သင့်အတွက် ငရဲမှသတိပေးစကား

            ငရဲထဲမှ သူဌေးကြီး ဒိုင်း(စ်) ၏ သတိပေးစာ

          စာဖွင့်ခြင်း

သို့/  .............

လောကတွင် ယခုအသက်ရှင်လျက်ရှိနေသော ချစ်သောမိတ်ဆွေ....  

ငရဲထဲမှ ကျွန်တော် သူဌေးကြီး ဒိုင်း(စ်) (Dives) သည် သင့်အား ငရဲ၏အခြေအနေများကို သတိပေးပြောပြလိုပါသည်။ ကျွန်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က လူ့လောကတွင် အသက်ရှင်နေထိုင်ခဲ့သည့် သူဌေးကြီးတစ်ဦးဖြစ်ပါသည်။ ပါလက်စတိုင်းနိုင်ငံ၌ ခရစ်တော်မ

ပေါ်မီ ၅ နှစ်ခန့်တွင် စည်းစိမ်ဥစ္စာများ အလွန်ကြွယ်ဝချမ်းသာသော ဂျူး (ယုဒ) မိဘနှစ်ပါးမှ ဖွားမြင်ခဲ့သူဖြစ်ပြီး၊ ညီအစ်ကို ၆ ယောက်အနက် အကြီးဆုံးဖြစ်သလို၊ ပထမဆုံး သေဆုံးသူလည်း ဖြစ်ခဲ့ပါသည်။


#### ကျွန်တော်၏ မိသားစုနှင့် ဘဝလမ်းကြောင်း

ကျွန်တော်၏ဖခင်သည် အလွန်ချမ်းသာပြီး ငွေကိုသာ တပ်မက်သူဖြစ်သည်။ သူ၏ အချိန်အများစုကို စီးပွားရေးလုပ်ငန်းများတွင် ကုန်လွန်စေခဲ့ပြီး၊ သား/သမီးများကို ဂရုစိုက်ခြင်း လုံးဝမရှိခဲ့ပါ။ ဘာသာရေးအတွက်လည်း အချိန်မပေးသူဖြစ်သည်။ မိခင်သည်လည်း ချမ်းသာကြွယ်ဝပြီး ရုပ်ရည်လှပသည့် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးဖြစ်သဖြင့်၊ မြို့တွင်းကျင်းပသော မိတ်ဆုံစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများသို့ ဖိတ်ကြားခံရသူဖြစ်ကာ၊ အိမ်တွင် မရှိသည်မှာ များပါသည်။


ကျွန်တော်တို့ ညီအစ်ကိုများကို အိမ်ဖော်များနှင့် ထားရစ်ခဲ့သည်။ အိမ်ဖော်များကလည်း ကျွန်တော်တို့ကို ဆုံးမသွန်သင်နိုင်ခဲ့သဖြင့်၊ ကျွန်တော်တို့သည် စည်းမဲ့ကမ်းမဲ့၊ ကိုယ်စိတ်ကြိုက် နေထိုင်ခဲ့ကြပါသည်။ ဖခင်သည် ဆင်းရဲသားများနှင့် ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံခြင်းကို လုံးဝမကြိုက်သော်လည်း၊ ချမ်းသာသူများ၏ သား/သမီးများနှင့်ဆိုပါက ကန့်ကွက်ခြင်းမရှိခဲ့ပါ။ 


ကျွန်တော်၏ သူငယ်ချင်းများက ကျွန်တော်ကို အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်း၊ ခိုးခြင်း၊ မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ ဆဲဆိုခြင်းစသော မကောင်းသည့် အမူအကျင့်များဆီသို့ သွေးဆောင်ခဲ့သော်လည်း၊ ဖခင်နှင့်မိခင်သည် ကျွန်တော်၏ ဘဝရှေ့ရေးအတွက် လုံးဝစိုးရိမ်ပူပန်မှု မရှိခဲ့ပါ။


#### ဘာသာရေးမှ ကင်းကွာပြီး အပြစ်နှင့် နစ်မွန်းခြင်း

မိဘနှစ်ပါးသည် အိမ်တွင်းရေးကို လုံးဝလျစ်လျူရှုထားခဲ့ပြီး၊ သားသမီးများကို သွန်သင်ဆုံးမခြင်း မပြုခဲ့ပါ။ မကြာခင်မှာပင် ကျွန်တော်သည် လောက၏ အပြစ်နွံထဲတွင် နစ်မွန်းခဲ့ရပါသည်။ ဖခင်က သူ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခွင့် မပေးခဲ့သော်လည်း၊ ကျွန်တော်လိုချင်သမျှကို ဝယ်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ သူငယ်ချင်းများက ကျွန်တော်ကို အလွန်အားကျကြသည်။ သို့သော် ကျွန်တော်သည် အပြစ်အမျိုးစုံကို ကျူးလွန်နေစဉ် အရွယ်ပင် မရောက်သေးပါ။


