လူထဲကတကယ့်လူ

           ချစ်သော မိတ်ဆွေ…!  

လောကထဲတွင် တကယ့်လူလို့ ခေါ်လောက်တဲ့ သူတွေ ရှိကြပါတယ်။ သူတို့ဟာ ကမ္ဘာ့မြေပေါ်၊ မြေအောက် သယံဇာတတွေ၊ သစ်ပင်၊ ပန်းပင်တွေ၊ ကုန်းနေ၊ ရေနေ သတ္တဝါတွေ၊ အစကမ္ဘာ့ပြင်ပ ဂြိုဟ်တွေအထိ စူးစမ်းလေ့လာ၊ ဖော်ထုတ်ပြီး ကမ္ဘာကို ပြောပြနိုင်ကြပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေနိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုရော အတွင်းကျကျ ရှာဖွေ၊ နားလည်ကြပါရဲ့

လား။ ဒီစကြဝဠာကြီးထဲမှာ လူရဲ့အကြောင်းက အနက်ဆုံး၊ စိတ်ဝင်စားစရာ အကောင်းဆုံး မဟုတ်ပါလား။  


မိတ်ဆွေ၊ မိမိကိုယ်ကို အရှိအတိုင်း သိမြင်၊ နားလည်သူဟာ လူထဲက တကယ့်လူပါ။ ဒီအတွက် မေးခွန်း (၃) ခု ဖြေရပါမည်။  


#### ၁။ လူဆိုတာ ဘာလဲ?

စားဝတ်နေရေး ပြေလည်ပြီး လူတန်းစဉ် နေနိုင်သူကိုမှ “လူပြည့်သတယ်” လို့ တချို့က ဆိုပါတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာ ပြည့်စုံလျက်နဲ့ ဘဝမှာ အဓိပ္ပါယ်မဲ့သလို ခံစားနေရသူတွေ အများကြီး ရှိပါတယ်။ တချို့က “လူ့သမိုင်းမှာ လူအကျိုးအတွက် တစ်ခုခု လုပ်နိုင်ရင် လူပြည့်သတယ်” လို့ ပြောကြတယ်။ ဒါပေမဲ့ လူတွေ အားလုံး လုပ်နိုင်ပါ့မှာလား။ တချို့က “လူဟာ မျောက်က ဆင်းသက်လာလို့ တိရစ္ဆာန်သလောသာ ဖြစ်တယ်” လို့ ဆိုကြတယ်။ ဒီအဆို မှန်ရင်တော့ လူဟာ ယဉ်ကျေးမှုနဲ့ ဘာသာတရား မလိုတော့ပါဘူး။ တိရစ္ဆာန်ဟာ စားဖို့သာ သိတာ မဟုတ်လား။  


မိတ်ဆွေ “လူဆိုတာ ဘာလဲ” ဆိုတာ စဉ်းစားလို့ ရပါသလား။ ဆက်ဖတ်ပါဦး။  


#### ၂။ လူ့ဘဝရဲ့ ပန်းတိုင်က ဘာလဲ?

ဒီကမ္ဘာကြီးကို ကြည့်ပါ မိတ်ဆွေ။ မြေကြီး၊ အပင်တွေ၊ တိရစ္ဆာန်တွေ၊ လူတွေနဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ မြေကြီးဟာ အပင်တွေ ရှင်သန်ဖို့၊ အပင်တွေက တိရစ္ဆာန်တွေ ရှင်သန်ဖို့ ရှိနေရတယ်။ တိရစ္ဆာန်တွေကလည်း လူတွေ မှီဝဲစားသုံးဖို့ ရှိနေရပါတယ်။ သူတို့မှာ ရည်ရွယ်ချက်တွေ ပါပါတယ်။ ဒါဆိုရင် လူဆိုတာ ဘာအတွက်ကြောင့် ရှိနေရတာလဲ။  


“လူဆိုတာ စားဖို့ ရှင်နေတာမဟုတ်၊ ရှင်ဖို့ စားနေရတာပါ” လို့ ဆင်ခြင်ညဏ်ရှိသူတိုင်း ဆိုပါလိမ့်မယ်။ ဒါကြောင့် စားဝတ်နေရေးဟာ မိတ်ဆွေရဲ့ ပန်းတိုင် မဟုတ်ပြန်ပါဘူး။ ဒါပြီးတော့ လူဟာ သေမျိုးဖြစ်လို့ တစ်ချိန်မှာ မျိုးစေ့သေရမယ်။ ဒါဆိုရင် “သေဖို့ ရှင်နေတာလား” လို့ ပြောမလား။ “သေဖို့ ရှင်နေတာ” မှန်ရင်တော့ သေချိန်ကို စောင့်နေရတာထက် အခုချက်ချင်း သေလိုက်ရင် ပိုမကောင်းဘူးလား။ ဒါတွေလည်း အဖြေ မမှန်ပြန်ပါဘူး။  


