မိခင်များနေ့ ဘယ်လိုဖြစ်လာသလဲ

                 ဖြစ်ပေါ်လာပုံကို ပြောကြတာချင်း မတူကြဘူး။ ပြာသိုလပြည့်နေ့မှာ အမေများနေ့အဖြင့် သတ်မှတ်ထားတဲ့ မြန်မာပြည်ရဲ့ အမေများနေ့အကြောင်းကို သိသူများ ပြောပြပေးကြပါ။ တစ်ချို့နိုင်ငံရဲ့ အမေများနေ့အကြောင်းကို အင်တာနက်မှာ ရှာပြီး ဘာသာပြန် မျှဝေလိုက်ပါတယ်။

သမိုင်းပညာရှင်များရဲ့ ခန့်မှန်းချက်အရ မိခင်များနေ့ကို ရှေးဂရိလူမျိုးတွေ Rhea နတ်သမီးကို ပူဇော်ပသရာက စခဲ့တယ်လို့ ဆို

ပါတယ်။ ရောမခေတ်မှာလည်း မိခင်များနေ့ အထိမ်းအမှတ်ပွဲပုံစံ ကျင်းပခဲ့ကြတယ်။ အဲဒီပွဲက မယ်တော် Magna Mater နတ်ကို ပူဇော်ပသတာပဲဖြစ်တယ်။ ရောမမြို့က Palatine Hill မှာ မယ်တော်Magna Materအတွက်အမှတ်တရ ဆောက်ထားတဲ့ ကျောင်းဆောင်ရှိတယ်။ ဒီလိုပူဇော်ပွဲကို ဘီစီ ၂၅၀ခုနှစ်က စခဲ့ပြီး Festival of Hilaria လို့ အမည်ခေါ်တွင်ခဲ့တယ်။ မတ်ချ်လမှာ ကျင်းပပြီး ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ ၃ရက်ကြာ ကျင်းပတယ်လို့ဆိုပါတယ်။


နိုင်ငံတိုင်း မိခင်များနေ့ ကျင်းပတာချင်း မတူညီကြဘူး။ ဒါပေမဲ့ တစ်ချို့နိုင်ငံ ဥပမာ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ တူရကီ၊ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံတို့က နှစ်စဉ်နှစ်တိုင်းရဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ ကျင်းပလေ့ရှိတယ်။


၁) အင်္ဂလန်နိုင်ငံ ကျင်းပပုံ

အင်္ဂလန်နိုင်ငံရဲ့ Mothering Sunday ကျင်းပပုံက ယခုခေတ် မိခင်များနေ့ ကျင်းပပုံနဲ့ ပိုတူတယ်။ Mid-Lent Sunday လို့လဲ ခေါ်ကြတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ်ယာန်ဘာသာဝင်ရဲ့ အာပတ်ဖြေပွဲ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။ တစ်ချို့ဆိုရိုးတွေက ဒီပွဲဟာ ရှေးရောမတွေ Cybele နတ်သမီးကို ပူဇော်တဲ့ပွဲနဲ့ ဆက်နွယ်နေပြီး မယ်တော်မာရီကို အထိမ်းအမှတ်ပြုတဲ့ ပွဲလို့ဆိုပါတယ်။ တစ်ချို့ကလည်း Mother Churchနဲ့ နတ်သမီးနေရာကို အစားထိုးလိုက်ပြီး အဲဒီအချိန်ရောက်ရင် ယုံကြည်ကိုးကွယ်တဲ့ ဘာသာဝင်တွေက သူတို့နှစ်ခြင်းခံခဲ့တဲ့ နေရာကို ပြန်လာပြီး သူတို့ရဲ့ ဝိညာဉ်ကို မိခင်သဖွယ် လမ်းပြပေးတဲ့ မယ်တော်မာရီကို ပူဇော်ကြတယ်လို့ သိရတယ်။


တစ်ဖန် ၁၇ ရာစုအင်္ဂလန်မှာ အပြင်ရောက်နေတဲ့ သားသမီးတွေက နှစ်တိုင်းရဲ့ ဒီရာသီမှာ အိမ်ပြန်ကြပြီး မိခင်နဲ့ စုဝေးကြတယ်။ လက်ဆောင်ပစ္စည်း ဒါမှမဟုတ် mothering cake တွေကို မိခင်အတွက် လက်ဆောင်ပေးကြတယ်။ တစ်ချို့က ဒီလိုပွဲတော်မှာ ဂျုံ၊ သကြား၊ နွားနို့နဲ့ အမွေးရနံ့တွေကို ရောကျိုပြီး စားကြတယ်။ မတူတဲ့ နေရာဒေသမှာ အစားအစာတွေကလဲ ကွဲပြားကြတယ်။ အင်္ဂလန်နဲ့ စကောတလန်ဖက်က carlings လို့ခေါ်တဲ့ စားစရာတစ်မျိုးကို မိခင်များနေ့မှာ လုပ်စားကြတဲ့အတွက် မိခင်များနေ့ကို Carling Sunday လို့လဲ ခေါ်ကြတယ်။