မိဘများ၏ ဘာသာရေးခံယူချက်သည် လေးနက်မှု မရှိခဲ့ပါ။ သားသမီးများကို ဘုရား၊ တရားအကြောင်း သွန်သင်လမ်းပြခြင်း လုံးဝမပြုခဲ့ပါ။ ဖခင်သည် ဘာသာရေးတွင် အချင်းချင်း ငြင်းခုန်နေမှုကို လုံးဝမကြိုက်သဖြင့်၊ ကျွန်တော်တို့ မိသားစုသည် ဘုရား၊ တရားအပေါ် လေးနက်မှုမရှိဘဲ အေးစက်နေခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျွန်တော်တို့ မိသားစုသည် ဘုရား၊ တရားမဲ့ဘဝသို့ ရောက်ရှိသွားခဲ့ပါသည်။


#### မေရှိယ၏ သတင်းနှင့် ကျွန်တော်၏ လျစ်လျူရှုမှု

တစ်နေ့၊ ဂျော်ဒန်မြစ်ထဲတွင် နှစ်ခြင်းမင်္ဂလာပေးနေသည့် ထူးဆန်းသော ပရောဖက်တစ်ပါး (ဆရာကြီး ယောဟန်) အကြောင်းကို လူတိုင်း ပြောနေကြသည်။ အချို့က သူ့ကို မေရှိယဟု ထင်ကြသော်လည်း၊ သူသည် မေရှိယမဟုတ်ဘဲ ပရောဖက်သာဖြစ်ကြောင်း သိရှိခဲ့သည်။ “မေရှိယ မကြာမီကြွလာတော့မည်၊ နောင်တရကြပါ” ဟု သူက သတိပေးဟောပြောနေခဲ့သည်။ မေရှိယ (သခင်ယေရှုခရစ်တော်) ကြွလာသောအခါ လူများသည် ကြီးကျယ်စွာ ကွဲပြားသွားကြသည်။ သူ့အတွက် အသက်စွန့်ရဲလောက်အောင် ချစ်ခင်သူများ ရှိသလို၊ သူ့ကို သတ်ပစ်လောက်အောင် မုန်းတီးသူများလည်း ရှိနေခဲ့သည်။


ဘာသာရေးခေါင်းဆောင်များ (ဖာရိရှဲများ) က သူ့ကို သတ်ရန် နည်းလမ်းမျိုးစုံ ရှာကြံကြသည်။ ဖခင်ကလည်း သူ့ကို အဖျက်သမားတစ်ဦးဟု မြင်သဖြင့်၊ ကျွန်တော်လည်း ဘာသာရေးနှင့် ကင်းကွာနေလိုက်ပါသည်။ ကျွန်တော်၏ အချိန်အများစုကို ပျော်ပါးခြင်းဖြင့် ကုန်လွန်စေခဲ့ပြီး၊ အသက်ငယ်ငယ်နှင့် သေရလိမ့်မည်ဟု မထင်ခဲ့မိပါ။


#### ကျွန်တော်၏ သေခြင်းနှင့် ငရဲသို့ ရောက်ရှိခြင်း

ကျွန်တော် အသက် ၂၀ ရောက်သောအခါ အရက်သမားကြီး ဖြစ်နေခဲ့ပြီး၊ ကျန်းမာရေး ယိုယွင်းလာခဲ့သည်။ ရောဂါဝေဒနာမျိုးစုံကို ပြင်းထန်စွာ ခံစားခဲ့ရပြီး၊ ခန္ဓာကိုယ်တွင် ရောဂါများ စွဲကပ်လာသဖြင့် ဆေးဆရာထံ အမြဲပြရပါသည်။ ထို့နောက် အသက် ၃၆ နှစ်ပြည့်ပြီး ၂ ရက်အကြာတွင် အသက်ထွက်သွားခဲ့ပြီး၊ ဤငရဲသို့ ရောက်ရှိလာခဲ့ပါသည်။


