အသက်မုန့်၏ ထာဝရအာမခံချက်
ရှေ့ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ အသက်ရှင်သော နှုတ်ကပတ်တော်မှ ခွန်အားယူရန်အတွက် (ယောဟန် ၆:၃၅) တွင် ယေရှူက "ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် နောက်တစ်ဖန် အစာငတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ" ဟု မိန့်တော်မူသည်။
ဤနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား အသက်နှင့်ဆိုင်
သော၊ တမလွန်ဘဝနှင့်ဆက်စပ်ပြီး ပြင်ဆင်ရမည့်အရာများကို သိစေလိုသည်။ ဤအချက်ကို အတူတကွ ခွန်အားယူရန် ဝေမျှလိုပါသည်။ ဤနှုတ်ကပတ်တော်ကို ကြည့်သောအခါ ယေရှူခရစ်တော်ကိုယ်တိုင်က "အသက်မုန့်" ဖြစ်ကြောင်း ဖော်ပြထားသည်။ သူ့ထံသို့ လာမည်ဆိုပါက နောက်တစ်ဖန် အဆာမခံရ၊ ရေငတ်မခံရဟု ဆိုထားသည်။ သို့သော် ဤကျမ်းစာကို အပေါ်ယံဖတ်ရုံဖြင့် ကျွန်ုပ်တို့ နားမလည်နိုင်ပါ။ဘာကိုဆိုလိုသည်ကို လေးလေးနက်နက် ဆင်ခြင်ရန် အရေးကြီးသည်။ အပေါ်ယံနားလည်ရုံမျှဖြင့် မလုံလောက်ပါ။ အစာနှင့် ရေဆိုသည့်အရာများသည် လူတို့ နေ့စဉ်စားသောက်နေရသည့် အရာများဖြစ်သည်။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် လူတိုင်း၏ ခံယူချက်မှာ အစားအသောက်နှင့် ရေလိုအပ်သည်ဟူ၍ဖြစ်သည်။ အစာရေ စားသောက်မှသာလျှင် လူသည် အသက်ဆက်လက်ရှင်သန်နိုင်သည်။ ထို့ကြောင့် လူတစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ အစားအသောက်ပင်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် အစားအသောက်ကို မျိုးစုံစားသောက်ကြသည်။ ဤသို့ဖြင့် အသက်ရှင်ရန် ပြင်ဆင်မှုများစွာ လုပ်ဆောင်နေရသည်။ ခန္ဓာအသက်ရှင်ရန် ရုန်းကန်ပြီး ခွန်အားသုံး၍ ရှာဖွေရသည်၊ စုဆောင်းရသည်၊ ကြိုးစားရသည်။
အဘယ်ကြောင့် ဤသို့ ကြိုးစားရုန်းကန် ရှာဖွေနေရသနည်း။ ခဏတာလောကမှာ အသက်ရှင်နိုင်ရန်အတွက်ဖြစ်သည်။ မဖြစ်မနေ လုပ်ဆောင်နေရသည့်အရာဖြစ်သည်။ ၎င်းသည် လူတိုင်း လုပ်ဆောင်ရမည့် အရာဖြစ်သလို ဘုရားပေးထားသော အငန်းအတာလည်း ဖြစ်သည်။ သို့သော် လူတို့သည် ခဏတာ အသက်ရှင်ရန် ရုန်းကန်နေရချိန်တွင် နောင်တမလွန်ဘဝကို မေ့ထားကြသည်။ မိမိ၏ ဝိညာဉ်နှင့် တမလွန်တွင် ဆက်လက်ခရီးဆက်ရမည့် အရာများကို ပြင်ဆင်ရန် မသိမမှတ်၊ ဂရုမစိုက်ပဲ နေထိုင်ကြသူများ မြောက်များစွာ ရှိသည်။