၂) အမေရိကန် ကျင်းပပုံ

အမေရိကန် အမျိုးသမီး Anna M. Jarvis (၁၈၆၄- ၁၉၄၈) ရဲ့ ထောက်ခံပြောဆိုမှုကြောင့် မိခင်များနေ့ကို လူသားမိခင်ရဲ့ အထိမ်းအမှတ်နေ့အဖြင့် သတ်မှတ်လိုက်ကြတယ်။ တစ်သက်လုံး အိမ်ထောင်မပြုခဲ့တဲ့ Anna က သူ့မိခင် Anna Rees Jarvis နဲ့ သက်ဆုံးတိုင်နေခဲ့တယ်။ သူ့မိခင်က ဖာသာတစ်ဦးရဲ့ သမီးဖြစ်ပြီး West Virginia ပြည်နယ် Grafton ဆိုတဲ့ မြို့လေးရဲ့ ဘုရားကျောင်းတစ်ခုမှာ Sunday School အနှစ်နှစ်ဆယ် စာသင်ခဲ့တယ်။


နှစ်ဆယ်ရာစုနှစ်စမှာ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးတွေမှာ ဆန္ဒမဲ ပေးခွင့်တွေ ရလာကြတယ်။ ဒီလိုအခွင့်အရေးရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့ Annaက နိုင်ငံရေးတွေမှာ ပါဝင်ခဲ့တယ်။ ၁၉၀၅ ခုနှစ် မေလမှာ သူ့မိခင်ဆုံးတယ်။ မိခင်ဆုံးပြီး (၂)နှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြင့် ကျင်းပခဲ့တယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာဝရတည်တံ့မှုကို မိခင်ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllus ပန်းတွေနဲ့ အစားထိုး ခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များနေ့ပန်းကို အနီရောင် Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့ ကွယ်လွန်သွားတဲ့ မိခင်တွေအတွက် သုံးကြတယ်။


၁၉၀၈ ခုနှစ်မှာ ပုံစံတူ အထိမ်းအမှတ်နေ့ ထပ်ကျင်းပခဲ့ပြန်တယ်။ အဲဒီနောက် Anna ဟာ မိတ်ဆွေ တစ်ချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုကိုယူပြီး အဲဒီအထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့် သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တစ်ခုက သူ့မိခင်ကို လွမ်းဆွတ်ခြင်းကနေ ရှိသမျှ အမေအားလုံးကို လေးစားပြီး လူတွေအားလုံး ဒီလိုအချိန်အခါမှာ မိခင်အပေါ်ထားတဲ့ လေးစားမှု၊ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသဖို့နဲ့ မိသားစုအချင်းချင်း မေတ္တာတွေ ပိုမိုခိုင်မြဲစေအောင်ဖြစ်တယ်။ နောက်ရည်ရွယ်ချက်တစ်ခုက အမျိုးအမီးများအတွက် နေ့တစ်နေ့အဖြင့် သတ်မှတ်ပြီး အထူးသဖြင့် အိမ်ထောင်တစ်ခုလုံးအတွက် အနစ်နာခံ ပေးဆပ်နေတဲ့ မိခင်ဆိုတဲ့ အမျိုးသမီးကို အာရုံထား၊ ဂရုပြုမိဖို့အတွက်ဖြစ်တယ်။


Annaရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၀ခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် သတ်မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ခုနှစ်ရောက်တော့ ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။ ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother's Day International Association ကို စတင်ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။


၁၉၁၃ ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ လွတ်တော်ကိုယ်စားလှယ်တို့ရဲ့ အတည်ပြုချက်နဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေရိကားရဲ့ မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အမေရိကန် သမတ္တ Woodrow Wilson က အတည်ပြုချက်ကို လက်မှတ်ရေးထိုးပေးခဲ့တယ်။


၃) ကမ္ဘာ့အရပ်ရပ်က မိခင်များနေ့ ကျင်းပပုံ

ကမ္ဘာ့အရပ်ရပ်က မိခင်များနေ့ ကျင်းပချိန်ခြင်း မတူကြဘူး။ နော်ဝေးက ဖေဖော်ဝါရီလ ဒုတိယ တနင်္ဂနွေ၊ အာဂျင်တီးနားက ၁၀လပိုင်း ဒုတိယ တနင်္ဂနွေ၊ လက်ဘနွန်က နွေဦးဝင်စ ပထမနေ့ရက်၊ အာဖရိကက မေလ ပထမ တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။


