ဘုရားနှင့် အကျွမ်းဝင်ခြင်း

“ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏” (ဟောရှေ ၆:၆)။

ဤဗျာဒိတ်တော်စကားသည် ဘုရားသခင်၏ နှလုံးသားမှသူ၏အလိုဆန္ဒကို ထင်ရှားစွာ ဖော်ပြပါသည်။ ဘုရားသခင်သည် ပြင်ပကိုးကွယ်မှု ထုံးတမ်းစဉ်လာများထက် နှလုံးသားထဲက ရင်းနီစွာဆက်သွယ်ခြင်းကို ပို၍အလေးထားတော်မူပါသည်။
ယဇ်ပူဇော်ခြင်းနှင့် မီးရှို့ရာယဇ်များသည် ရှေးယခင်က ဘုရားသခင်နှင့် လူသားတို့၏ ဆက်နွယ်မှုကို ထင်ရှားစေသော သင်္ကေတများဖြစ်ခဲ့ပါသည်။ သို့သော် ဟောရှေမှတစ်ဆင့် ဘုရားသခင်က ထိုအရာများထက် အလိုတော်ရှိသည်မှာ ကျွန်ုပ်တို့၏ အသက်ရှင်သော ယုံကြည်ခြင်းနှင့် အတွင်းနှလုံးသား ဆက်သွယ်မှုဖြစ်ပါသည်။ ဘုရားနှင့် အကျွမ်းဝင်ခြင်းဆိုသည်မှာ သူ၏ဇာတိလက္ခဏာကို သိရှိခြင်း၊ သူ၏မေတ္တာကို ခံစားခြင်းနှင့် သူ၏အလိုတော်ကို နှလုံးသားနှင့် နာခံ အသက်ရှင်ခြင်းပင်ဖြစ်ပါသည်။
ဤအကျွမ်းဝင်ခြင်းသည် ဘုရားသခင်၏ ကရုဏာတော်နှင့် မေတ္တာတော်ကို နက်နက်နဲနဲ သိရှိခံစားရသူဖြစ်သည်။ ဘုရားသခင်ကို သိသူသည် သူ၏သနားကရုဏာတော်ကို နေ့စဉ်အသက်ရှင်မှုတွင် ထင်ဟပ်စေသည်။
ထုံးတမ်းဓလေ့များကို စွဲကိုင်ထားရုံဖြင့် ဘုရားနှင့် နီးကပ်မည်မဟုတ်ပေ။ သို့သော် အတွင်းနှလုံးသားကိုဖွင့်ဟပြီး၊ ဘုရားသခင်၏စကား နှုတ်ကပါတ်တော်ကို နားထောင်ကာ၊ သူ၏မေတ္တာတော်တွင် ကျင်လည်အသက်ရှင်သောအခါ ထိုအကျွမ်းဝင်မှုသည် နက်ရှိုင်းလာပါသည်။
ယနေ့ခေတ်ကာလတွင် ဘုရားသခင်၏နှလုံးသားနှင့် မျက်နှာတော်ကို ရှာသည်ထက် ကောင်းကြီးခံစားဖို့သာ ကိုးကွယ်လိုကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြည့်အဝပေးဆပ်မှုကို မလိုလားပါ၊ ကျွန်ုပ်တို့၏ အပြည့်အဝယုံကြည်မှုနဲ့ နာခံမှုကို လိုလားတော်မူပါသည်။
ဆုတောင်းခြင်းဖြင့် လည်းကောင်း၊ နှုတ်ကပါတ်တော်လေ့လာခြင်းဖြင့် လည်းကောင်း ဘုရားသခင်နဲ့ နက်ရှိုင်းစွာ ရင်းနီးသိကျွမ်းရန်၊ အချိန်ပေးပါက ကျွန်ုပ်တို့သည် ဘုရားနှင့် အမှန်တကယ် အကျွမ်းဝင်သူများ ဖြစ်လာမည်။
ဤအကျွမ်းဝင်ခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍တန်ဖိုးရှိပြီး၊ ဘုရားသခင်၏ နှစ်သက်မှုကို ရရှိစေပါသည်။
JK (ရွှေခါနာန်)

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?