လူတို့သည် လောကတွင် စားသောက်ရန်၊ ပျော်ပါးရန်အတွက်သာ ရုန်းကန်ရှာဖွေ၍ စုဆောင်းကြသည်ကို တွေ့ရသည်။ တမလွန်ကို စွန့်ပစ်ထားသည်ကို မြင်ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘာကို ဆင်ခြင်ရမည်နည်း။ ခန္ဓာအရေးက အရေးကြီးသလား၊ သို့မဟုတ် တမလွန်ထာဝရဘဝနှင့် ဆိုင်သော ကျွန်ုပ်တို့၏ ဝိညာဉ်အသက်က ပို၍အရေးကြီးသလား။ ဤအချက်ကို မှန်ကန်စွာ သိမှတ်နားလည်ရန် အရေးကြီးသည်။ အမှန်တကယ် လေးလေးနက်နက် စဉ်းစားကြည့်ပါက ကျွန်ုပ်တို့ ဤလောကတွင် နေရသည်မှာ ခဏတာသာဖြစ်သည်။ ထို့နောက် ထွက်ခွာသွားရမည်ဖြစ်သည်။ ဤလောကကြီးမှ ထွက်ခွာပြီး ထာဝရဘဝသို့ ခရီးဆက်ရမည့် ဝိညာဉ်အတွက် အရေးကြီးသော အရာတစ်ခု ရှိသည်။
ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဤအရာကို နားလည်စေလိုသည်။ ထာဝရဘဝတွင် မိမိ၏ ဝိညာဉ်အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ၊ ဘာတွေ ရရှိထားပြီးပြီလဲ ဆိုတာကို သိစေလိုသည်။ ဘုရားသခင်က ဘာကို ပြင်ဆင်ပေးသနည်း။ အသက်ဝိညာဉ် ထာဝရရှင်သန်ရန် ဘာကို ပြင်ဆင်ပေးသနည်း။ ဤအရာကို နှုတ်ကပတ်တော်အားဖြင့် ကြည့်ရန် လိုသည်။ ထို့ကြောင့် ယေရှူခရစ်တော်သည် လောကသို့ ဆင်းသက်လာပြီး "အသက်မုန့်" အဖြစ် လူသားတစ်ဦးစီတိုင်းကို ပေးသည်ကို တွေ့ရသည်။
ဤအစားအသောက်သည် လူတို့ နေ့စဉ်စားသုံး၊ သောက်သုံးနေသော အစာရေများကို ပြောခြင်းမဟုတ်ပါ။ သခင်ယေရှူပြောသော "အသက်မုန့်" သည် ထာဝရဘဝတွင် လူတို့ ဘုရားနှင့်အတူ နေထိုင်ရန်၊ အသက်ရှင်ရန် ပေးမည့် အရာကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ထာဝရဘဝနှင့်ဆိုင်သော အရာကို ပေးရန် လောကသို့ ကြွလာခဲ့သည်။ လောကသို့ လာရသည့် ရည်ရွယ်ချက်မှာ လူသားအားလုံး လိုအပ်နေသော ထာဝရအသက်ကို ပေးရန်ဖြစ်သည်။ နောင်ဘဝတွင် စိတ်အေးချမ်းသာရရန်၊ ဝိညာဉ် ဆုံးရှုံးပျက်စီးခြင်းမှ ကင်းဝေးကာ ထာဝရရှင်သန်ပြီး ဘုရားနှင့်အတူ ဝမ်းမြောက်စွာ စံစားနေထိုင်ရန် သူသည် လောကသို့ ကြွလာခဲ့သည်။
ခန္ဓာအသက်ကို လူသားအားလုံးအတွက် ပေးဆပ်ခဲ့သည်။ လူသားအားလုံးကို ဖိတ်ခေါ်လျက်ရှိသည်။ "ငါ့ထံသို့ လာပါ။ ငါ့ထံသို့ လာလျှင် အဆာမခံရတော့ပါ။ ငါ့ကို ယုံကြည်သောသူသည် အစာငတ်မခံရတော့ပါ" ဟု မိန့်တော်မူသည်။ ထာဝရဘဝအတွက် စိတ်အေးရမည့် ဘဝအာမခံချက်ကို ထိုသခင်က ပေးခဲ့သည်။ အဓိကအားဖြင့် လူသားအားလုံးသည် ထိုသခင်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် နှလုံးသားထဲတွင် ယုံကြည်လက်ခံရမည်ဖြစ်သည်။ ၎င်းသည် နောင်တမလွန်ဘဝတွင် ပြင်ဆင်ရမည့် အဓိကကျသော အရာဖြစ်သည်။