မိတ်ဆွေရဲ့ ဘဝပန်းတိုင် ဘာလဲဆိုတာ စဉ်းစားလို့ ရပါသလား။ ဆက်ဖတ်ပါဦး။  


#### ၃။ လူသေရင် ဘယ်ကို သွားမလဲ?

တမလွန် ရှိတာကို လူတိုင်း ယုံကြပါတယ်။ တမလွန်မှာ ဘာတွေ ဖြစ်မလဲ။ တချို့က “သေမှ သိမယ်” တဲ့။ တချို့က “ကိုယ့်အပေါ် မူတည်တယ်” တဲ့။ “ကောင်းတာ လုပ်ရင် ကောင်းရာ ရောက်မယ်၊ မကောင်းတာ လုပ်ရင် မကောင်းရာကို ရောက်မယ်” တဲ့။ အဖြေတွေ အမျိုးမျိုး ရှိပါတယ်။  


ဒါပေမဲ့ “သေမှာ ကြောက်တာ” ရယ်၊ “သေပြီးရင် ဘယ်ကို ရောက်မယ်” ဆိုတာ တိတိကျကျ မပြောနိုင်တာရယ်ကတော့ လူအားလုံးမှာ အတူတူပါပဲ။ မိတ်ဆွေ သေရင် ဘယ်သွားမလဲ သိပါသလား…?  


#### သမ္မာကျမ်းစာမှ အဖြေများ

ချစ်သော မိတ်ဆွေ…!  

လူထဲက တကယ့်လူ ဖြစ်စေမယ့် မေးခွန်း (၃) ခုရဲ့ အဖြေကို သမ္မာကျမ်းစာက ဒီလို ဖြေပေးထားပါတယ်။  


**၁။ လူဆိုတာ ဘာလဲ?**  

- လူဆိုတာ ဖန်ဆင်းရှင် ဘုရားရဲ့ ပုံသဏ္ဍာန်တော် ဖြစ်ပါတယ်။  

“တဖန် ဘုရားသခင်က ‘ငါတို့ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့’” (ကမ္ဘာ ၁:၂၆)။  


လူဟာ ဘုရားရဲ့ သဘာဝကို ထင်ဟပ်၊ ကိုယ်စားပြုတဲ့ ဖန်ဆင်းခံ ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ တန်ဖိုးအရှိဆုံး ဖော်ပြချက် ဖြစ်လို့၊ လူတန်းစား မရွေး (အေအိုင်ဒီအက်စ် သမားမကျန်) သာခေါ်၊ ဝမ်းမြောက်နိုင်တဲ့ ဖွင့်ဆိုချက်ပါ။ လူလူချင်း အဆင့်အတန်း ခွဲတတ်တဲ့ ဒီလောကကြီးမှာ၊ ဒါကို သိမှ လူကို လူလို မြင်နိုင်မှာပါ။  


ကိုယ်ကြည့်ရာကို တမော့မော့နဲ့ ကြည့်တတ်လို့ လူကို ပုထုဇဉ်လို့ ခေါ်ပါတယ်။ လူမှန်ရင် စာရိတ္တကို တန်ဖိုးထားပြီး၊ ဝဋ်ကို ယုံ၊ ငရဲကို ကြောက်တတ်တာ ဒါကြောင့်ပါ မိတ်ဆွေ။ ဖန်ဆင်းရှင် ဘုရား တကယ်ရှိတာကို မိတ်ဆွေ ယုံရဲ့လား။ အကြောင်းကြောင့် အကျိုးဖြစ်ရတဲ့ သဘောကို ဆင်ခြင်ရင် အလွယ်သိနိုင်ပါတယ်။  


“ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော် တည်းဟူသော၊ မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည်၊ ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏” (ရောမ ၁:၂၀)။  


ထာဝရဘုရားသခင်ဟာ မြေမှုန့်နဲ့ လူကို ဖန်ဆင်းပြီး၊ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပါသည်။ ဒါကြောင့် လူမှာ ရှပ်နဲ့ နာမ် ဆိုပြီး (၂) ပိုင်း ရှိတာပါ။ သိပ္ပံပညာရှင်တွေက လူရဲ့ ရှပ်ကြွင်းကို ဓာတ်ခွဲတဲ့အခါ၊ မြေကြီးမှာ ပါတဲ့ ဓာတ်အရေအတွက်၊ အမျိုးအမည်နဲ့ တိကျစွာ ကိုက်ညီကြောင်း သက်သေခံထားပါတယ်။  


