ကားတိုင်ဝေဒနာ

          သခင်ယေရှု၏ လက်ဝါးကပ်တိုင်ဝေဒနာ

ထိုအခါ ယေရှုက “ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်း ရှိ၏။ ဤအရပ်၌ ငါနှင့်အတူ စောင့်နေကြလော့” ဟု တပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍ ... “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်” ဟု ဆုတောင်းတော်

မူ၏။ (မဿဲ ၂၆:၃၇-၃၉)


#### လက်ဝါးကပ်တိုင်ဝေဒနာ၏ ပြင်းထန်မှု

လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခြင်းအတွက် ကိုယ်တော်၏ ခံစားရသော ဝေဒနာကို တစ်ဖန် ပြန်လည်ဆင်ခြင်ရမည် ဆိုလျှင်၊ ၎င်းသည် အလွန်ပြင်းထန်သော နာကျင်မှု ဝေဒနာ ဖြစ်ပါသည်။ “ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်း ရှိ၏” ဟူသော ကိုယ်တော်၏ မိန့်တော်မူချက်ကို ကြည့်ပါက၊ ဤအချက်သည် သိသာထင်ရှားပါသည်။


အချို့က “ဘုရားသခင်ပဲ ခံနိုင်တာပေါ့” ဟု ပြောကောင်း ပြောကြမည်။ သို့သော် ကိုယ်တော်သည် လူ့ဇာတိ ခံယူထားသည်ကို မမေ့သင့်ပါ။ ကိုယ်တော်သည် ဘုရားစင်စစ်၊ လူစင်စစ် ဖြစ်သည်။ လူကဲ့သို့ ဝေဒနာ ခံစားနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် လက်တွင် ဆူးကလေး စူးလျှင်ပင် နာကျင်တတ်ကြသည်။ လက်ဝါးကပ်တိုင် ဝေဒနာမျိုးကို ကျွန်တော်တို့ ခံစားရမည် ဆိုလျှင်၊ အဘယ်မျှ နာကျင်မည်နည်း။ ၎င်းကို စိတ်ကူးဖြင့် ခံစားကြည့်နိုင်ပါသည်။


#### လူတို့၏ ပေါ့ပေါ့တန်တန် သဘောထားမှု

ဆရာတော်တစ်ပါးက “လက်ဝါးကပ်တိုင် ဝေဒနာကို ပေါ့ပေါ့တန်တန် သဘောထား နေကြသည်” ဟု ဆိုပါသည်။ တကယ်တော့ မေရှိယသခင်၏ လူ့ဇာတိခံသည့် ဘဝသည် ကြေကွဲဝမ်းနည်းစရာ ဖြစ်ပါသည်။ လူ့သဘောစရိုက်အရ အယုတ်ညံ့ဆုံး၊ အနိမ့်ကျဆုံး နေရာကို ယူခဲ့သည်။ လူများက မထီမဲ့မြင် နှင်ထုတ်ကြသည်။ ဣသရေလလူများကလည်း ဆေးဖက်ကြောဖက် မလုပ်ကြချေ။ (ဟေရှာယ ၅၃:၃)


#### ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်၏ ဝေဒနာ

ကိုယ်တော်၏ လက်ဝါးကပ်တိုင် ဝေဒနာသည် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံး နာကျင်မှုကို ခံစားရခြင်း ဖြစ်ပါသည်။ 


- **ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နာကျင်မှု (Physically):** ၎င်းကို အထူးပြောရန် မလိုဟု ထင်ပါသည်။ အကြောင်းမှာ အလွန်သိသာ၊ မြင်သာ ပါသည်။ သခင်ခရစ်တော်သည် လူသားများ၏ အပြစ်ကြောင့် ဒဏ်ရာဒဏ်ချက် ပေါင်းများစွာ ခံစားရသည်။ ဆေးပညာအရ ဒဏ်ရာဒဏ်ချက်ကို (၅) မျိုး ခွဲခြားထားသည်။  

  - တုံးသောလက်နက်ဖြင့် ထုရိုက်ခြင်း (တုတ်ဒဏ်ရာ)  

  - ဆုတ်ပြဲသည့် ဒဏ်ရာ (အသားအရေ ပြဲခြင်း)  

  - နက်ဝင်သည့် ဒဏ်ရာ (ဆူးခေါင်းရစ် အတင်းစွပ်ခြင်း)  

  - ထိုးဖောက်သည့် ဒဏ်ရာ (သံမှိုနှက်ခြင်း)  

  - ခုတ်ရှသည့် ဒဏ်ရာ (လှံဖြင့် ထိုးခြင်း)  


