ဘေးကင်းလုံခြုံခြင်း
"ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်" (သုတ္တံ ၁း၃၃)။
ဤသမ္မာကျမ်းစကားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပြီး ယုံကြည်စွာလိုက်လျှောက်သူများအတွက် ရရှိမည့် ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကို ကတိပေးထားသည်။
နောဧသည် သူ၏ခေတ်ကာလတွင် ဘုရားသခင်နှင့် ဖြောင့်မတ်စွာ သွားလာနေထိုင်သူတစ်ဦးအဖြစ် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ခံရသူဖြစ်သည် (ကမ္ဘာဦး ၆း၉)။ ထိုအချိန်က လောကသည် အကျင့်ပျက်ခြစားမှုနှင့် ဒုစရိုက်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း၊ နောဧသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပြီး အခြားသူများနှင့် မတူပဲကွဲပြားစွာ နေထိုင်ခဲ့ပါသည်။
ဘုရားသခင်က နောဧအား လောကကို ဖျက်ဆီးမည့် ရေလွှမ်းမိုးခြင်းအကြောင်းနှင့် ထိုဘေးမှ ကယ်တင်ရန် သင်္ဘောတစ်စင်းဆောက်ရန် ညွှန်ကြားခဲ့သည် (ကမ္ဘာဦး ၆း၁၃-၁၄)။ ထိုအချိန်တွင် နောဧသည် မိုးရွာခြင်း သို့မဟုတ် ရေလွှမ်းမိုးခြင်းကဲ့သို့သော အရိပ်အယောင်များကို မမြင်ခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ စကားကို ယုံကြည်စွာ နားထောင်လျှက်သင်္ဘောကို တည်ဆောက်ခဲ့သည်။
နောဧ၏ နားထောင်ခြင်းသည် လွယ်ကူသောခရီးတစ်ခု မဟုတ်ခဲ့ပေ။ သင်္ဘောဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး၊ ထိုကာလအတွင်း သူ၏ပတ်ဝန်းကျင်မှ လူများက သူ့ကို အထင်သေးပြီး လှောင်ပြောင်ခဲ့ကြပေမည်။
သို့သော် နောဧသည် ဘုရားသခင်၏ ညွှန်ကြားချက်ကို စေ့စေ့စပ်စပ် နားထောင်လိုက်လျှောက်ခဲ့သည်။ "နောဧသည် ထာဝရဘုရားသခင် မှာထားသမျှတို့ကို ပြုလေ၏" (ကမ္ဘာဦး ၆း၂၂) ဟု ကျမ်းစာက ဖော်ပြထားသည်။ ဤနားထောင်ခြင်းကြောင့် နောဧနှင့် သူ၏မိသားစုသည် ရေလွှမ်းမိုးခြင်း၏ ဘေးရန်မှ လွတ်မြောက်ခဲ့ပြီး၊ ဘုရားသခင်က ကတိထားသည့်အတိုင်း ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်ရခဲ့သည်။
သုတ္တံ ၁း၃၃ ၏ ကတိစကားသည် နောဧ၏ ဘဝတွင် ပြည့်စုံခဲ့သည်။ သူသည် ဘုရားသခင်၏ စကားကို နားထောင်ခြင်းအားဖြင့် ဘေးရန်မှ ကာကွယ်ခြင်းခံရရုံသာမက၊ ရေလွှမ်းမိုးပြီးနောက် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်သော ဆက်နွယ်မှုတွင် ဘေးကင်း ငြိမ်ဝပ်စွာ နေထိုင်ခွင့်ရခဲ့သည်။ နောဧ၏ နားထောင်ခြင်းသည် ယုံကြည်ခြင်း၏ အနက်ရှိုင်းဆုံး သက်သေသာဓကတခုဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင်လည်း နောဧ၏ ဥပမာသည် ကျွန်ုပ်တို့အတွက် သင်ခန်းစာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းသည် ကျွန်ုပ်တို့၏ ဘဝများကို လုံခြုံစေပြီး၊ ဘေးရန်များကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်စေကာ၊ စစ်မှန်သော ငြိမ်သက်ခြင်းကို ရရှိစေသည်။
နောဧကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ စကားကို ယုံကြည်စွာ နားထောင်ပြီး လိုက်လျှောက်သောအခါ၊ သုတ္တံကျမ်း၌ ကတိထားသည့် လုံခြုံမှုနှင့် ငြိမ်ဝပ်မှုကို ခံစားရမည်ဖြစ်သည်။
JK (ရွှေခါနာန်)
Comments
Post a Comment