သေပြီးနောက် ဘယ်မှာရှိသနည်း

            ရှေ့ဦးစွာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အတူတကွ ခွန်အားယူဖို့ရန်၊ ယောဘဝတ္ထု ၁၄:၁၀ မှာ အခုလို ဖော်ပြထားပါတယ်။ “လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။” သမ္မာကျမ်းစာက လူတွေရဲ့ သေခြင်းကို ဖော်ပြထားပါတယ်။ လူဟာ သေပြီးရင် ပုတ်ပျက် ဆွေးမြေ့သွားတတ်ပါတယ်။ သို့သော် “လူဟာ အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း” လို့ မေးခွန်းတစ်ခု မေးထားပါတယ်။ 


              ဘုရား ဖန်ဆင်းထားတာဖြစ်တဲ့ လူဟာ

ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးနဲ့ ဖွဲ့စည်းထားပြီး၊ ခန္ဓာဟာ ပုတ်ပျက်နိုင်သော်လည်း၊ အတွင်းဝိညာဉ်က ထာဝရ အသက်ရှင်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူတိုင်း သိထားဖို့ အရေးကြီးပါတယ်။ ကျမ်းစာထဲမှာ “လူသည် တစ်ခါတည်း သေ၍ ထို့နောက်မှ တရားစီရင်ခြင်း ခံရမည်” (ဟေဗြဲ ၉:၂၇) လို့ ဖော်ပြထားပါတယ်။ လူရဲ့ ဖြစ်တည်မှုကို ကြည့်မယ်ဆိုရင်၊ နေ့စဉ် အသက်ရှင်တဲ့အခါ လောဘ၊ ဒေါသ၊ မာန်မာန စတဲ့ အတ္တတွေနဲ့ အသက်ရှင်ကြပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးနဲ့လည်း ချိုးဖောက် အပြစ်လုပ်ကြပါတယ်။ 


ဒါကြောင့် လူဟာ အပြစ်သား ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။ လူဟာ အပြစ်ကြောင့် ထိုက်ထိုက်တန်တန် သွားရမယ့် နေရာက ထာဝရ ပျက်စီးခြင်း ငရဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ ဖန်ဆင်းထားတဲ့၊ သူ ချစ်တဲ့ လူသားများကို ထိုပျက်စီးခြင်း ငရဲထဲ ရောက်ဖို့ အလိုမရှိပါဘူး။ လူသားအားလုံးကို ချစ်တဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဒါကြောင့် လူသားအားလုံး လွတ်မြောက်ရာ လမ်းကို သူက ပြင်ဆင်ပေးပါတယ်။ အဲ့ဒါကတော့ ယေရှုခရစ်တော်ဟာ လောကကို ကြွလာပြီး၊ လူတွေရဲ့ အပြစ်တွေအတွက် လက်ဝါးကပ်တိုင်မှာ ကိုယ်စား အသေခံပေးခဲ့တာ ဖြစ်ပါတယ်။ 


ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆ မှာ အခုလို ဖော်ပြထားပါတယ်။ “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သော သူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။” ဒါကြောင့် လောကမှာ အသက်ရှင်တဲ့ လူသားအယောက်စီတိုင်းရဲ့ အသက်တာမှာ၊ ထိုယေရှုခရစ်တော် ဘုရားကို ယုံကြည်ထားမယ်ဆိုရင်၊ ခန္ဓာ သေလွန်သော်လည်း ဝိညာဉ်က ထာဝရ ပျက်စီးခြင်း ငရဲကို မသွားတော့ပဲ၊ ခရစ်တော် ပြင်ဆင်ထားတဲ့ ထာဝရ ကောင်းကင် စံအိမ်မှာ ထာဝရ အသက်ရှင်ခွင့် ရမှာ ဖြစ်ပါတယ်။ 


ဒါကြောင့် လောကကနေ မထွက်ခွာခင်၊ အသက်ရှင်သန်ချိန်လေးမှာ ထိုယေရှုခရစ်တော် ဘုရားကို ယုံကြည် လက်ခံထားဖို့ လိုတယ်ဆိုတာကို အနည်းငယ် ဝေမျှပါတယ်။ ဖတ်ရှု နားဆင်ကြတဲ့ သူအယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ 


ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ

1. သင့်ဘဝမှာ သေပြီးနောက် ဘယ်မှာ ရှိမလဲဆိုတဲ့ မေးခွန်းကို ဘယ်လို ဖြေဆိုထားပြီးပြီလဲ၊ အဖြေကို သိထားဖို့ ဘာကြောင့် အရေးကြီးတယ်လို့ ထင်လဲ။  

2. ယေရှုခရစ်တော်ကို ယုံကြည် လက်ခံပြီး ထာဝရကောင်းကင်မှာ အသက်ရှင်ဖို့ အဆင်သင့် ဖြစ်ပြီလား၊ ဒါမှမဟုတ် ဘာတွေက သင့်ကို နှောင့်နှေးနေတာလဲ။  

(ဆရာအာဗြံဟံ)

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?