အသက်ထွက်ခါနီးတွင် နတ်ဆိုးများက ကျွန်တော်၏ ဝိညာဉ်ကို နှိပ်စက်ညှင်းပမ်းရန် ဆွဲခေါ်သွားကြသည်။ ကျွန်တော်၏ ဝိညာဉ်ကို မှောင်မိုက်ထဲသို့ ဆွဲခေါ်စဉ် “သူသယ်မယ်၊ ငါသယ်မယ်” ဟု အချင်းချင်း ငြင်းခုန်ကြသေးသည်။ နောက်ဆုံးတွင် နတ်ဆိုးတစ်ပါးက စာတန် (မာရ်နတ်) ထံမှ ခွင့်ပြုချက်ရရှိပြီး၊ ကျွန်တော်၏ ဝိညာဉ်ကို ငရဲမီးလျှံထဲသို့ ဆွဲခေါ်သွားခဲ့သည်။ 


#### ငရဲ၏ အခြေအနေနှင့် ကျွန်တော်၏ ဝေဒနာ

ထိုနတ်ဆိုးသည် ကျွန်တော်၏ ဝိညာဉ်ကို ဆွဲယူပြီး၊ အလင်းထက် လျင်မြန်သောနှုန်းဖြင့် မီးလျှံထဲသို့ သယ်ဆောင်သွားခဲ့သည်။ တစ်ခဏအကြာတွင် ကျွန်တော်သည် အလွန်ပူလောင်ပြီး မှောင်မဲနေသော ငရဲမီးလျှံထဲသို့ ပစ်ချခံခဲ့ရသည်။ မီးတောက်လောင်နေပြီး မီးခိုးနှင့် အမှောင်ထုဖုံးလွှမ်းနေသော ဤငရဲတွင်၊ လူသန်းပေါင်းများစွာသည် အော်ဟစ်ငိုကြွေးနေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။


ငရဲထဲတွင် ကျွန်တော်သည် လောင်ကျွမ်းခံနေရပြီး၊ ရေငတ်၊ ဗိုက်ဆာနေသော်လည်း၊ သောက်စရာ၊ စားစရာ ဘာမှမရှိပါ။ အခြားလူသန်းပေါင်းများစွာလည်း ကျွန်တော်ကဲ့သို့ပင် ခံစားနေကြရသည်။ ငရဲမီးထဲတွင် လောင်ကျွမ်းခံနေရစဉ်၊ အနည်းငယ်ဝေးသော နေရာကို လှမ်းကြည့်လိုက်ရာ၊ ချောက်ကြီးတစ်ခုဖြင့် ပိုင်းခြားထားသော အခြားတစ်ဖက်တွင်၊ ထွန်းလင်းတောက်ပပြီး သာယာလှပသော နေရာတစ်ခုကို မြင်ခဲ့ရသည်။ ထိုနေရာ၌ ဘုရားသခင်ကို ယုံကြည်သူများသည် ကျွန်တော်တို့၏ ဘိုးဘေး အာဗြဟံနှင့်အတူ အေးချမ်းစွာ ရှိနေကြသည်ကို တွေ့ခဲ့ရသည်။


#### လာဇရုနှင့် ကျွန်တော်၏ နောင်တရမှု

ထိုနေရာတွင်၊ လောက၌ ကျွန်တော် အသက်ရှင်စဉ်က အိမ်တံခါးဝတွင် ခိုကပ်စားသောက်ခဲ့သော ဆင်းရဲသား လာဇရုကို အာဗြဟံ၏ ရင်ခွင်တွင် မြင်ခဲ့ရသည်။ လောက၌ရှိစဉ် သူ့ကို ထမင်းကျွေးတိုင်း “ဘုရားသခင်ကို ယုံကြည်ပါ” ဟု သူက ကျွန်တော်ကို ပြောခဲ့ဖူးသော်လည်း၊ ကျွန်တော်သည် သူ၏စကားကို ဂရုမစိုက်ခဲ့ပါ။ ယခု လာဇရုကို အာဗြဟံ၏ ရင်ခွင်တွင် မြင်သောအခါ ကျွန်တော် နောင်တရမိပါသည်။ 


ထို့ကြောင့် အာဗြဟံအား “အဖ အာဗြဟံ၊ ကျွန်တော်ကို သနားကယ်မူပါ။ ကျွန်တော်သည် ဤငရဲမီးထဲတွင် ဝေဒနာ ပြင်းထန်စွာ ခံစားနေရပါသည်။ လာဇရု၏ လက်ဖျားကို ရေတွင်နှစ်ပြီး၊ ကျွန်တော်၏ လျှာပေါ်တွင် ရေစက်ချပေးရန် လာဇရုကို ကျွန်တော်ရှိရာသို့ စေလွှတ်ပေးပါ” ဟု လှမ်းပြောလိုက်ပါသည်။ 