Yugoslavia နိုင်ငံ Serbian လူမျိုးတွေ မိခင်များနေ့ကို Materice လို့ခေါ်ကြပြီး ခရစ်စမတ် မရောက်ခင် နှစ်ပတ်အလိုမှာ ကျင်းပကြတယ်။ ကျင်းပပုံက မိခင်များနေ့ မနက်ခင်းမှာ ကလေးတွေက မိခင်အိပ်ခန်းထဲ ခိုးဝင်ပြီး မိခင်ကို ကြိုးနဲ့တုတ်ကြတယ်။ မိခင်နိုးလာရင် ကလေးတွေကို ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ လက်ဆောင်ပစ္စည်းတွေပေးပြီး ကြိုးဖြည်ပေးဖို့ တောင်းဆိုရတယ်လို့ ဆိုပါတယ်။


အိန္ဒိယလူမျိုးတွေက ၁၀လ လဆန်းပိုင်းမှာ Durga Puja လို့ခေါ်တဲ့ ၁၀ရက်ပွဲကို ကျင်းပကြတယ်။ ပွဲက သူတို့ဘာသာမှာ အရေးအပါဆုံး နတ်သမီးတစ်ပါးဖြစ်တဲ့ Durga Durga ကို ပူဇော်ပသကြခြင်းဖြစ်တယ်။ အဲဒီနတ်သမီးက ခန္ဓာကိုယ်မြင့်မားပြီး လက်၁၀ချောင်းပါတယ်။ လက်တိုင်းမှာကိုင်ထားတဲ့ လက်နက် ကိရိယာတွေက မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။


စပိန်နဲ့ ပေါ်တူဂီတွေရဲ့ ကျင်းပပုံက ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတယ်။ ၁၂ လပိုင်း ၈ ရက်နေ့ မယ်တော်မာရီကို ပူဇော်တဲ့နေ့နဲ့အတူ သားသမီးတွေက မိခင်အပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသတဲ့နေ့ (မိခင်များနေ့)အဖြစ် ကျင်းပကြတယ်။ ပြင်သစ်နိုင်ငံရဲ့ မိခင်များနေ့က မေလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ဖြစ်ပြီး တစ်အိမ်သားလုံးရဲ့ မွေးနေ့ပွဲအဖြစ် ကျင်းပကြတယ်။ ညစာစားပွဲကို မိသားစုအားလုံး တူညီ တက်ရောက်ကြပြီး စားပွဲပြီးရင် မိခင်အတွက် လုပ်ထားတဲ့ မွေးနေ့ကိတ်ကို စားကြပြန်တယ်။


ဆွီဒင်နိုင်ငံလည်း မေလ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ကို ကျင်းပကြပြီး ဆွီဒင်ကြက်ခြေနီအသင်းက မိခင်အတွက် ရည်စူူးထားတဲ့ ပလပ်စတစ်ပန်းတွေကို ရန်ပုံငွေအဖြင့် ရောင်းချကြတယ်။ ဂျပန်နဲ့ မြောက်အမေရိကားတိုက် နိုင်ငံများက အမေများနေ့ကို တစ်နေ့ထဲ ကျင်းပကြတယ်။ ၄နှစ်တစ်ခါ ဒီလိုနေ့ရက်မှာ အသက် ၆နှစ်မှ ၁၄နှစ် အရွယ်ထိ “ကျွန်တော့်မိခင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြပွဲကို ကမ္ဘာ့အနှံ့ လှည့်လည်ကျင်းပကြတယ်။


မိခင်များနေ့ကို ယနေ့တိုင် ပြုလုပ်ကျင်းပခဲ့ကြတယ်။ အရင်က မိခင်တွေကို သတိရအောင့်မေ့တဲ့နေ့အဖြင့် ကျင်းပခဲ့ရာကနေ လူအဖွဲ့အစည်းအတွက် စတေးခံ၊ အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အမျိုးအမီးတွေအတွက်ပါ ကျင်းပလာကြတယ်။ အမျိုးသမီးတွေ အရာရာမှာ ရင်ဘောင်တန်းလာနိုင်သလို မိခင်တစ်ဦးကလည်း မိသားစုဆိုတဲ့ နယ်ပယ်ထဲမှာတင်မကပဲ အဖက်ဖက်မှာ အရေးပါကြောင်းကို ပြသခြင်းလဲဖြစ်တယ်။ Annaက ဥပမာကောင်း တစ်ခုဖြစ်တယ်။ သူဟာ တစ်သက်လုံး အိမ်ထောင်မပြုခဲ့၊ မိခင်မလုပ်ဖူးခဲ့ဘဲ မိခင်၊ အိမ်ထောင်ရှင်မ၊ ဇနီးမယားဆိုတဲ့ သရုပ်ကို မဆောင်ခဲ့ဖူးသူဖြစ်ပေမဲ့ မိခင်ရဲ့ကြီးမားတဲ့ အနှိုင်းမဲ့မေတ္တာတရားကို လူတွေသိအောင်၊ နားလည်အောင် ပြသနိုင်ခဲ့တယ်။

နိုင်းနိုင်းစနေ


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?