ့သည်။ ဘုရားနှင့် ဝေးကွာသွားပြီး၊ ထိုအချိန်မှစ၍ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းများ စတင် ဖြစ်ပေါ်ခဲ့ရသည်။ ထိုအပြစ်သား မိခင်နှင့် ဖခင်မှ ဆင်းသက်လာသော လူတိုင်းသည်လည်း အပြစ်သားများအဖြစ်သာ ဆင်းသက် မွေးဖွားလာကြသည်။ 


ဆာလံကျမ်း ၅၁:၅ တွင် "အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏" ဟု ဆိုထားသည်။ ဤကျမ်းစာက အမေ၏ ဝမ်းထဲတည်းက အပြစ်စွဲနေသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် လူသည် မွေးဖွားပြီး အရွယ်ရောက်သောအခါ၊ အပြစ်ကို သင်စရာမလိုဘဲ လုပ်တတ်ကြသည်။ 


ရောမဩဝါဒစာ ၆:၂၃ တွင် "အပြစ်တရား၏ အခကားသေခြင်း ဖြစ်ပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက် ဖြစ်ပေတည်း" ဟု ဆိုထားသည်။ ဤကျမ်းစာက အပြစ်ကြောင့် လူတိုင်း သေရမည်ဖြစ်ကြောင်း ပြောထားသည်။ ထို့ကြောင့် လူတို့သည် ရောဂါအမျိုးမျိုး၊ ၉၆ ပါးသော ရောဂါများနှင့် သေဆုံးကြသော်လည်း၊ လူ၏ အမှန်တကယ် သေရခြင်း၏ ဇစ်မြစ်မှာ အပြစ်ကြောင့် ဖြစ်သည်။ သို့သော် လူသည် သေပြီးရုံဖြင့် ပြီးမသွားပါ။ ထို့နောက် တရားစီရင်ခြင်း ခံရမည်ဟု ဟေဗြဲ ၉:၂၇ တွင် ဖော်ပြထားသည်။ ထိုစီရင်ခြင်းမှာ ကန့်ငရဲ မီးအိုင်တွင် ထာဝရ ပူလောင်ခြင်း ဖြစ်သည်။ 


ထို့ကြောင့် ယောဘ ၃:၁-၁၀ တွင် ယောဘကြီးသည် သူ့ကို မွေးဖွားသော ရက်ကို ကျိန်ဆဲသည်ကို တွေ့ရသည်။ အဘယ်ကြောင့် ကျိန်ဆဲသနည်းဆိုလျှင်၊ သူမွေးလာစဉ်ကတည်းက ဆင်းရဲဒုက္ခ ခံခဲ့ရပြီး၊ သေပြီးလျှင်လည်း ငရဲသို့ သွားရဦးမည်ဆိုပါက မည်သည့် အကျိုးမျှ မရှိကြောင်း ပြောသည်။ ထို့ကြောင့် သူ၏ အမေ၏ ဝမ်းထဲမှ မမွေးဖွားလာခဲ့လျှင် ပိုကောင်းမည်ဟု ဆိုသည်။ လူ၏ ပထမမွေးခြင်းသည် ဒုက္ခဆင်းရဲသာ ခံရပြီး၊ သေပြီးလျှင်လည်း အပြစ်များကြောင့် ငရဲ၌ ခံစားရသည်။ 


မိတ်ဆွေတို့က "ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ ရောက်မှာပေါ့" ဟု ပြောကောင်း ပြောနိုင်ပါသည်။ သို့သော် တစ်ရက် ၂၄ နာရီတွင် ကောင်းတာနှင့် မကောင်းတာ မည်သည်ကို ပိုလုပ်မိသည်ကို ပြန်လည် သုံးသပ်ဖို့ လိုပါသည်။ လူသားများသည် ကောင်းတာကို သိသော်လည်း မလုပ်နိုင်သလို၊ မကောင်းတာကို သိပါလျက် ရှောင်လွှဲ၍လည်း မရကြပါ။ ဘာသာတရား၏ အဆုံးအမများ ရှိနေသော်လည်း အမြဲတမ်း လိုက်လျှောက်နိုင်သူ မရှိကြပါ။ ထိုအရာများကို လိုက်လျှောက်နိုင်၊ ကျင့်နိုင်သည်ဟု ဆိုစေဦးတော့၊ မွေးစကတည်းက ပါလာသော ဗီဇအပြစ်ကြောင့် ငရဲသို့သာ သွားရမည် ဖြစ်သည်။ 


ထို့ကြောင့် ဘုရားသခင်က လူတို့အား ငရဲမသွားစေလို၍၊ မိတ်ဆွေနှင့် ကျွန်ုပ်အတွက် လောကသို့ လူ့ဇာတိခံယူ၍ မွေးဖွားလာပြီး၊ ကားတိုင်ပေါ်တွင် အသက်သွေးနှင့် ပေးဆပ်ခဲ့သည်။ သေပြီး သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်သော ဘုရားဖြစ်သည်။ လူသားအားလုံးကို ပျက်စီးခြင်း ဆိုသည့် အပါယ်ငရဲမှ ရွေးနုတ် ကယ်တင်သော ဘုရား ဖြစ်သည်။ 


ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ တွင် "ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏" ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် လောကီသားအားလုံးကို ချစ်တော်မူသည်။ မိတ်ဆွေနှင့် ကျွန်ုပ်ကို ချစ်တော်မူသည်။ ပျက်စီးခြင်း ငရဲမှ လွတ်မြောက်ရန်အတွက် ကျွန်ုပ်တို့ကိုယ်စား ရွေးနုတ် ကယ်တင်ပြီးဖြစ်သည်။ ထိုကယ်တင်ရှင် ယေရှုခရစ်တော် ဘုရားကို စိတ်နှလုံးဖြင့် ယုံကြည်၍၊ နှုတ်ဖြင့် ဝန်ခံမည်ဆိုပါက အပြစ်လွတ်ခြင်းကို ခံစားရမည် ဖြစ်သည်။ 


ထို့အပြင် တစ်နေ့ သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင်လည်း ပျက်စီးခြင်း အပါယ်ငရဲသို့ သွားစရာမလိုဘဲ၊ ဘုရားသခင် ပြင်ဆင်ထားသော ကောင်းကင်ဘုံ၌ ထာဝရ ပျော်ရွှင် ဝမ်းမြောက်ရမည်ဖြစ်ကြောင်း၊ ဤနှုတ်ကပတ်တော်လေးအားဖြင့် အနည်းငယ် ဝေမျှပါသည်။ ဖတ်ရှု ကြားနာသူများအပေါ် ဘုရား ကောင်းကြီးပေးပါစေ။  


ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:

1. သင်၏ မွေးစကတည်းက ပါလာသော အပြစ်ကို ယေရှုခရစ်၏ ကယ်တင်ခြင်းဖြင့် လွတ်မြောက်ရန် အဆင်သင့် ဖြစ်ပြီလား၊ သို့မဟုတ် အဘယ်အရာက သင့်ကို တားဆီးနေသနည်း။  

2. သင်၏ နေ့စဉ်ဘဝတွင် ကောင်းမှုကို လုပ်ရန် ကြိုးစားနေသည်ဟု ယူဆပါက၊ ၎င်းက သင့်ဝိညာဉ်ကို ငရဲမှ ကယ်တင်ရန် လုံလောက်မည်ဟု ထင်ပါသလား၊ သို့မဟုတ် ယေရှု၏ ကယ်တင်ခြင်း လိုအပ်မှုကို မည်သို့ မြင်ပါသနည်း။

(ဆရာလှစိုး)

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?