အာဗြဟံက “သား၊ သင်သည် လောက၌ အသက်ရှင်စဉ် အလွန်ချမ်းသာစွာ နေခဲ့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်အားကိုးခြင်း မရှိခဲ့ပါ။ နောင်တမလွန်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှု မပြုခဲ့ပါ။ လာဇရုကမူ အလွန်ဆင်းရဲစွာ နေခဲ့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့ပြီး၊ နောင်တမလွန်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။ ဤအချက်ကို သင် အောက်မေ့သတိရပါ။ ယခု လာဇရုသည် သက်သာခြင်းရှိပြီး၊ သင်ကမူ ဒုက္ခဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ ထို့ပြင် ငါတို့နှင့် သင်တို့စပ်ကြားတွင် အလွန်နက်သော ချောက်ကြီးရှိနေသဖြင့်၊ ငါတို့ဆီမှ သင်တို့ထံ ကူးလာလိုသူမည်သူမျှ ကူးနိုင်မည်မဟုတ်သလို၊ သင်တို့ဆီမှ ငါတို့ထံ ကူးလာလိုသူလည်း ကူးနိုင်မည် မဟုတ်ပါ” ဟု ပြန်ပြောခဲ့သည်။


#### ငရဲ၏ ဆိုးဝါးမှုနှင့် လူသန်းပေါင်းများစွာ

ဘုရားသခင်ကို ယုံကြည်သူများသည် အာဗြဟံနှင့်အတူ သာယာအေးချမ်းသော နေရာ၌ ငြိမ်းချမ်းစွာ ရှိနေကြသည်ကို ကျွန်တော် မြင်နေရပါသည်။ ချစ်သောမိတ်ဆွေ၊ သင်လည်း ထိုသာယာအေးချမ်းသော နေရာ၌ ဘုရားသခင်နှင့်အတူ နေလိုပါသလား။ သင့်အသက်တာကို စစ်ဆေးပြီး၊ အချိန်မီ အဓိပ္ပါယ်ရှိစွာ ပြင်ဆင် အသက်ရှင်ပါ။


စပါးကို စပါးဂိုဒေါင်ထဲ သွန်ချသလို၊ ကမ္ဘာပေါ်မှ လူသားများသည် ငရဲမီးအိုင်ထဲသို့ အဆက်မပြတ် ရောက်လာနေကြသည်။ ငရဲမီးထဲရောက်သည်နှင့် ကြောက်လန့်ကာ အော်ဟစ်ငိုကြွေးကြသည်ကိုလည်း မြင်ရပါသည်။ ကမ္ဘာမှ ရောက်လာသော လူသစ်များက လောက၌ လူသားများ၏ ခေတ်မီတီထွင်မှုနှင့် ကမ္ဘာကြီး တိုးတက်ပြောင်းလဲနေမှုများကို ပြောပြသောအခါ၊ ကျွန်တော်တို့အားလုံး အံ့သြခဲ့ကြရသည်။ 


လူသားများသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကြသော်လည်း၊ ဘုရား၊ တရားရေးတွင်မူ ကျွန်တော်တို့ကဲ့သို့ပင် စိတ်ဝင်စားမှု မရှိကြပါ။ နိုင်ငံပေါင်းစုံမှ ဆယ်ကျော်သက် လူငယ်လူရွယ် သန်းပေါင်းများစွာလည်း ငရဲထဲသို့ ရောက်လာကြသည်။ ၎င်းတို့သည် လောက၌ အသက်ရှင်စဉ် ဘုရား၊ တရားအတွက် အချိန်မပေးခဲ့ကြပါ။ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရလိမ့်မည်ဟု မထင်ခဲ့ကြသော်လည်း၊ ယခု နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေ၊ သင်လည်း ကိုယ့်အသက်တာကို သတိပြု အသက်ရှင်ပါ။


