ထာဝရဘုရား၏ ဘုန်းအသရေ
ဟေရှာယ ၄၂:၈ တွင် ဤသို့ ဆိုထားသည် - "ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏ နာမဖြစ်၏။ ငါ၏ ဘုန်းကို အခြားသောသူအား၄င်း၊ ငါ၏ အသရေကို ရုပ်တု ဆင်းတုတို့အား၄င်း ငါမပေး။" ဘုရားသခင်က "ငါသည် ထာဝရဘုရားဖြစ်တယ်" ဟု မိန့်တော်မူသည်။ လောကတွင် လူမှန်လျှင် ဘုရားကို ရှာ၍ ကိုးကွယ်တတ်ကြသည်။ လူတို့ ကိုးကွယ်သော ဘုရားများသည် လောကတွင် မြောက်မြားစွာ ရှိသော်
လည်း၊ ဤကျမ်းစာအားဖြင့် ဘုရားအမျိုးအစား နှစ်မျိုးရှိကြောင်း တွေ့ရသည်။ ပထမတစ်မျိုးမှာ ဖန်ဆင်းရှင် ထာဝရဘုရားဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ ဖန်ဆင်းခံ ဘုရားများဖြစ်သည်။ထာဝရဘုရားဆိုသည်မှာ အသက်ရှင်တော်မူ၍၊ နိစ္စထာဝရ တည်တံ့သော ဘုရားဖြစ်သည်။ ဖန်ဆင်းခံ ဘုရားများကမူ ထာဝရ မတည်တံ့ဘဲ၊ လောကတွင်သာ ကွယ်ပျောက်သွားနိုင်သည်၊ ပျက်စီးသွားနိုင်သည့် ယာယီဘုရားများသာ ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရားအကြောင်းကိုသာ အဓိက ပြောလိုပါသည်။ ထာဝရဘုရားသည် လူကို ဖန်ဆင်းပြီး၊ လူနှင့် မိဿဟာယ ဖွဲ့ကာ စကားပြောလိုတော်မူကြောင်း တွေ့ရသည်။ သို့သော် လူနှင့် ဘုရားသည် အပြစ် - ဆိုလိုသည်မှာ ဘုရား၏ စကားနားမထောင်မှု - ကြောင့် မိဿဟာယ ပျက်ပြယ်ခဲ့ရသည်။ ရန်သူများ ဖြစ်သွားပြီး၊ မည်သို့မျှ ပေါင်းဖက်၍ မရတော့ပါ။
သို့သော်လည်း ဘုရားသခင်က လူနှင့် ပြန်လည် မိဿဟာယ ဖွဲ့နိုင်ရန် နည်းလမ်းတစ်ခု ပေးတော်မူသည်။ ၎င်းမှာ လူတို့၏ အပြစ်အားလုံးအတွက် ကိုယ်စား ခံပေးမည့် ယဇ်ကောင်ဖြစ်ပြီး၊ ထိုယဇ်ကောင်ဖြင့် ဘုရားကို ပြန်လည် ကိုးကွယ်လျှင် ဘုရားက လက်ခံတော်မူသည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် လူတို့သည် ယဇ်ကောင်အဖြစ် သိုး၊ ဆိတ်၊ နွားများ၏ အသွေးဖြင့် ယဇ်ပူဇော်ကာ၊ ၎င်းတို့၏ အပြစ်အားလုံးကို ထိုယဇ်ကောင်အပေါ် တင်ပြီး အပြစ်လွတ်ရန် ပူဇော်ခဲ့ကြသည်။ တစ်ကြိမ် ယဇ်ပူဇော်လျှင် တစ်နှစ်စာ အပြစ်လွတ်သည့်အတွက်၊ နှစ်စဉ် ယဇ်ပူဇော်၍ ဘုရားကို ကိုးကွယ်ခဲ့ကြသည်။ ယနေ့အချိန်ထိလည်း ထိုနည်းလမ်းဖြင့် ဘုရားကို ကိုးကွယ်နေသူများ ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ပူဇော်သော ယဇ်ကောင်သည် အပြစ်အနာ မရှိရဘဲ၊ အပြစ်မပါ၊ အနာမလည်သော သိုးဖြစ်ရမည်။ ထိုသို့ဖြစ်မှသာ လူတို့၏ အပြစ်များကို အပြစ်ကင်းသော သိုး၏ အသွေးဖြင့် ဆေးကြောပူဇော်နိုင်မည် ဖြစ်သည်။