လေကို ရှူမိတဲ့ မိတ်ဆွေဟာ၊ နှာခေါင်းရှိလို့ လေရှိရသလား၊ လေရှိလို့ နှာခေါင်းရှိရသလား၊ စဉ်းစားဖူးပါသလား။ ဒီကမ္ဘာကြီးဟာ ရည်ရွယ်ချက်ရှိပြီး ပုံစံကျနေတာပါ။ ဉာဏ်ရှိတဲ့ ဘုရားရှင် မဟုတ်ရင် ဘယ်လို ရှင်းပြမှာလဲ။ ကောင်းရာကို တန်ဖိုးထားပြီး၊ အို၊ နာ၊ သေခြင်း ကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တောင့်တနေတာဟာလည်း၊ ထာဝရတည်တဲ့၊ သင်္ခါရနဲ့ ကင်းလွတ်တဲ့၊ ကောင်းမွန်ခြင်းရဲ့ အချုပ်—ဖန်ဆင်းရှင်သခင်ကို ရှာနေတာပဲ မဟုတ်လား မိတ်ဆွေ။  


“ထာဝရဘုရားသည် ကောင်းမွန်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့” (ဆာလံ ၃၄:၈)။  


မိတ်ဆွေဟာ ဖန်ဆင်းရှင်ရဲ့ ပုံသဏ္ဍာန်တော် ဖြစ်တယ်လို့ တကယ့်လူ ဖြစ်ပါပြီ။  


**၂။ လူ့ဘဝရဲ့ ပန်းတိုင်က ဘာလဲ?**  

- လူဟာ ဖန်ဆင်းရှင်ကို အစေခံဖို့ ဒီလောကကြီးထဲမှာ ရှိနေတာ ဖြစ်ပါတယ်။  

“သင်တို့သည် မည်သည့်အမူကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍၊ ခပ်သိမ်းသော အမူကိစ္စကို ပြုကြလော့” (၁ ကော ၁၀:၃၁)။  


ဖန်ဆင်းခံ ဖြစ်ခြင်းက ပန်းတိုင်ကို သတ်မှတ်ပေးပါတယ်။ အိမ်မှာ မွေးထားတဲ့ ခွေးကို နံနက်မိုးလင်းတာနဲ့ ဆလံပေးပြီး “မင်္ဂလာပါ” လို့ ဘယ်အိမ်ရှင်မှ နှုတ်ဆက်မှာ မဟုတ်ပါဘူး။ ခွေးကို ကိုယ်မွေးထားတဲ့အတွက်၊ ကိုယ်ထားသလို နေရမှာပါ। ဒါကြောင့် စားဝတ်နေရေးဟာ ပန်းတိုင် မဟုတ်တော့ပါဘူး။ ဘုရားကို အစေခံရာမှာ၊ လူ့အသက်ရှင်ဖို့ လုပ်တဲ့ အလုပ်လေးမျှသာ ဖြစ်ပါတော့တယ်။ ဒါကို စိတ်ချရင် မိတ်ဆွေဟာ တကယ့်လူ ဖြစ်ပါပြီ။  


**၃။ လူသေရင် ဘယ်ကို သွားမလဲ?**  

- ကွဲပြားတဲ့ အဖြေတွေကြောင့်၊ ဘုရားထံ ပြန်မယ့်အစား တစ်နေရာရာကို လွဲချော်ဦးမယ့် အနေအထား ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။  


“အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသေရည် ပျက်ကြပြီ” (ရောမ ၃:၂၃)။  


လူတွေ ဘုရားထံ ပြန်မရောက်နိုင်တာဟာ ဘုရားစံချိန်နဲ့ လွဲနေကြလို့ပါ။ ကံသုံးပါးကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြလို့ ဖြစ်ပါတယ်။ ဘုရားစံချိန်က “မလှရင်လည်း ချစ်ပါ၊ ဘာအကြောင်းနဲ့မှ မညာရဘူး၊ သူမချစ်ရင်လည်း ကိုယ်က ချစ်ကောင်းရမယ်၊ မျှော်လင့်ချက် မထားဘဲ ပေးကမ်းပါ၊ အူမတောင့်ရင်လည်း သီလမပျက်ရဘူး” တဲ့။ ဒါပေမဲ့ လူတွေ ဘာလုပ်ကြသလဲ။  