#### ငရဲ၏ ပြင်းထန်သော ဝေဒနာ

ပြင်းထန်စွာ ပူလောင်နေသော ဤငရဲမီးထဲတွင် ကျွန်တော်သည် ရေတစ်စက်တောင် မသောက်ရပါ။ အိပ်ဖို့ နေရာမရှိသည်သာမက၊ တစ်မှေးမှ အိပ်ခွင့်မရပါ။ ထမင်းဆိုသည်မှာ ဝေးလံလှပါသည်။ ဓာတ်ဆီပီပါဘူးကြီးထဲ ဆီးဖြူသီးများ ပြည့်တင်းစွာ ထည့်ပြီး လှိမ့်သလို၊ ငရဲမီးအိုင်ထဲတွင် ကျွန်တော်တို့သည် ချာချာလည် လူးလိမ့်ခံနေကြရသည်။ ပါးစပ်ဟတိုင်း မီးတောက်မီးလျှံများ ပါးစပ်ထဲဝင်လာပြီး၊ ဗိုက်ထဲသို့ မျိုချမိပါသည်။ အသက်ရှူတိုင်း မီးခိုးမီးလျှံများက အဆုတ်ထဲသို့ ဝင်ရောက်လာသည်။ ရေအောက်တွင် ရေနစ်သူကဲ့သို့၊ ကျွန်တော်သည် ငရဲမီးထဲတွင် နစ်မွန်းနေရသည်။ ကျွန်တော်၏ မျက်လုံးများသည် မီးခိုးမီးလျှံများကြောင့် ပူလောင်စပ်ဖျဉ်းပြီး၊ ပေါက်ကွဲလုမတတ် ခံစားနေရပါသည်။


ကျွန်တော်သည် ငရဲမီးခိုးမီးလျှံများကြားတွင်၊ မီးထက်ပို၍ စူးရှနာကျင်စေသော သတ္တဝါများ၏ ကိုယ်ဖောက်နှိပ်စက်ခြင်းကိုလည်း ခံနေရသည်။ ထိုကြောက်မက်ဖွယ် သတ္တဝါများသည် ဘေးဒဏ်ကြီးကာလတွင် လူ့လောကသို့ တက်လာပြီး၊ သခင်ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းမရှိသူများကို ညှင်းဆဲမည်ဖြစ်သည်။


#### ငရဲထဲမှ ကောင်းကင်တမန်နှင့် စာတန်၏ အကြောင်း

ငရဲထဲတွင် သံကြိုးဖြင့် ချည်နှောင်ခံထားရသော ကောင်းကင်တမန်တစ်ပါးကိုလည်း တွေ့ခဲ့ရသည်။ “ဘာကြောင့် ဒီကိုရောက်နေရသနည်း” ဟု မေးသောအခါ၊ သူက “ကျွန်တော်သည် တစ်ချိန်က ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်နာခဲ့သော သန့်ရှင်းသော ကောင်းကင်တမန်တစ်ပါးဖြစ်ခဲ့သည်။ သို့သော် စာတန် (မာရ်နတ်) ၏ သွေးဆောင်မှုနောက်သို့ လိုက်ပြီး၊ ဘုရားသခင်ကို ပုန်ကန်မိခဲ့သဖြင့် ယခုလို ငရဲထဲတွင် ချည်နှောင်ခံနေရခြင်း ဖြစ်သည်” ဟု ပြောပြခဲ့သည်။


စာတန်မာရ်နတ်သည် ဘုရားသခင်မှလွဲ၍ တန်ခိုးအကြီးဆုံးနှင့် အလှပဆုံးဖြစ်သည်။ ကောင်းကင်တမန်များစွာသည် မာရ်နတ်၏ စကားကို နားထောင်ပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့သဖြင့်၊ ငရဲမီးထဲတွင် ယခုလို ဒုက္ခခံနေကြရခြင်း ဖြစ်သည်။ ငရဲသည် မာရ်နတ်နှင့် သူ၏ နောက်လိုက်များအတွက် ဘုရားသခင်က ဖန်ဆင်းထားသော နေရာဖြစ်သည်။ စာတန်၏ စကားကို နားထောင်မိခဲ့သဖြင့် ငရဲထဲရောက်နေရသော ကောင်းကင်တမန်များသည် အလွန်စိတ်ပျက်ဝမ်းနည်းနေကြသည်။ “ယခုခေတ် ကမ္ဘာပေါ်တွင် အသက်ရှင်နေသော လူသားများသည် မာရ်နတ်၏ စကားကို နားထောင်မည်ဆိုပါက၊ ကျွန်တော်တို့ကဲ့သို့ ဤငရဲထဲသို့ ရောက်လာကြမည်ဖြစ်သည်” ဟု ထိုကောင်းကင်တမန်က ပြောပြခဲ့သည်။