လောကတွင် အသက်ရှင်သောအခါ ခန္ဓာအတွက် လိုအပ်သည်များကို လုပ်ဆောင်သော်လည်း၊ ၎င်းထက် ပို၍အရေးကြီးသည့် အရာမှာ နောင်တမလွန်နှင့် ထာဝရဘဝအတွက် ပြင်ဆင်ရမည့်အရာဖြစ်သည်။ ယေရှူခရစ်ပေးသော ထာဝရအသက်ကို ရရှိပြီး နှလုံးသားထဲတွင် လက်ခံယုံကြည်ကာ ပိုင်ဆိုင်ထားရန် အရေးကြီးဆုံးဖြစ်သည်။ ထိုအရာကို မရရှိထားပါက၊ ဂရုမစိုက်ပါက၊ မခံယူထားပါက နောင်ဘဝအတွက် ဝမ်းနည်းဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မလိုချင်သော ဆုံးရှုံးပျက်စီးမှုနှင့် ထာဝရမီးငရဲသို့ ရောက်ရှိသွားနိုင်သည်။
ဘုရားသခင်က လူသားများ ငရဲသို့ မသွားစေလိုပါ။ လူသားအားလုံး အချိန်မီ နောင်တရပြီး ဘုရားပေးသော ထာဝရအသက်ကို ရယူကာ နောင်ဘဝအတွက် စိတ်ချရသော အာမခံချက်ရရှိရန် ဘုရားသခင်၏ အလိုတော်ရှိသည်။ ယေရှူက လူသားအားလုံးကို ဖိတ်ခေါ်လျက်ရှိသည်။ "ငါသည် အသက်မုန့်ဖြစ်သည်။ ထာဝရဘဝနှင့်ဆိုင်သော အရာကို ပေးသော၊ ထာဝရရှင်သန်ရန် အာမခံချက်ပေးသော အရာသည် ငါ့ထံတွင်သာ ရှိသည်။ ငါ့ထံသို့ လာလျှင် မဆာမမွတ်တော့ပါ။ နောင်ဘဝအတွက် စိတ်အေးရမည်။ ငါ့ကို ယုံကြည်လျှင် နောက်တစ်ဖန် ရေငတ်မခံရတော့ပါ။ နောင်ဘဝတွင် ငြိမ်းချမ်းရာ၊ ဝမ်းမြောက်ဖွယ်ရာ၊ ဘုရားနှင့် စံစားရာ နေရာကို ငါကိုယ်တိုင် ပေးပြီးဖြစ်သည်" ဟု မိန့်တော်မူသည်။
ထို့ကြောင့် လူတစ်ဦးစီတိုင်း ထိုသခင်ကို ယုံကြည်ပြီး နှလုံးသားထဲတွင် လက်ခံယုံကြည်သူများ ဖြစ်စေရန် နှုတ်ကပတ်တော်အားဖြင့် အနည်းငယ် ခွန်အားပေး ဝေမျှပါသည်။ ကြားနာသော သူအယောက်စီတိုင်းကို ဘုရားသခင်က ကောင်းကြီးပေးပါစေ။
ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ:
1. သင့်ဘဝတွင် ခန္ဓာအတွက် ပြင်ဆင်မှုထက် ဝိညာဉ်အတွက် ထာဝရဘဝကို ဦးစားပေးပြင်ဆင်ရန် မည်သို့ ဆောင်ရွက်နိုင်မည်နည်း။
2. ယေရှူခရစ်ကို "အသက်မုန့်" အဖြစ် ယုံကြည်လက်ခံခြင်းသည် သင့်နေ့စဉ်ဘဝနှင့် နောင်တမလွန်အတွက် မည်သို့ အကျိုးသက်ရောက်နိုင်မည်ထင်သနည်း။
ဆရာအာဗြံဟံ
Comments
Post a Comment