- **စိတ်ပိုင်းဆိုင်ရာ နာကျင်မှု (Mentally):** ပါးပုတ်ခံရခြင်း၊ တံတွေးထွေးခံရခြင်း၊ ရောမအကြီးအကဲ၊ ရောမစစ်သားများ၊ ယဇ်ပုရောဟိတ်များ၊ ကျမ်းတတ်ဆရာများ၊ ဓားပြတစ်ယောက်နှင့် အချို့သော လူပရိသတ်တို့၏ လှောင်ပြောင်သရော်သံများ၊ မထိတထိ မကြားတကြား ရယ်နေသံများကို ကိုယ်တော်ကြားနေရသည်။ ၎င်းတို့သည် ကိုယ်တော်အား စိတ်နာကျင်မှုကို ပေးနေကြသည်။  


- **ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှု (Spiritually):** ခမည်းတော် ဘုရားသခင်သည် သားတော်ဘုရားကို စွန့်ပစ်လေရော့သလားဟု ခံစားရသည်အထိ ဖြစ်ခဲ့သည်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူ၍ တွေ့ရပါသည်။ (ဆာလံ ၂၂:၁၊ မဿဲ ၂၇:၄၆)


#### ကျေးဇူးတရား၏ မဆပ်နိုင်သော တန်ဖိုး

ကျေးဇူးရှင် မိဘများ၏ ကျေးဇူးကို သားသမီးများက တစ်သက်လုံး ဆပ်တာတောင် “မိခင်နို့တစ်ဖက်ဖိုး မကြေ” ဟု မြန်မာမှုတွင် ဆိုထားပါသည်။ ဒဏ်ချက်တော် (ကိုယ်ခန္ဓာ) အားဖြင့် အနာရောဂါ ငြိမ်းခြင်း၊ ကျန်းမာခြင်း ဆုကို ပေးသည်။ အသွေးတော်အားဖြင့် အပြစ်လွတ်၍ ကယ်တင်ခြင်း ဆုကို ပေးသည်သာမက၊ ဤဘဝတွင်ပင် ကြွယ်ဝသော အသက်တာ (Abundant Life) ကို ပေးသည့် ခရစ်တော်၏ ကျေးဇူးတရားကို အဘယ်နည်းဖြင့် ဆပ်ကုန်နိုင်မည်နည်း။ ဆပ်၍ မကုန်နိုင်ပါ။ ဆရာကြီး (Studd) က “ခရစ်တော်ဘုရားက ကျွန်ုပ်အတွက် အသေခံပြီးဖြစ်၍၊ ခရစ်တော်အတွက် အသက်တာ ပြန်လည်ဆက်ကပ်ခြင်းသည် ဘယ်နည်းနှင့်မျှ မများလွန်းနိုင်” ဟု ဆိုပါသည်။


#### ဘုရား၏ အကြံအစည်တော်နှင့် ပရောဖက်ပြုချက်

ခရစ်တော် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် အစီအစဉ်မရှိ၊ မတော်တဆ (Accidentally) ဖြစ်လာခြင်း မဟုတ်ပါ။ ဘုရားသခင်၏ အကြံအစည်တော်အတိုင်း ဖြစ်လာခြင်း ဖြစ်သည်။ (ဟေရှာယ ၅၃:၄-၆၊ ဆာလံ ၂၂:၁၊ မိက္ခာ ၅:၁) တို့တွင် ပရောဖက်ပြုထားသည်အတိုင်း ပြည့်စုံလာရခြင်း ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ပရောဖက်ပြုချက်များ တစ်ခုပြီးတစ်ခု ပြည့်စုံလာသည်ကို ကျွန်ုပ်တို့ ငြင်း၍မရပါ။ 


သခင်ခရစ်တော် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူသည့်နေ့တွင်ပင် ပရောဖက်ပြုချက် (၃၃) ခု ပြည့်စုံကြောင်း သိရသည်။ (ဟေရှာယ ၅၃:၃) ပရောဖက်ပြုချက်ကို အခြေခံ၍ စပ်ဆိုထားသည့် ကဗျာတစ်ပုဒ်နှင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါသည်။


ကဗျာဖြင့် နိဂုံးချုပ်ခြင်း

ကြေကွဲခြင်း လူသားအမည်တွင်ရ၊  

ဘုရားသခင်၏ သားတော် ရင်နာစရာ၊  

ပျက်စီးသော အပြစ်သားများ ကယ်ဖို့ ကြွလာ၊  

ဟာလေလုယာ၊ ကယ်တင်ရှင်သခင်။  

ကြိမ်းမောင်းဆဲဆိုခြင်းနှင့် အရှက်တရား၊  

ငါ့ကိုယ်စား ဝင်ရောက် အစားထိုးရှာ၊  

အသွေးတော်ဖြင့် တံဆိပ်ခတ်၊ အပြစ်များ ကင်းလွတ်၊  

ဟာလေလုယာ၊ ငါ့ကယ်တင်ရှင်။  


နာမတော်ဖြင့် - အလ်လဂျာ  


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?