#### ကယ်တင်ခြင်း၏ အခွင့်အရေး

တကယ်ဆိုလျှင် ယခု အသက်ရှင်လျက်ရှိနေသော လူသားများသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပါက၊ ငရဲမှ လွတ်မြောက်နိုင်သည့် အခွင့်အရေး ရှိနေပါသည်။ ထို့ပြင် အပြစ်မှ လွတ်မြောက်ပြီး၊ ဘုရားသခင်၏ သားသမီးများ ဖြစ်ခွင့်ရှိသလို၊ ကောင်းကင်နိုင်ငံသို့လည်း ရောက်ရှိနိုင်မည်ဖြစ်သည်။ 


ထို့ကြောင့် လောက၌ ယခု အသက်ရှင်နေသော ချစ်သောမိတ်ဆွေတို့၊ မာရ်နတ်၏ စကားကို မယုံကြပါနှင့်။ ဘုရား၏ စကားကိုသာ နားထောင်၍ ယုံကြည်ကြပါ။ ထိုသို့ပြုမှသာ သင်တို့သည် ငရဲမှ လွတ်မြောက်ပြီး၊ ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ သင်တို့၏ နောင်တမလွန်အရေးကို အလေးအနက် ထားကြပါ။


#### မိဘများအပေါ် ကျွန်တော်၏ နောင်တနှင့် ဒေါသ

ကျွန်တော်သည် ပြင်းထန်စွာ ပူလောင်နေသော ဤငရဲမီးထဲတွင် ဝေဒနာများကို အလွန်ပြင်းထန်စွာ ခံစားနေရပါသည်။ တစ်နေ့တွင် ဖခင်နှင့် ရင်ဆိုင်တွေ့ခဲ့ရပြီး၊ “ဖေဖေ၊ လောက၌ နေစဉ် ဘုရား၏ စကားကို ဘာကြောင့် မယုံကြည်ခဲ့ပါသနည်း။ ငရဲသို့ မရောက်ရအောင် သားတို့ကို ဘာကြောင့် မပြောပြ၊ မသွန်သင်ခဲ့ပါသနည်း” ဟု မကျေမနပ်ဖြင့် မေးမိပါသည်။ ဖခင်က “သားရယ်၊ ဖေဖေ မှားပါပြီ၊ ဖေဖေ မှားပါပြီ” ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း၊ ယခုလို ငရဲရောက်မှ မှားမှန်းသိတော့ အပိုဖြစ်နေပါသည်။ ယခုအချိန်တွင် ငရဲမှ လွတ်အောင် မည်သို့မျှ လုပ်လို့မရတော့ပါ။ 


သို့သော် လောက၌ ယခု အသက်ရှင်နေသော လူသားများကမူ ငရဲမှ လွတ်အောင် လုပ်ဆောင်နိုင်ပါသေးသည်။ ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ သင့်အသက်တာကို သတိပြု ပြင်ဆင် အသက်ရှင်ပါ။ ကျွန်တော်က “ဖေဖေကို မုန်းတယ်၊ မေမေကို မုန်းတယ်” ဟု ပြောမိပါသည်။ ငရဲသို့ မရောက်ရအောင် ကျွန်တော်ကို လမ်းပြသွန်သင်မှု မပြုခဲ့သော မိဘများအပေါ် အလွန်ဒေါသထွက်မိပါသည်။


#### မိဘများသို့ တောင်းပန်ခြင်း

ထို့ကြောင့် ချစ်သောမိဘများ၊ သင်တို့၏ သားသမီးများ ငရဲသို့ မရောက်ရအောင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာကျမ်းစာအတိုင်း လမ်းပြသွန်သင်ကြပါဟု ကျွန်တော် တောင်းပန်ပါသည်။ အပြစ်ဒဏ်ခံရာ ဤအပါယ်ငရဲသို့ မရောက်ရအောင် လမ်းပြသွန်သင်ခြင်း မပြုသော မိဘများနှင့်၊ လမ်းလွဲအောင် ဟောပြောသွန်သင်သော ဘာသာရေးဆရာများကို သနားကရုဏာပြသူ ငရဲထဲတွင် တစ်ယောက်မှ မရှိပါ။ ၎င်းတို့ကို ဒေါသထွက်ကြသည်၊ မုန်းတီးပြစ်တင်ကြသည်။


