လူဟောင်းမှ လူသစ်သို့ ပြောင်းလဲခြင်း
ရှေးဦးစွာ ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါ၏။ နှုတ်ကပတ်တော်မှ ခွန်အားယူရန် ဧဖက် ၄:၂၁-၂၄ ကို ကြည့်ပါ - "သင်တို့သည် ခရစ်တော်၏ စကားကို ကြားနာရပြီး၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ ထိုသခင်ထံ၌ နည်းခံကြသည်မှာ၊ အထက်က ကျင်လည်ကြသည့် အရာမှာ လှည့်ဖျားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်တတ်သော လူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံး သဘောသစ်ကို ရပြီးလျှင်၊ မှန်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှ ဖန်ဆင်း
သော လူသစ်ကို ယူတင် ဝတ်ဆောင်ရမည့်အကြောင်း ဖြစ်သည်။"ဤကျမ်းစာက ဘာပြောထားသနည်းဆိုလျှင်၊ "လှည့်ဖျားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်တတ်သော လူဟောင်း" ဟု ဖော်ပြထားသည်။ လူတို့သည် မိမိကိုယ်ကို "ငါကောင်းတယ်၊ ငါတော်တယ်" ဟု ထင်မှတ်၍ ဝါကြွားတတ်ကြသည်။ အချို့က "ငါ ကောင်းကောင်းမွန်မွန် အသက်မရှင်နိုင်တော့၊ ဝါကြွားစရာ မရှိဘူး" ဟု ပြောကြပြီး၊ အချို့ကမူ "ငါ လုပ်နိုင်တယ်၊ ကျင့်နိုင်တယ်" ဟု ဝါကြွားကြသည်။ သို့သော် ကျမ်းစာက "အထက်က ကျင်လည်ကြသည့် အရာ" ဟု ဆိုထားပြီး၊ ခရစ်တော်ကို မယုံကြည်၊ မလက်ခံသေးသူများကို "ပုပ်ပျက်သော လူဟောင်း" ဟု ခေါ်သည်။ ၎င်းတို့သည် လှည့်ဖျားတတ်သော လောဘစိတ်နှင့် ပြည့်နေပြီး၊ အပြင်ပန်းတွင် ကောင်းအောင် ဟန်ဆောင်သော်လည်း၊ အတွင်းနှလုံးသားက ပုပ်စပ်လျက် ရှိသည်။
အပြင်ပန်းတွင် ကောင်းနေပုံရသော်လည်း ဟန်ဆောင်၍ နေတတ်ကြပြီး၊ သူတစ်ပါး၏ အပြစ်ကိုသာ အမြဲ နောက်တတ်သည်ကို တွေ့ရသည်။ ထို့ကြောင့် အတွင်းမှာ လှည့်ဖျားတတ်သော လောဘစိတ်နှင့် ပြည့်နေသည်ဟု ဆိုသည်။ "ဟိုဟာလည်း လိုချင်တယ်၊ ဒီဟာလည်း လိုချင်တယ်" ဆိုသော တပ်မက်စိတ်နှင့် ပြည့်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ဘုရားရှေ့တွင် "ပုပ်ပျက်သော လူဟောင်း" ဟု ခေါ်ဆိုထားသည်။ ဤလူဟောင်းသည် အာဒံမှ ဆင်းသက်လာသော အမွေနှစ်ဖြစ်ပြီး၊ အာဒံမှ ဆင်းသက်လာသူတိုင်း ဘုရားရှေ့တွင် လူဟောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က လူဟောင်းကို လက်မခံပါ။
လူတို့၏ သဘာဝကို ကြည့်လျှင်လည်း အဟောင်းကို မလိုချင်၊ အသစ်ကိုသာ လိုချင်သည်ကို တွေ့ရသည်။ ဟောင်းသွားပြီဆိုလျှင် မည်သူမျှ မလိုချင်တော့ပါ။ ဘုရားသခင်သည်လည်း ထိုနည်းတူ အသစ်ကိုသာ လိုချင်တော်မူသည်။ လူကို ဖန်ဆင်းစဉ်ကတည်းက အသစ်အနေဖြင့် ဖြောင့်မတ်စွာ ဖန်ဆင်းထားသည်ကို တွေ့ရသည်။ သို့သော် လူတို့သည် အပြစ်ကြောင့် အဟောင်းများ ဖြစ်သွားကြသည်။ ထို့ကြောင့် ခရစ်တော်အားဖြင့် လူဟောင်းကို ချွတ်ပယ်၍ လူသစ်ကို ဝတ်ဆောင်ပေးလိုက်သည်ကို တွေ့ရသည်။ စိတ်နှလုံးထဲတွင် သဘောသစ်ကို ရရှိပြီး၊ မှန်သော ဖြောင့်မတ်ခြင်း ပါရမီကို ခရစ်တော်အားဖြင့် ဘုရားသခင်ပေးတော်မူသည်။ ထို့ကြောင့် မကောင်းသူကို ကောင်းအောင်၊ မဖြောင့်မတ်သူကို ဖြောင့်မတ်အောင် ပြုပြင်ပေးတော်မူသည်။