နောက်လူတစ်စုကမူ သိုး၊ ဆိတ်၊ နွားများ၏ အသွေးဖြင့် ယဇ်ပူဇော်ရန် မလိုတော့ပါ။ ဘုရားသခင်က ပိုမို ကောင်းမွန်သော နည်းလမ်းတစ်ခု ပြင်ဆင်ပေးတော်မူသည်။ ၎င်းမှာ သိုး၊ နွား၊ ဆိတ်များ၏ အစား၊ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူ၍၊ အပြစ်ကင်းစင်သော သိုးသူငယ်၏ နေရာတွင် ကိုယ်တိုင် ယဇ်ပူဇော်ခံခဲ့ခြင်း ဖြစ်သည်။ ဒုစရိုက် အပြစ်များနှင့် ပြည့်ဝနေသော လူသားအားလုံး၏ အပြစ်များကို ဆေးကြောရန်၊ အပြစ်အနာစာမဲ့ သခင်ယေရှု၏ အသွေးဖြင့် ဆေးကြောပူဇော်ခဲ့သည်။ ခရစ်တော်သည် လူယောက်ျား၊ လူမိန်းမ ပေါင်းဖက်ခြင်းမှ မွေးဖွားလာသည် မဟုတ်ဘဲ၊ အပျိုကညာ၏ ဝမ်းမှ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မွေးဖွားလာသည့်အတွက်၊ လူဖြစ်သော်လည်း အပြစ်ကင်းသည်။ ဘုရား၏ ဘုန်းကို စွန့်၍ လူ့ဇာတိခံယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အပြစ်သားများအတွက် အပြစ်မဲ့သော သိုးသူငယ်ကဲ့သို့၊ ခရစ်တော်သည် အသေခံ၍ အသွေးဖြင့် ဆေးကြောသော ယဇ်ကောင်အဖြစ် ပူဇော်ခံနိုင်ခဲ့သည်။
ယေရှုသည် လူတို့၏ အပြစ်များအတွက် ကိုယ်စား ပူဇော်၍ အသွေးဖြင့် ဆေးကြောပြီး ပျောက်သွားသော ဘုရား မဟုတ်ပါ။ သေလွန်ပြီး သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည့် အသက်ရှင်သော ဘုရားဖြစ်သည်။ ပြန်ထမြောက်ပြီး လူတို့နှင့် အတူနေကာ၊ ကောင်းကင်သို့ ပြန်လည် တက်ကြွသွားသော ဘုရားဖြစ်သည်။ သူ့ကို ယုံကြည်၍ လက်ခံသူများအတွက် ကောင်းကင်တွင် နေစရာ အိမ်သွားလုပ်ပေးတော်မူသည်။ ထို့ကြောင့် မိမိ၏ အပြစ်အားလုံးကို ယေရှုခရစ်နောက် ပါသွား၍ ဆေးကြောပြီးပြီဟု ယုံကြည်၊ လက်ခံမည်ဆိုပါက၊ အပြစ်၏ အခက ဖြစ်သော သေခြင်း၊ အပါယ်၊ ထာဝရမီးအိုင်သို့ သွားစရာ မလိုဘဲ၊ ကောင်းကင်တွင် ယေရှုလုပ်ထားသော အိမ်၌ ထာဝရ နေရမည်။ ထာဝရမှာ မျှော်လင့်ခြင်း ရှိသော သူများ ဖြစ်မည်ဟု ဝေငှ တိုက်တွန်းပါသည်။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:
1. သင်သည် ထာဝရဘုရားကို ကိုးကွယ်ရန် ရွေးချယ်မည်လား၊ သို့မဟုတ် ဖန်ဆင်းခံ၊ ယာယီဘုရားများကိုသာ အားကိုးနေပါသလား။
2. ယေရှုခရစ်၏ ယဇ်ပူဇော်မှုကို ယုံကြည်၍ လက်ခံခြင်းသည် သင့်အသက်တာတွင် မည်သို့သော မျှော်လင့်ခြင်းကို ဖြစ်ပေါ်စေပါသနည်း။
စောသာထူး
Comments
Post a Comment