#### ငရဲ၏ ထာဝရဝေဒနာ

ငရဲထဲတွင် မကြားချင်ခြင်း၊ မမြင်ချင်ခြင်းများကိုသာ နေ့တိုင်း ကြားနေ၊ မြင်နေရပါသည်။ “ဤဒုက္ခဆင်းရဲမျိုးကို ဘယ်လောက်ကြာအောင် ဆက်ခံရမည်နည်း” ဟု ညည်းပြူအော်ဟစ်မိသောအခါ၊ “ထာဝရထာဝရ အစဉ်အမြဲဖြစ်သည်” ဟု အေဝးတနေရာမှ နတ်ဆိုးတစ်ပါး၏ ဖြေကြားသံကို ကြားရပါသည်။ “ရေတစ်ခွက်လောက် သောက်ပါရစေ” ဟု လူတစ်ယောက်က အော်ဟစ်တောင်းခံသောအခါ၊ “ဘယ်တော့မှ မသောက်ရဘူး” ဟု နတ်ဆိုးက ပြန်ဖြေလိုက်သည်။ ဘုရားသခင်၏ အပြစ်လွတ်ခြင်း ကျေးဇူးကို လက်မခံသူများသည်၊ ကမ္ဘာအဆက်ဆက် နေ့ညမပြတ် သက်သာရာမရဘဲ ခံစားရမည်ဖြစ်ကြောင်း၊ သမ္မာကျမ်းစာ၏ သတိပေးစကားသည် အလွန်မှန်ကန်ကြောင်း သိခဲ့ရသည်။


#### ငရဲထဲမှ လူမျိုးစုံ၏ နောင်တရမှု

ငရဲထဲတွင် ဒေါသထွက်ဆဲဆိုသံများသာမက၊ ကြောက်လန့်ပြီး ငယ်သံပါအောင် အော်ဟစ်နေသူ သန်းပေါင်းများစွာလည်း ရှိနေပါသည်။ ဒုက္ခဝေဒနာများကို အရက်သောက်ပြီး မေ့ပျောက်လိုသော အရက်သမားများလည်း ငရဲထဲတွင် အများကြီး ရှိနေကြသည်။ သို့သော် ငရဲထဲတွင် အရက်ဆိုင်မရှိ၊ အရက်လည်း မရှိသဖြင့်၊ ရှာဝယ်သောက်လို့ မရကြပါ။


လောက၌ အသက်ရှင်စဉ် ဘုရားသခင်ကို မယုံကြည်ဘဲ၊ ကဲ့ရဲ့ပြစ်တင်ခဲ့သူများသည် ငရဲထဲရောက်မှ မိမိတို့ မှားမှန်း သိကြသည်။ ဤငရဲထဲတွင် ပညာတတ်ပုဂ္ဂိုလ်များ၊ ပညာမဲ့သူများ၊ သူဌေးများ၊ ဆင်းရဲသားများ၊ ဘုရားမဲ့ဝါဒီများ စသည့် လူတန်းစား အမျိုးမျိုးနှင့် လူမျိုးပေါင်းစုံ ရှိနေကြသည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်း မရှိပါက၊ မည်သူဖြစ်စေ ငရဲထဲသို့ ရောက်ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာကျမ်းစာထဲမှ သတိပေးစကားကို ၎င်းတို့ ယခုမှ လက်ခံသဘောပေါက်လာကြသည်။ ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ သင်လည်း နောင်တမလွန်တွင် ငရဲနှင့် လွတ်ရန်၊ သင့်ဘဝကို ယခုကတည်းမှ စစ်ဆေးပြင်ဆင် အသက်ရှင်ပါ။


#### နောင်တမလွန်၏ အမှန်တရား

သေလွန်ပြီး ငရဲထဲရောက်သောအခါ၊ လူတို့သည် ဘုရားရှိကြောင်း၊ ငရဲရှိကြောင်း၊ နောင်တမလွန်ဘဝ ရှိကြောင်း မယုံကြည်သူ တစ်ယောက်မှ မရှိတော့ပါ။ ဘုရားမဲ့ဝါဒီများပင် ဘုရားသခင်၏ မိန့်တော်မူချက်များကို ယုံကြည်လာကြသော်လည်း၊ အလွန်နောက်ကျသွားပါပြီ။ ငရဲထဲတွင် နောင်တရပြီး၊ မိမိအသက်တာကို ပြန်ပြင်ဆင် အသက်ရှင်ရန် အခွင့်အရေး မရှိတော့ပါ။ 


