ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း

           “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏။ ကိုယ် အလိုလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ် သူမျှ ဝါကြွားစရာ အခွင့် မရှိ။” (ဧဖက် ၂:၈-၉)

         ရှေ့ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤနှုတ်ကပတ်တော်အားဖြင့် ဆင်ခြင်သောအခါ၊ လူသည် ဘုရားသခင်၏ ရှေ့

တော်မှာ ဝါကြွားစရာ ဘာမှ မရှိကြောင်း တွေ့ရသည်။ သို့သော် လူများသည် “ကိုယ် လုပ်နိုင်သည်၊ ကိုယ် တတ်နိုင်သည်” ဟု ဝါကြွားတတ်ကြသည်။ ၎င်းသည် လူ၏ သဘာဝဖြစ်ပြီး၊ လူ့သဘာဝအတိုင်း အထင်ကြီးလေးစားမှုနှင့် ဝါကြွားမှုကို နှစ်သက်ကြသည်။ သို့ရာတွင်၊ ဘုရားသခင်က လူသားများအား ပေးသော ကယ်တင်ခြင်း၊ ထာဝရ လွတ်မြောက်ခြင်းသည် မည်သူမျှ ဝါကြွားစရာ မဟုတ်ကြောင်း ကျမ်းစာက ဖော်ပြသည်။ လူသည် တော်လို့၊ တတ်လို့ ကယ်တင်ခြင်း ရသည် မဟုတ်ဘဲ၊ ယုံကြည်ခြင်းတစ်ခုသာ လိုအပ်သည်။


လူသားအားလုံးသည် အပြစ်သားများ ဖြစ်ပြီး၊ သေဆုံးလျှင် ငရဲသို့ သွားရမည် ဖြစ်သည်။ ထို့ကြောင့် ဆုံးရှုံး ပျက်စီးမည့် ငရဲသို့ မသွားရအောင်၊ ဘုရားသခင်က လူသားများကို ရွေးနှုတ် ကယ်တင်ခဲ့ပြီး၊ သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့သည်။ လူသားအားလုံး လိုအပ်သည်မှာ ယုံကြည်ခြင်းတစ်ခုသာ ဖြစ်ပြီး၊ ၎င်းသည် သခင်ယေရှုကို ယုံကြည်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူသားအားလုံးအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ အသွေးသွန်းခဲ့ကြောင်း ယုံကြည်ခြင်းဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သည်” ဟု ဆိုသည်။ ၎င်းသည် ကိုယ် အလိုလျောက် ရောက်ခြင်း မဟုတ်သလို၊ မိမိ၏ ကြိုးစားရုန်းကန်မှုဖြင့် ရရှိခြင်း မဟုတ်ပါ။


လူများသည် ကယ်တင်ခြင်း ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြသည်။ ကောင်းမှု ကုသိုလ်များ လုပ်ဆောင်ကြသည်၊ ကောင်းအောင် ကျင့်ကြံ နေထိုင်ကြသည်၊ တရားများ အားထုတ်ကြသည်။ အကြောင်းမှာ နောင်တမလွန်တွင် ကယ်တင်ခြင်း ရရှိရန် ဖြစ်ပြီး၊ လူ၏ အမြင်အရ “ဤသို့ လုပ်မှ ရမည်” ဟု ထင်တတ်သောကြောင့် ဖြစ်သည်။ သို့သော် ကျမ်းစာက “လူ ထင်သည့် အတိုင်း မှန်သော လက္ခဏာ ရှိသော်လည်း၊ အဆုံးမှာ သေခြင်းသို့ ပို့ဆောင်သော လမ်းတစ်မျိုး ရှိသည်” (သုတ္တံ ၁၄:၁၂) ဟု ဖော်ပြထားသည်။ ကိုယ် ထင်သည့် အတိုင်း လုပ်ဆောင်လျှင် ဘုရားသခင်၏ ရှေ့တော်မှာ အရာ မရောက်ပါ။