“လှမှ ချစ်ကြတယ်၊ မုသားပါမှ လင်္ကာချောတယ်၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုး၊ သမီးပေးမှ သမက်ရမယ်၊ အူမတောင့်ရင်တော့ သီလစောင့်ဖို့ မဖြစ်နိုင်ဘူး” တဲ့။ ဒီလို ဘုရားစံချိန်နဲ့ လွဲနေမှတော့၊ တမလွန် ဝဋ်ကြွေးဆပ်ရာမှာ သေချာပြီ မိတ်ဆွေ။  


“လူသည် တစ်ခါတည်း သေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့” (ဟေဗြဲ ၉:၂၇)။  

“အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှတို့ကို လည်း မီးအိုင်ထဲသို့ ချပစ်လေ၏” (ဗျာဒိတ် ၂၀:၁၅)။  


#### ကယ်တင်ခြင်း၏ မျှော်လင့်ချက်

ချစ်သော မိတ်ဆွေ…!  

“သေဖို့ ကြောက်နေတာ” ဟာ တမလွန်မှာ ဝဋ်ကြွေးဆပ်ဖို့ ရှိနေလို့ပါ။ ဒီဝဋ်ကြွေးကို ကျေအောင် လူက မတတ်နိုင်ပါဘူး။ “ကုသိုလ်ကောင်းမှုနဲ့ ချေမယ်” ဆိုပြန်တော့၊ ကုသိုလ်လုပ်မိတာ နည်းနည်း၊ ငရဲကြီးမိတာက များများ မဟုတ်လား မိတ်ဆွေ။ “တရားကျင့်မယ်” လို့ စဉ်းစားပြန်တော့လည်း၊ အားလုံးကို ကုန်အောင် မကျင့်ကြံနိုင်ပါဘူး။ “တစ်ခု ပျက်ရင် အားလုံး ပျက်တာပဲ” မဟုတ်လား။  


“ပညတ်တရား အလုံးစုံကို စောင့်ရှောက်သည်တွင်၊ တစ်စုံတစ်ခု၌ မှားမိလျှင်၊ ပညတ်အလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏” (ယာကုပ် ၂:၁၀)။  


ဒီလို မိမိဘာသာ ဝဋ်ကြွေးဆပ်ဖို့ အစွမ်းလည်း မရှိ၊ အချိန်လည်း မရှိကြတဲ့ လူသားထု၊ အပယ်တံခါးပိတ်လို့၊ ကိုယ်တော်ထံ ပြန်လာနိုင်အောင်၊ ဘုရားသခင်က ကျေးဇူးပြုခဲ့ပါပြီ မိတ်ဆွေ။  


“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို၊ ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့် အကြောင်းတည်း” (၂ ကော ၅:၂၁)။  


#### ခရစ်တော်၏ ကယ်တင်ခြင်း

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်က၊ ခရစ်တော် ယေရှုဘုရားဟာ လူ့ဇာတိကို ယူပြီး လောကသို့ ကြွဆင်းခဲ့ပါတယ်။ မိတ်ဆွေရဲ့ ဝဋ်ကြွေးကို ကားတိုင်မှာ သူ့အသက်နဲ့ ပေးဆပ်ပြီး၊ သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ယေရှုကို မိမိရဲ့ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး၊ သူ့ရဲ့ လုပ်ဆောင်ချက်ကို စိတ်ချကိုးစားလိုက်မယ် ဆိုရင်၊ ယခု အပယ်တံခါး ပိတ်လို့၊ ကောင်းကင်တံခါး ဖွင့်လို့ နေပါပြီ။ သခင်ဘုရားကို ယုံကြည်ခြင်းအားဖြင့်၊ မိသားစုတွေနဲ့ တမလွန်မှာ ပြန်ဆုံနိုင်ပါပြီ။  


“ယေရှုက ‘ငါ့ကို ယုံကြည်သောသူသည်၊ သေလွန်သော်လည်း ရှင်လိမ့်မည်’” (ယော ၁၁:၂၅)။  


#### နိဂုံး

လူထဲက တကယ့်လူဆိုတာ၊ မိမိကိုယ်မိမိ ရှာဖွေ၊ တွေ့ရှိသူ ဖြစ်ပါတယ်။ မိတ်ဆွေ၊ မိမိကိုယ်မိမိ ရှာဖွေ၊ တွေ့ရှိပြီး၊ တမလွန်အတွက် စိတ်ချပြီလား ဆိုတာ၊ မေတ္တာနဲ့ ခေါ်ဖိတ်၊ ဝေငှလိုက်ပါတယ်။  


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?