ကောရိန္တု ၅:၁၇ တွင် ဤသို့ ဆိုသည် - "လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသော အရာများ ပြောင်းလဲသွားပြီး၊ ခပ်သိမ်းသော အရာ အသစ်ဖြစ်သည်။" ထို့ကြောင့် ဟောင်းသော အရာများ ပြောင်းလဲရန် အရေးကြီးပြီး၊ ထိုပြောင်းလဲမှုအတွက် ခရစ်တော် လိုအပ်သည်။ ယေရှုခရစ်တော်၏ အထဲတွင် ရှိရန် လိုအပ်ပြီး၊ ၎င်းအတွက် ခရစ်တော်ကို အရှင်သခင်အဖြစ် ယုံကြည်၍ လက်ခံရမည်။ ထိုသို့ဖြစ်မှသာ ဟောင်းသော အရာများ ပြောင်းလဲမည် ဖြစ်သည်။ ဟောင်းသော အရာဆိုသည်မှာ အပြုအမူ၊ အနေအထိုင်၊ စကားပြောပုံမှအစ၊ စာတန်၏ သားသမီးအဖြစ် သူတစ်ပါးအပေါ် ကောက်ကျစ်မှုများနှင့် ဟောင်းသော အသက်တာထဲတွင် ကျင်လည်နေခြင်းကို ဆိုလိုသည်။
ထို့ကြောင့် ဤဟောင်းသော အသက်တာမှ ပြောင်းလဲ၍၊ ဘုရားသခင် လက်ခံသော လူသစ် အသက်တာ၊ ဘုရားသခင် ပြောင်းလဲပေးသော အသက်တာနှင့် ဝန်ခံကာ အသက်ရှင်ရမည်။ ဘုရားသခင်က စိတ်နှလုံး သဘောသစ်၊ မှန်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီ၊ ဘုရားနှင့် အတူ သွားလာသော လူသစ်ကို ပေးတော်မူပြီး၊ ခရစ်တော်ကို ယူတင် ဝတ်ဆောင်ရန် ဖြစ်သည်။ ခရစ်တော်သည် အထဲတွင် အသက်ရှင်တော်မူသည်။ ဂလာတိ ၂:၂၀ တွင် "ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏" ဟု ဆိုထားသည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်၍ လက်ခံသော အသက်တာသည် ခရစ်တော်၏ အထဲတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ သူတစ်ပါးရှေ့တွင် ပုံသက်သေ ကောင်းမွန်စွာဖြင့် အသက်ရှင်ပြီး၊ သမ္မာတရားအတိုင်း လိုက်လျှောက်၍ အသက်ရှင်ရမည်။
အထက်က အသက်ရှင်ခဲ့သော အရာများကို ပြန်လည် သုံးသပ်ကြည့်လျှင်၊ ထိုအရာများသည် ဘုရား နှစ်သက်ခြင်း မရှိ၊ ဘုရားနှင့် မဆိုင်ကြောင်း သိရှိပြီး၊ ထိုအရာအားလုံးကို ဘုရားသခင် ချွတ်ပယ်ပေးလိုက်ကြောင်း သမ္မာတရားအားဖြင့် နားလည်ရသည်။ လူဟောင်း အသက်တာကို စွန့်ပယ်၍၊ ဘုရားသခင် ယူတင် ဝတ်ဆောင်ပေးသော လူသစ် အသက်တာတွင် ကျင်လည်၍ အသက်ရှင်ရမည်ဖြစ်ကြောင်း၊ ဤနှုတ်ကပတ်တော်အားဖြင့် ဝေငှ တိုက်တွန်းပါ၏။ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:
1. သင်၏ အသက်တာထဲတွင် "လူဟောင်း" ၏ အပြုအမူ သို့မဟုတ် စိတ်ထားများ ကျန်ရှိနေသေးသလား၊ ၎င်းတို့ကို ခရစ်တော်အားဖြင့် မည်သို့ ပြောင်းလဲနိုင်မည်ထင်ပါသလဲ။
2. ခရစ်တော်ကို အရှင်သခင်အဖြစ် လက်ခံခြင်းသည် သင့်ဘဝတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့ပြီး၊ ထိုအပြောင်းအလဲများကို သူတစ်ပါးအား သက်သေခံနိုင်ရန် အဆင်သင့် ဖြစ်ပါသလား။
ဆရာအာဗြံဟံ
Comments
Post a Comment