ဘာသာရေးကိုင်းရှိုင်းသူများကို ငရဲထဲတွင် တွေ့လိုက်ရသောအခါ အလွန်အံ့သြမိပါသည်။ ကျွန်တော်တို့ အရက်သမား၊ ဘုရားမဲ့တရားမဲ့သမားများသာ ငရဲကျသည်မဟုတ်။ ဘာသာရေးကိုင်းရှိုင်းသူများလည်း ငရဲထဲရောက်နေကြသည်။ နှစ်ခြင်းမင်္ဂလာခံခြင်း၊ အသင်းတော်ဘောင်ထဲဝင်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အလှူငွေပေးလှူခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်၊ ငရဲမှ မလွတ်နိုင်ကြောင်း၊ ၎င်းတို့သည် ငရဲထဲရောက်မှ သဘောပေါက်နားလည်လာကြသည်။ သို့သော် နောက်ကျသွားပါပြီ။ ၎င်းတို့သည် မိမိတို့ကို သူတော်ကောင်းထင်မှတ်ကာ၊ ဘာသာရေးကျင့်စဉ်များဖြင့် လုံလောက်သည်ဟု ထင်ခဲ့ပြီး၊ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်း မပြုခဲ့သူများ ဖြစ်ကြသည်။


#### ကယ်တင်ခြင်း၏ တစ်ခုတည်းသော လမ်းစဉ်

ငရဲမှ လွတ်ရန် ဘာသာရေးပုဂ္ဂိုလ်၊ ဂိုဏ်းကဏ္ဍ သို့မဟုတ် အသင်းတော်အဖွဲ့အစည်းများက ကယ်တင်နိုင်စွမ်း မရှိပါ။ မိဘနှစ်ပါးက သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး စစ်မှန်သော ဘုရား၏ သားသမီးများ ဖြစ်နေသော်လည်း၊ သားသမီးများက သခင်ယေရှုကို ယုံကြည်လက်ခံခြင်း မရှိပါက (အမည်ခံ ခရစ်ယာန်သာဖြစ်နေပါက)၊ ထိုသားသမီးများသည် ငရဲသို့ သွားရမည်ဖြစ်သည်။ သင်၏ ယုံကြည်လျှောက်လှမ်းမှု အသက်တာလမ်းအတိုင်း သင်ခံစားရမည်ဖြစ်သည်။ 


သခင်ယေရှုခရစ်တော်၏ အသွေးတော်သည်သာ အပြစ်ဖြေလွတ်ပေးနိုင်သည့်အတွက်၊ သခင်ယေရှုကို ယုံကြည်လက်ခံသူများသာ ငရဲမှ လွတ်မြောက်ပြီး၊ ကောင်းကင်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာကျမ်းစာတွင် အတိအကျ ပြောထားပါသည်။


#### ကျွန်တော်၏ နောင်တနှင့် သတိပေးချက်

ကျွန်တော်သည် ငရဲရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ နှုတ်ဖြင့် ပြောပြလို့ မကုန်နိုင်သော ဒုက္ခဝေဒနာများကို၊ နေ့စဉ်ရက်ဆက်၊ နာရီတိုင်းတွင် ပြင်းထန်စွာ ခံစားနေရပါသည်။ နောက်ထပ် နှစ်ပေါင်းများစွာ ဆက်ခံရဦးမည်လည်း ရှိနေပါသေးသည်။ ဤငရဲထဲတွင် မီးလောင်ကျွမ်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းများအပြင်၊ သန်းပေါင်းများစွာသော ပိုးလောက်ကောင်များက ကျွန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကိုက်စား ထိုးဖောက်နေကြပါသည်။ နည်းနည်းလေးမှ သက်သာခြင်း မရှိပါ။ 


ဤငရဲသည် ဘုရားသခင်၏ နောက်ဆုံးတရားစီရင်ရာနေ့အထိ၊ သခင်ယေရှုခရစ်တော်ကို မယုံကြည်သူများအားလုံးကို ချုပ်နှောင်ထားသော အကျဉ်းထောင်ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်လက်ခံခြင်း မရှိသူများအားလုံးကို “ပလ္လင်ဖြူကြီး” တွင် တရားစီရင်ပြီးနောက်၊ ထာဝရမီးလောင်ကျွမ်းရာ ငရဲထဲသို့ ပစ်ချခံရမည်ဖြစ်သည်။ ထိုပလ္လင်ဖြူကြီးပေါ်တွင် တရားစီရင်မည့်သူမှာ သခင်ယေရှုခရစ်တော်ပင် ဖြစ်ပါသည်။ 



Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?