ထို့ကြောင့် ဘုရားသခင် လုပ်ပေးသော အရာကို တိကျစွာ သိရန် လိုအပ်သည်။ ၎င်းကို မသိဘဲ၊ ကိုယ်ဘာသာ ကြိုးစား ကျင့်ကြံလျှင် အကျိုးမရှိဘဲ ဆုံးရှုံး ပျက်စီးသွားမည်။ ဘုရားသခင် လုပ်ပေးသော နည်းလမ်းကို ကျမ်းစာက အတိအလင်း ဖော်ပြထားသည်။ ၎င်းသည် ရိုးရှင်းသည်—“ကိုယ်သည် မကောင်းဘဲ၊ အပြစ်သား ဖြစ်သည်။ ထို့ကြောင့် တစ်နေ့ ဆုံးရှုံး ပျက်စီးမည့် ငရဲသို့ သွားရမည်။ ထိုသို့ မသွားလိုလျှင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် ရွေးနှုတ် ကယ်တင်သော သခင်ယေရှုကို လက်ခံ ယုံကြည်ရမည်။” ဤသည်မှာ ဘုရားသခင်က လူသားအားလုံးကို သနားသောကြောင့် ပေးတော်မူခြင်း ဖြစ်ပြီး၊ လူသားတို့ တောင်းဆိုလို့ ပေးတာ မဟုတ်ဘဲ၊ ချစ်သောကြောင့် ပေးတော်မူခြင်း ဖြစ်သည်။ ဤကယ်တင်ခြင်းကို ရရှိသောကြောင့် မည်သူမျှ ဝါကြွားစရာ မရှိပါ။ “ငါ ကြိုးစားနိုင်လို့၊ ငါ ကောင်းအောင် နေနိုင်လို့ ကယ်တင်ခြင်း ရတာ” ဟု မည်သူမှ ပြောလို့ မရပါ။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ သနားခြင်း၊ ဂရုဏာ၊ တစ်ဖက်သတ် မေတ္တာကြောင့်သာ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်ပေါ်တွင်သာ မူတည်ကာ၊ သူ ပေးလို့ ရရှိတာ ဖြစ်သည်။ ထို့ကြောင့် နောင်တမလွန်တွင် ထာဝရ ဝမ်းမြောက် ပျော်ရွှင်သော အသက်ကို ရရှိမည်။


လူများက “ကောင်းတာ လုပ်ရင် ကောင်းတာသို့ ရောက်မည်” ဟု ထင်ကြသော်လည်း၊ ၎င်းတို့သည် ဘဝ၏ အာမခံချက် ပေးနိုင်ခြင်း မရှိပါ။ ကယ်တင်ခြင်း ရရှိပြီးသော လူများသည် ဤအရာများကို မလုပ်ရဘူးလား ဆိုလျှင် မဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း၊ ကောင်းသော အကျင့်ဖြင့် အသက်ရှင်ရန် လိုအပ်သည်။ ကျမ်းစာက “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည့် အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည့် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ” (ဧဖက် ၂:၁၀) ဟု ဖော်ပြထားသည်။ ဘုရားသခင်၏ ရွေးနှုတ်ခြင်း ရည်ရွယ်ချက်သည် ကောင်းသော အကျင့်များကို လုပ်ဆောင်ရန် ဖြစ်သော်လည်း၊ ၎င်းတို့ကို လုပ်လို့ ကယ်တင်ခြင်း ရသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်း ရရှိလို့ ကောင်းသော အကျင့်များတွင် ကျင်လည်ခြင်း ဖြစ်သည်။


ထို့ကြောင့်၊ ကိုယ့်ကိုယ်ကို ဝါကြွား၊ အထင်မကြီးဘဲ၊ ဘုရားသခင်၏ သနားခြင်း၊ မေတ္တာနှင့် ဂရုဏာကြောင့်သာ ကယ်တင်ခြင်း ရရှိသည်ကို ယုံကြည်ခြင်းအားဖြင့်၊ ကျေးဇူးတော်ကြောင့် ရရှိသည်ဟု နှလုံးသွင်းရန် ခွန်အား ပေး ဝေငှပါသည်။ ကြားနာရသော လူတိုင်း ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ရပါစေ။


 ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ  

1. သင်၏ နေ့စဉ်ဘဝတွင် ကယ်တင်ခြင်းကို ကိုယ်ပိုင် ကြိုးစားမှုထက် ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မည်မျှ အားကိုးယုံကြည်ထားသနည်း၊ ဤအချက်ကို သင် မည်သို့ ပိုမို နှလုံးသွင်း အသက်ရှင်နိုင်မည်နည်း။  

2. ကောင်းသော အကျင့်များကို ကယ်တင်ခြင်း ရရှိရန် မဟုတ်ဘဲ၊ ကယ်တင်ခြင်း ရရှိပြီးနောက် ဘုရားသခင်၏ အလိုတော်အတိုင်း ကျင်လည်ရန် ဖြစ်ကြောင်း သင့်ဘဝတွင် မည်သို့ လက်တွေ့ ထင်ဟပ်နိုင်မည်နည်း။

ဆရာအာဗြာဟံ

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?